ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

'' ဦးလာ '' အာလူးကြော်လုပ်ငန်းသို့ အလည်တစ်ခေါက်

  နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအဆင့်အတန်းများကို (SMEs) အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအပေါ် အစိုးရ၏အားပေးကူညီမှုနှင့် ယင်းတို့၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်ကြည့်လျှင် သိ နိုင်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အခန်းကဏ္ဍသည်လည်း များစွာအရေးပါပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေးတည်ငြိမ်မှုကို ကျဆင်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေမည်ဖြစ်ပါသည်။ နိုင်ငံ၏ထုတ်လုပ်မှုစွမ်းအား ပိုမိုတိုးတက်လာ စေရန်နှင့် GDP ပိုမိုတိုးတက်လာစေရန်တို့အတွက် ပြည်တွင်းရှိ SME များ ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်လာစေရန် စက်မှုလုပ်ငန်းကြီးများ၊ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသည့် စက်ရုံလုပ်ငန်းများနှင့် ပြည်တွင်းရှိ SME လုပ်ငန်းများအပြန်အလှန်ချိတ်ဆက် ဆောင်ရွက်နိုင်သည့် စက်မှုချိတ်ဆက်မှုမြှင့်တင်နိုင်ရေးသည် နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် အချက်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါတစ်ရပ်ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။

   ထို့ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ SME လုပ်ငန်းများလုပ်ကိုင်သူများအနက် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ဦးလာ အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။ ကုန်ပစ္စည်း၏အမည်မှာ ရိုးရိုးလေးနှင့်ဆန်းနေခြင်းသည် ကုန်စည်၏စွဲဆောင်မှုတစ်ခုပင်ဖြစ်နေပါသည်။ ဦးလာ အာလူးကြော်လုပ်ငန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက အစပြုခဲ့ပြီး  ကပ်ရောဂါအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရပြီး ကိုဗစ်-၁၉ ကာလအပြီးမှာတော့ တစိုက်မတ်မတ်ကြိုးစားမှုကြောင့် လုပ်ငန်း အောင်မြင်လာခဲ့သည်ဟုသိရပါသည်။

     ဦးလာ အာလူးကြော်လုပ်ငန်းကို ခေတ်စနစ်အရ ယခင်ကဲ့သို့ထင်းမီး၊ ဖွဲမီးများနှင့်ကြော်ခြင်း မဟုတ်ဘဲ ဂက်စ်ကိုအသုံးပြုပြီး ကြော်သောကြောင့် အလုပ်ရုံ၏သန့်ရှင်းမှုမှာ အလွန်ကောင်းမွန်သည်ကိုတွေ့ရပါသည်။ ဂက်စ်ကိုအသုံးပြုခြင်းကြောင့် မီးအနည်း/အများချိန်ဆမှုများမလိုအပ်ခြင်းနှင့် လုပ်သားအင်အားအများကြီးသုံးစရာမလိုခြင်းတို့ကြောင့် လုပ်အားစရိတ်များသက်သာသည်ကိုတွေ့ရပါသည်။ ဂက်စ်အိုးများကိုလည်း အလုပ်ရုံ၏အပြင်ဘက်တွင်ထားပြီး ဂက်စ်ထုတ်ပေးသည့်ပိုက်နှင့် အာလူးကြော်ရာမှထွက်သောညှော်နံ့များကို အိပ်ဇောပိုက်များနှင့်သေချာပြန်ထုတ်ထားတာကြောင့် အလုပ်ရုံကိုသန့်ရှင်းသပ်ရပ်စေပါသည်။ အာလူးများကို ခွာခြင်း/ခြစ်ခြင်းတို့ပြုလုပ်ရာတွင်လည်း စက်များကိုအသုံးပြုပြီး အာလူးခြစ်ကန်၊ အာလူးဆေးကန်များကို အဆင့်ဆင့် သေချာသပ်ရပ်စွာပြုလုပ်ထားပြီး ပိုးမွှားပေါက်ပွားလွယ်မှုများမဖြစ်အောင် အတတ်နိုင်ဆုံး စတီးများကိုသာအသုံးပြုထားသည်ကိုလည်းတွေ့ရပါသည်။ အာလူးကိုခြစ်ပြီးလျှင် အနံ့၊ အရသာ (ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်း၊ ငရုတ်သီးဆီ) များနှင့် အရသာရှိအောင် ပါဝင်ပစ္စည်းများ၏ အချိန်အဆအတိုင်းထည့်၍ ရောနယ်ပြီး Meizan အမှတ်တံဆိပ် ဆီကိုသာအသုံးပြု၍ ကြော်သည်ဟုသိရပါသည်။ အာလူးကြော်တွင် ထည့်သွင်းအသုံးပြုသည့် အနံ့၊ အရသာဖြစ်သော ငရုတ်ကောင်းနဲ့ ငရုတ်သီးကုန်ကြမ်းများကို မန္တလေးဘက်မှ မှာယူအသုံးပြုသည်ဟုသိရပါသည်။ ဦးလာ အာလူးကြော်ကို အပါး (အချို/အစပ်) နှင့် စကာ (အချို/အစပ်) ဆိုပြီး အရသာ (၂) မျိုး၊ အမျိုးအစား (၂) မျိုးတို့ဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်ဟုသိရပါသည်။

      အာလူးကြော်၏ အဓိကကုန်ကြမ်းဖြစ်သော အာလူးကို အောင်ပန်း၊ ဟဲဟိုးမှမှာယူပြီး အကောင်းဆုံးအာလူးအမျိုးအစား (ထိပ်စ) ကိုသာသုံးသည်ဟုသိရပါသည်။ တစ်ရက်လျှင် အာလူးပိဿာချိန် (၄၀) ကျော် (၅၀) ခန့်ရပြီး အော်ဒါရှိလျှင် ရှိသလောက် ကြော်ရကြောင်းသိရှိရပါသည်။ ကိုဗစ်-၁၉ ကာလမတိုင်မီတွင် တစ်ရက်လျှင် အာလူးပိဿာချိန် (၈၀) ခန့်အထိကြော်ရပြီး ကိုဗစ်-၁၉ ကာလအလွန်နောက်ပိုင်းတွင် ရောင်းအားမှာ အနည်းငယ်ကျသွားသည်ဟုလည်းသိရပါသည်။ အာလူးပိဿာချိန် (၄၀) ကိုကြော်လျှင် အာလူးကြော် (၃၀၀) ဂရမ်ထုပ် (၈၅) ထုပ်ခန့်ထွက်ပြီး (၉၀) ဂရမ်ထုပ် (၂၅၀) ကျော်ခန့်ထွက်သည်ဟုသိရပါသည်။ အာလူးတစ်ပိဿာကိုကြော်လျှင် ဆီ (၁၅) ကျပ်သားခန့်ကုန်ပြီး ပိဿာချိန် (၈၀) ကိုကြော်လျှင် ဆီ (၁၂) ပိဿာခန့်ကုန်သည်ဟုလည်းသိရှိရပါသည်။ စားသုံးသူများအတွက် ပါကင်အိတ်ကိုလည်း အကောင်းဆုံးပစ္စည်းများနှင့် အသေအချာလုပ်ထားကြောင်းတွေ့ရပါသည်။ အာလူးကြော်ပါကင်အိတ်ကုန်ကြမ်းများကို  တရုတ်ပြည်မှမှာယူ၍ မန္တလေးတွင် တစ်ဆင့်ပါကင်အိတ်စက်ရုံ၌ အိတ်နမူနာပုံစံပြ၍ မှာယူကြပါသည်။ နယ်ဝေးသို့ပို့သည့် ကတ္တူပုံးများကို  ပြည်တွင်းတွင်ပြုလုပ်သည့်ပုံးများကိုသာသုံးသည်ဟုသိရပါသည်။ ပါကင်အိတ်များတွင်လည်း စားသုံးသူများယုံကြည်စိတ်ချစွာစားသုံးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြပေးထားတာကိုလည်းတွေ့ရှိရပါသည်။ ကုန်စည်၏လိုအပ်သည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြပေးထားမှုကြောင့် စားသုံးသူများဝယ်ယူစားသောက်သည့်အခါ ကုန်စည်လုံခြုံစိတ်ချမှုကိုရရှိစေပါသည်။

   ဦးလာ အာလူးကြော်ကို (၃၀၀) ဂရမ်တစ်ထုပ်လျှင် (၅၀၀ဝိ/-) ကျပ်နှင့် (၉၀) ဂရမ်တစ်ထုပ်လျှင် (၁၅၀ဝိ/-) ကျပ်နှုန်းတို့ဖြင့် ဈေးကွက်တွင်းရောင်းချလျက်ရှိပါသည်။ ဦးလာ အာလူးကြော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်၊ သံဖြူဇရပ်၊ မြဝတီနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ နယ်ဝေးများသို့ပို့လျှင် ဦးလာ အာလူးကြော်၏ Logo အမှတ်တံဆိပ်ပါ ကတ္တူပုံးများဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ကတ္တူပုံးတစ်ပုံးလျှင် အာလူးကြော် (၃၀၀) ဂရမ်အထုပ် ၂၄ထုပ်၊ (၉၀) ဂရမ်အထုပ် (၈၀) ခန့် ဝင်ဆံ့သည်ဟုလည်းသိရှိရပါသည်။

    ဦးလာ အာလူးကြော်လုပ်ငန်းမှာ စားသုံးသူများအပေါ် စေတနာထားမှုများကြောင့် အချိန်ကာလတစ်ခုအတွင်း အောင်မြင်မှုရလာသည်ဟုလည်းသိရပါသည်။ ထုပ်ပိုးမှုတွင်လည်း ကုန်ပစ္စည်း၏ Logo အမှတ်တံဆိပ်မှာ ရိုးရှင်းပြီး ခေါ်ရလွယ်ကူခြင်း၊ ပါကင်ထုပ်မှာလည်း မျက်စိပသာဒရှိသောကြောင့် လက်ဆောင်ပေးရာတွင်လည်း မျက်နှာပန်းလှသကဲ့သို့ ရရှိသူမှာလည်း စိတ်ကျေနပ်မှုကိုရရှိစေပါသည်။ အာလူးကြော်မှာ အသက်အရွယ် (၂/၃) နှစ်အရွယ်မှစ၍ (၆၀/၇၀) အရွယ်ထိ အရွယ်သုံးပါးလုံးနှင့် ရဟန်း၊ ရှင်၊ လူများအားလုံးပါ စားသုံးနိုင်သည့်ကုန်စည်ဖြစ်၍ အာလူးကြော်ဈေးကွက်တွင် ကျယ်ပြန့်ပြီး ရေရှည်တည်တံ့နိုင်သောလုပ်ငန်းတစ်ခုဖြစ်၍ ပြည်နယ်၏ အောင်မြင်သော SME လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA( ရှမ်း)

ပေါ်ဦးပေါ်ဖျား ပြည်ဒန့်ဒလွန်သီးဈေးကွက်

   ပြည်ဈေးကွက်အတွင်း ယခုဇူလိုင်လဒုတိယပတ်မှစ၍ ဒန့်ဒလွန်သီးများ စတင်ထွက်ပေါ်လာပြီး ပြည်မြို့ပေါ်ဈေးကွက်သို့ ပြည်မြို့မြောက်ဘက်ချောင်းနားတန်းရွာနှင့် ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာရွာတို့မှ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

   ဒန့်ဒလွန်ပင်ကို စီးပွားဖြစ် စိုက်ပျိုးမှုများရှိသလို အိမ်တွင်းစားသုံးမှုအဖြစ် မိမိတို့အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများလည်းရှိကြပါသည်။ ဒန့်ဒလွန်ပင်တစ်ပင်လုံးသည် လွှင့်ပစ်စရာမရှိလောက်အောင် အဖိုးတန်လှသောအပင်ဖြစ်ပြီး ဒန့်ဒလွန်သီး၊ အရွက်၊ အပွင့် စသည်တို့တွင် ပိုတက်ဆီယမ်၊ သံဓါတ်၊ ပရိုတိန်း၊ ဗီတာမင် (အေ၊ဘီ၊စီ) ကယ်လဆီယမ်ဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး ဒန့်ဒလွန်သီးကို ပဲကုလားဟင်း၊ မန်ကျည်းမှည့်ချဉ်ရည်ဟင်း စသည်တို့ထဲတွင် ထည့်သွင်း ချက်ပြုတ်၍ စားသုံးကြပါသည်။

    ဒန့်ဒလွန်အရွက်ကို မြန်မာနိုင်ငံတွင် သွေးတိုးရောဂါသည်များ သွေးတိုးကျစေရေးအတွက် ဒန့်ဒလွန်ရွက်ကို ဟင်းချိုချက်၍ သောက်သုံးလေ့ရှိပြီး အခြားနိုင်ငံများတွင် ဒန့်ဒလွန်ရွက်ကို အခြောက်ခံ၍ အမှုန့်ပြုလုပ်ကာ ဟင်းရည်များထဲတွင် ထည့်သွင်းချက်ပြုတ်လေ့ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ ဒန့်ဒလွန် အပွင့်ကို ကြက်ဥနှင့်ကြော်၍လည်းကောင်း၊ ပုစွန်ခြောက်နှင့်ကြော်၍လည်းကောင်း၊ ချက်ပြုတ်စားသောက်ကြရာ အရသာမှာ မှိုနှင့်ဆင်တူကြောင်း လေ့လာသိရှိရပါသည်။ ဒန့်ဒလွန်ပင်၏ အခေါက်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့် အားလုံးတို့သည် ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံတော်တော်များများတွင် အသုံးပြုကြောင်းလည်း သိရှိရပါသည်။

   မြန်မာဆေးကျမ်းများအရ ဒန့်ဒလွန်သည် အနည်းငယ်ချို၍ ဖန်သောအရသာရှိပြီး အစာကြေလွယ်၊ နှုတ်ကိုမြိန်စေပြီး ဝမ်းမီးကိုတောက်စေကာ လေ၊ သလိပ်၊ သည်းခြေကိုနိုင်၍ အပူနာ၊ ရေဖျင်းနာ၊ အကြောအချဉ်ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး မျက်စေ့ကို အကျိုးပြုကြောင်း လေ့လာသိရှိရပါသည်။ ပြည်ဈေးကွက်အတွင်း ဒန့်ဒလွန်သီးအနေဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရကာ တစ်တောင့်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၃၀၀-၄၀၀)ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပဲစောင်းလျားသီး စိုက်ပျိုးဝင်ငွေတိုး

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ် စည်ပင်သာယာဈေးများသို့ ပဲစောင်းလျားသီးများ ဇွန်လနောက်ဆုံးပတ်မှစကာ ဝင်ရောက်မှုရှိလာပြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ဘယ်လတ်ရွာတွင် တစ်ရွာလုံးနီးပါး စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်ရှိ ကျန်ရှိသည့်ရွာများတွင် အနည်းငယ်စိုက်ပျိုးကြောင်းလည်းသိရပြီး ပြည်မြို့နယ်၊ ပျဉ်းပင်ကိုင်း၊ သဇင်လှ၊ မှော်ဇာစသည့်ရွာများတွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရပါသည်။ ပဲစောင်းလျားသီးကို တို့စရာအဖြစ်၊ ချဉ်ဖတ်အဖြစ်စားသုံးကြပြီး ပဲစောင်းလျားသီး နုနုလေးတွေကို ရေနွေးဖျော၍ ပါးပါးလှီးပြီး သံပုရာသီးညှစ်၊ ပုစွန်ခြောက်လေးထောင်းထည့်ကာ ဆီချက်နှင့် သုပ်စား၍သော်လည်းကောင်း၊ သီးစုံပဲကုလားဟင်းနှင့် ချဉ်ဟင်း၊ ဟင်းချိုထဲထည့်သွင်း ချက်ပြုတ်၍သော်လည်းကောင်း စားသုံးကြကြောင်း သိရပါသည်။

   ပဲစောင်းလျားသီးတွင် သံဓါတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် (A,B,C,E)၊ ဖောလိတ်ဓါတ်၊ ပရိုတင်းဓါတ်စသည့် သံဓါတ်မျိုးစုံနှင့် ဗီတာမင်မျိုးစုံပါဝင်သဖြင့် အရွယ်အတိုင်မီ ရင့်ရော်မှုကို ကာကွယ်ပေးပြီး အသားအရည်တင်းရင်းစေသည့်အပြင် ကယ်လိုရီပါဝင်မှု ပမာဏနည်းသဖြင့် ဝိတ်ချချင်သူများအတွက် အထူးစားသုံးပေးသင့်ကြောင်း၊ ဗီတာမင်စီပါဝင်မှုလည်းများသဖြင့် ကိုယ်ခံအားစနစ်အား ကောင်းစေကြောင်း၊ ကယ်စီယမ်ဓါတ်ပါဝင်မှုမြင့်မားသည့်အတွက်လည်း အရိုးများသန်မာစေပြီး ခွန်အားတိုးစေခြင်းနှင့် အာရုံကြောအားကောင်းစေသည့်အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်း စားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

    ပြည်မြို့ပေါ်ဈေးများတွင် တောင်သူများမှ ပဲစောင်းလျားသီး အတောင့်(၁၀၀)လျှင် ကျပ် (၁၀၀၀-၁၂၀၀)ကျပ်တို့ဖြင့်သွင်းရပြီး ဈေးသည်များမှ ပြန်လည်းရောင်းချရာတွင် (၁၀၀)တောင့်လျှင် အကြီး/ အသေးခွဲခြား၍ ကျပ် (၁၅၀၀-၁၈၀၀-၂၀၀၀)တို့ဖြင့် ပြန်လည်ရောင်းချပြီး လက်လီ (၅)တောင့် စည်းတစ်စည်းလျှင် ကျပ်(၁၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း သိရပါသည်။ ပဲစောင်းလျားသီး အမြစ်ကျသွားလျှင် ပဲမြစ်တူးဖော်၍ ရောင်းချလို့လဲရသဖြင့် အမြစ်အထိဝင်ငွေ ရရှိသည့်အတွက် စီးပွားဖြစ် အကျိုးဖြစ်ထွန်းစေ၍ စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း တင်ပြရေးသားရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်ရှိ နွေစပါးဈေးကွက်

      ပြည်ခရိုင် နွေစပါးဈေးမှာ စတင်ထွက်ပေါ်ချိန်တွင် နွေစပါး(၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၄၇၀၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပြီး ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ဇူလိုင်လ၏ နွေစပါးဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၂၇၀၀၀၀)ကျပ်၊ နွေဆန်တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်ဈေးဖြင့် ဈေးကျခဲ့ပါသည်။ နွေစပါးမျိုးများအနေဖြင့် ပြည်ခရိုင်တွင် ရက်(၉၀)စပါး၊ ထိုင်းနှံကောက်၊ ရတနာတိုးစပါးများစိုက်ပျိုးပါသည်။ စပါးဈေးများမှာ ယခင်ကထက် ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်ပဝယ်လိုအားနည်းသည့်အတွက်ကြောင့်လည်း Exporter ဝယ်လက်များအဝယ်နည်းလာခြင်းကြောင့် စပါးဈေးကျဆင်းရခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံပင်

    ရှမ်းနံနံပင်(သို့မဟုတ်) ကုလားနံနံဟုခေါ်သော ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးဖြစ်ပါသည်။ ရှမ်းနံနံပင်အား စိုက်ပျိုးရာတွင် ရာသီဥတုအနေဖြင့် ပူနွေးစွတ်စိုသော ရာသီ ဥတုကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းနံနံကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပါသော်လည်း လေဝင်လေထွက်ကောင်းပြီး သဲဆန်သော နုန်းမြေများတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းစေပါသည်။ ရှမ်းနံနံပင်အား စတင်မစိုက်ပျိုးမှီ အပင်များအတွက် အာဟာဓါတ် ကောင်းမွန်စွာရရှိစေရန် မြေပြုပြင် ထားသော မြေကြီးများထဲသို့ မြေဆွေးနှင့် ဓါတ်မြေဩဇာများ ထည့်ပေးရပါသည်။ အပင်များ စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းဖြင့်လည်းကောင်း၊ ပင်အဖျားများအား ဖြတ်တောက်ပြီး အမြစ် အပိုင်းများအား ပြန်လည်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြပါသည်။

     ရှမ်းနံနံပင်သည် အရွက်ကိုစားသောက်ရသည့်အတွက် အရွက်ပြားများ ချောစေရန်အတွက် အရိပ်ကောင်းမွန်စွာရရှိရန် ဝါးခြမ်းအမိုးလေးများဖြင့် စနစ်တကျပြုလုပ်ပေးခြင်းဖြင့် အရွက်များကို ပိုမိုကြီးထွားစေပါသည်။ ရှမ်းနံနံပင်၏အနံ့သည် မွှေးကြိုင်စေသဖြင့် အသားဟင်းများ ချက်ပြုတ်ရာ တွင် အရွက်များအား ထည့်ပေးခြင်းဖြင့် ဟင်းအညှီအနံ့များ ပျောက်ပြီး မွှေးကြိုင်စေပါသည်။ ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန် စေပါသည်။ အရွက်ပြားများအား စနစ်တကျစားသုံးပေးလျှင် ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းပြီး အစာအိမ်အတွက်လည်း အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။  ထို့အပြင် အဆစ်အမြစ်များ ရောင်ရမ်းပြီး နာကျင်ခဲ့လျှင် နံနံအရွက်ပြားများအား ရေနွေးပူပူတွင်ထည့်ပြီး သောက်လျှင် သက်သာ ပျောက်ကင်းစေပါသည်။

    အပင်များအားစိုက်ပျိုးရာတွင် ပြာသိုလတွင် စတင်စိုက်ပျိုးပြီး ရက်(၃၀)ကြာလျှင် ပေါင်းမြတ် များကိုနှုတ်ပေးရသည်။ အဖူးများထွက်လာလျှင် ချိုးပေးရပါသည်။ သို့မှသာအရွက်များ ကြီးထွားနိုင်ပါ သည်။ မျိုးစေ့များအား ဝယ်ယူရာတွင် တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍ စိုက်ပျိုးရပါသည်။ နံနံပင်အား စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ဈေးကွက်အတွင်း စတင်ခူးယူ ရောင်းရပြီး တစ်နှစ် ပတ်လုံးခူးယူရောင်းချနိုင်ပါသည်။ ရှမ်းနံနံပင်စိုက်ပျိုးရာတွင် စီးပွားဖြစ် စိုက်ပျိုးခြင်း၊ မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းများပြုလုပ်ကြပါသည်။ ဈေးကွက်အနေဖြင့်လည်း ဈေးကွက်ရှိခြင်း၊ ပစ္စည်းတင်ပို့ရာတွင် လွယ်ကူခြင်းနှင့် တစ်နှစ်ပတ်လုံးရောင်းချရသဖြင့် ပုံမှန်ဝင်ငွေရရှိပါသည်။ တောင်တွင်းကြီးဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြောင်းသိရှိရပြီး ပြည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။  ဈေးကွက်အတွင်း ရောင်းချရာတွင် ကုန်စိမ်းဒိုင်များမှာ ရန်ကုန်၊ နေပြည်တော်၊ ကျောက်ပန်းတောင်းမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့နယ်စည်ပင်သာယာဈေးများတွင် ကျေးလက်ဒေသများရှိ ခြံထွက်များမှ ရှမ်းနံနံပင်(၃)ပင်ပါ တစ်စည်းလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

စားမကုန်အောင်သီးသည့် ရုံးပတီ

   ရုံးပတီသီးပင်ကို အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးကာလအနေဖြင့် ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာအသင့်တော်ဆုံး ဖြစ်ပါသည်။ ရုံးပတီပင်သည် ရေမဝပ်သော မြေမျိုးမှာပိုမိုဖြစ်ထွန်း၍ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီပင် စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်ပျိုးနိုင်သလို (၃/၄)ပေရှိသော စိုက်ဘောင်များပေါ် တိုက်ရိုက်စိုက်ပျိုးနိုင်ပြီး အမြင့်(၆)လက်မရှိသော စိုက်ဘောင်များကို မြေဆွေးထည့်၍ (၃)ပွင့်ဆိုင် ကျင်းတူးပြီး စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့ကို မစိုက်ပျိုးမီ ရေကို(၁၂)နာရီခန့်စိမ်ပေးပြီး ရေပေါ်မှာပေါ်နေသော အစေ့များကို ဖယ်ရှားပေးရပါသည်။ တစ်ကျင်းကို မျိုးစေ့(၃)စေ့စီထည့်၍ စိုက်ပျိုးရပြီး အပင်ထွက်လာလျှင် အသန်မာဆုံးအပင်ကိုချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရပါမည်။ စိုက်တန်းအတွင်း တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစီရှိပြီး ပျိုးပင်တွေကို ပြောင်းရွေ့စိုက်မည်ဆိုရင်တော့ အမြစ်မနာစေဖို့ အထူးဂရုပြုသင့်ပါသည်။ ပန်းပွင့်ချိန်နှင့် အသီးဖြစ်ချိန်မှာ ရေများများလိုအပ်ပြီး စီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင် စိုက်ပျိုးပြီး (၁၅)ရက်သားတွင်တစ်ကြိမ်၊ (၂၅)ရက်သားတွင်တစ်ကြိမ် ပေါင်းလိုက်ပေးရပါမည်။ တတ်နိုင်လျှင် နေ့တိုင်းပေါင်းလိုက်၊ မြေဆွပြီး အစိုဓါတ်လုံလောက်မှုရရှိဖို့ ရောင်းလောင်းပေးရပါသည်။ မြေဩဇာအဖြစ် နွားချေးများထည့်လျှင် ပိုကောင်း၍ ပန်းပွင့် တစ်ပတ်ကြာပါက အသီးများထွက်ရှိလာပြီး ခူးဆွတ်ရပါသည်။ အသီးတောင့်များသည် ရင့်လွယ်သည့်အတွက် ပူသည့်အချိန်တွင် နေ့တိုင်းခူးဆွတ်ရပါသည်။ ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် ပိဿာချိန် (၁၀၀၀မှ ၃၀၀၀)အထိ ထွက်ရှိနိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် ပြည်ဈေးကွက်တွင် (၄)တောင့်ကို (၂၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်း သီးနှုန်းဈေးနှုန်း၊ဈေးကွက်

    ပြည်ခရိုင်အတွင်း ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဈေးနှင့် (ကြူကုတ်) လက်လီတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဈေး ရှိပါသည်။ မန္တလေးနှင့် ရှမ်းပြည်နယ်များမှ သယ်ယူရောင်းချရသည့် အတွက် သယ်ယူစရိတ်များ ဈေးမြင့်နေခြင်း၊ အဝင်နည်းလာခြင်းတို့ကြောင့် ဈေးမြင့်နေရခြင်းဖြစ်ပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးကြောင်း သိရပါသည်။

    အာလူးသီးနှံအနေဖြင့် ယခင်ပတ်က တစ်ပိဿာလျှင် ၃၂၀၀ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၃၄၀၀ကျပ် ဈေးရှိပါသည်။ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ၂၀၀ ကျပ် ဈေးမြင့် လာရခြင်းမှာ အဝင်နည်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

  ကြက်သွန်နီအနေဖြင့် ယခုနှစ်စိုက်ပျိုးချိန်တွင် သွင်းအားစုဈေးကြီးမြင့်နေခြင်း၊ သယ်ယူခနှုန်းထားများ မြင့်တက်လာခြင်းများကြောင့် ယခင်နှစ်ထက် ဈေးမြင့်နေရခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း သီးနှံလှိုင်လှိုင်ပေါ်သည့် ကာလမဟုတ်သည့်အတွက် ဈေးမြင့်နေရခြင်းဖြစ်ပြီး အဝင်များပြီး လက်ကျန်များ ရှိနေသည့်အတွက် ဈေးငြိမ်လျက်ရှိပါသည်။

    ဟင်းသီးဟင်းရွက်ကဏ္ဍအနေဖြင့် ဒေသတွင်းစိုက်ပျိုးသည့် သီးနှံအနေဖြင့် စိုက်စရိတ် မြင့်မား လာခြင်းနှင့် သယ်ယူစရိတ်ဈေးမြင့်လာခြင်းတို့ကြောင့် ယခင်နှစ် ဈေးနှင့်နှိုင်းယှဉ်လျှင် ဈေးမြင့်လာရခြင်းဖြစ်ပြီး ခရမ်းချဉ်သီးအနေဖြင့် ရှမ်းသီးများမှာ ယခင်ပတ်များထက် အဝင်များလာသည့်အတွက် လက်လီတစ်ပိဿာလျှင် ၂၀၀၀ကျပ် ၊ လက်ကား တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပါသည်။

      မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲသီးနှံများအနေဖြင့် ရန်ကုန်ဝယ်လက်များပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်သည့်အတွက် ဈေးနှုန်းအနေဖြင့် ယခင်ပတ်နှင့်ယှဉ်လျှင် အနည်းငယ် ဈေးကျလျက်ရှိပါသည်။ 

   သားငါးကဏ္ဍအနေဖြင့် အစာဈေးများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် သယ်ယူစရိတ်များ ဈေးမြင့်လာခြင်းတို့ကြောင့် ယခင်နှစ်ဈေးနှင့်ယှဉ်လျှင် ဈေးနှုန်းမြင့်တက်နေရခြင်းဖြစ်ပြီး အမဲသား၊ ဆိတ်သား အသားဈေးများအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်နီ အဝင်နည်း

    ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လလယ်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံ အ၀င်နည်းနေပြီး မကွေးတိုင်း အောင်လံဘက်မှ ပိဿာချိန် (၇၀၀)၊ ဆိပ်ဖြူဘက်မှ ပိဿာချိန် (၂၅၀၀)၊ ကျောက်ပန်းတောင်းဘက်မှ ပိဿာချိန် (၁၅၀၀)ခန့် ရှိသဖြင့် ပိဿာချိန်ပေါင်း (၄၇၀၀)ခန့်သာ အဝင်ရှိနေသည်။ ယခင် နေ့စဉ် ပိဿာချိန် (၇၀၀၀)ခန့် ဝင်ရောက်မှုရှိခဲ့သဖြင့် ထက်ဝက်နီးပါးခန့် အဝင်နည်းသွားကြောင်းသိရသည်။ အရောင်းအဝယ်အနေဖြင့် အဝင်နည်းသဖြင့် ပုံမှန်ထက် ရောင်းဝယ်မှုနည်းပါး သွားကြောင်းသိရပြီး ဒေသတွင်းဝယ်လက်များ အိတ်ဆွဲ ဝယ်ရောင်းသမားများနှင့် ဧရာဝတီ၊ ရခိုင်၊ ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်တို့သို့ နယ်ကျော်၊ တိုင်းကျော် စီးဆင်းမှုများအဖြစ် ပုံမှန်ရောင်းဝယ်နေကြောင်းသိရသည်။ ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး)ကျပ် (၂၃၀၀/၂၂၀၀-၂၁၀၀/၂၀၀၀-၁၉၀၀) နှုန်းတို့ရှိပြီး လက်လီဈေး အသေးများတွင် ကျပ်(၂၅၀၀/၂၄၀၀-၂၃၀၀/၂၂၀၀)တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

 

ပြည်မြို့ ဖူးစားပြောင်းဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယအပတ်၌ ဖူးစားပြောင်းများလှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာ၊ တောင်လုံးညို၊ ဆင်မြီးဆွဲ၊ ဖိုးခေါင်ရွာတို့မှ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ပြည်မြို့နယ်အတွင်းဈေးကွက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို ဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အစေ့ထုတ်၍သော်လည်းကောင်း ရောင်းချကြပြီး တစ်ဖူးလျှင် (၃၀၀-၄၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ချင်းဈေးများဆက်လက်ကျဆင်း

     ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် အောင်ပန်းချင်းများ ပြည်ဈေးကွက်သို့ ပိဿာ(၃၀)ဝင်အိတ်၊ (၃၀၀)ခန့်ရှိပြီး ယခင်ဇူလိုင်လ ဒုတိယပတ်ကထက် အိတ် (၁၅၀)ခန့် ပိုမိုဝင်ရောက်လာပါသည်။ ယခုနှစ်သည် ချင်းဈေးကောင်းသည့်နှစ်ဖြစ်ပြီး ယခင်အပတ်တွင် ချင်းဈေး တစ်ပိဿာလျှင် (ပွဲရုံဈေး) (၉၀၀)ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်အထိဈေးကျခဲ့ပြီး၊ ယခုအပတ်တွင် ချင်းတစ်ပိဿာလျှင် (ပွဲရုံဈေး) (၄၅၀၀)ကျပ်၊ လက်လီဈေး (၈၀၀၀)ကျပ်နှင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပြည်ဈေးကွက်တွင် တစ်နေ့ကိုချင်းပိဿာချိန် (၅၀၀)ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်မှတစ်ဆင့် ဧရာဝတီနှင့် ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့လျှင် ပိဿာချိန် (၃၀၀)ခန့် တင်ပို့မှုရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း