ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပူပြင်းသောနွေရာသီတွင် တရုတ်နှင့်ထိုင်းမှ ဝင်ရောက်လာသော တာရှည်ခံဘုရားပန်းများ

   မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အတွက် ဘုရားပန်းများညှိုးနွမ်းပါက မသပ္ပာယ်၊ စိတ်တွင်မရွှင်လန်းဟု ထင်မှတ်၍ လဲလှယ်ကြပါသည်။ ယခုကဲ့သို့ ပူပြင်းသောရာသီတွင် ဒေသထွက် ဘုရားပန်းများမှာ ညှိုးနွမ်းလွယ်သည့်အတွက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသော ဘုရားပန်းများမှာ ရောင်းအားကောင်းလျက်ရှိပါသည်။

  တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသော နှင်းချယ်ရီ၊ စိန်မှုန်နှင့် တရုတ်နှင်းဆီ ပန်းများမှာ သာမန်အပူချိန်တွင် တစ်နှစ်နီးပါးတာရှည်ခံကြောင်းသိရသည့်အတွက် ယခုကဲ့သို့ ပူပြင်းသောနွေရာသီတွင် ဘုရားပန်းလှူရန် အထူးသင့်တော်သည့် ပန်းများဖြစ်ပါသည်။

     နှင်းချယ်ရီပန်း၊ စိန်မှုန်ပန်းနှင့် တရုတ်နှင်းဆီပန်း သုံးမျိုးလုံးမှာ ဘုရားပန်းအိုးတစ်အိုးစာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ခန့်သာ ကုန်ကျပါသဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဒူးရင်းသီးများ စတင်ရောင်းချနေပြီ

     တောင်ငူမြို့ရှိ သစ်သီးဆိုင်၊ ကုန်စုံဆိုင်နှင့် ပွဲရုံများသို့ တောင်ငူမြို့နှင့် အနီးတဝိုက်ရှိ ဒေသများမှ ထွက်ရှိသော ရာသီပေါ်သစ်သီးများ တင်ပို့ရောင်းချလျက်ရှိရာ တောင်ငူမြို့ ညောင်ပင်ဈေးနှင့် ကန်လမ်းရှိ သစ်သီးဆိုင်များတွင် ဒူရင်းသီးများ စတင်ဝင်ရောက်နေပြီ ဖြစ်ပါသည်။

     ဒူးရင်းသီး အသေးမှာ တစ်လုံးလျှင် ၆၀၀၀ ကျပ်၊ အလတ်မှာ ၉၀၀၀ ကျပ်နှင့် အကြီးမှာ ၁၂၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိပြီး ရာသီဥတုပူပြင်းသော်လည်း ဒူးရင်းသီးမှာ ပုံမှန်အတိုင်း ရောင်းရလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ စက်သုံးဆီဈေးနှုန်းကျဆင်းလာ

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဧပြီလပထမပတ်က 92 RON တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၅၅ ကျပ် ရှိခဲ့ပါသည်။

         ယခုဧပြီလနောက်ဆုံးပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၂၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ် ရှိခဲ့ပါသည်။

        သို့ဖြစ်ပါ၍ 92 RON မှာ ယခုလဆန်းပိုင်းကထက် တစ်လီတာလျှင် ၂၁၀ ကျပ်၊ 95 RON မှာ ယခုလဆန်းပိုင်းကထက် တစ်လီတာလျှင် ၁၇၀ ကျပ်၊ ဒီဇယ်မှာ ယခုလဆန်းပိုင်းကထက် တစ်လီတာ လျှင် ၇၅ ကျပ် နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၅၅ ကျပ် ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအနည်းငယ်အတက်အကျရှိ

       တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဧပြီလဆန်းပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၉၅၀၀၀ ကျပ်၊ ဧည့်မထဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်အိတ်လျှင် ၅၇၀၀၀ ကျပ် ယခုလကုန်ပိုင်းတွင် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လာပါသည်။

          မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ် ဖြင့် ဧပြီလဆန်းပိုင်းကအတိုင်း ဈေးနှုန်း တည်ငြိမ်နေပါသည်။

          ကြက်သွန်နီမှာ အသေး တစ်ပိဿာ ၁၀၀၀ ကျပ်၊ အကြီးတစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ ယခင်အပတ်က အသေး တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ အလတ် ၄၅၀၀ ကျပ်နှင့် အကြီး ၅၀၀၀ ကျပ် တို့ဖြင့် ဧပြီလဆန်းပိုင်းအတိုင်း ဈေးနှုန်း ကွာခြားကြောင်း သိရှိရပါသည်။

        ငရုတ်သီး အရှည်တောင့်မှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ အာလူးမှာလည်း တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိဖြင့် ဧပြီ လဆန်းပိုင်းကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

       မြေပဲဆံအနီမှာ  ဧပြီလဆန်းပိုင်းက တစ်ပိဿာလျှင် ၇၆၀၀ - ၈၀၀၀ ကျပ်ရှိရာမှ ယခု လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ မြေပဲဆံအဖြူမှာ တစ်ပိဿာ လျှင် ၇၀၀၀ ကျပ် တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲခြမ်းမှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၅၂၀၀ ကျပ်၊ ကုလားပဲလုံးမှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ယခုလကုန်ပိုင်းတွင် တစ်ပိသာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောက်တာဥ ပရကုန်ကြမ်းဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ပြီး ဈေးကွက်ရှိသော တောက်တာဥများ ရောင်းဝယ်လျက်ရှိရာ ဒေသခံကုန်သည်များမှ သာယာဝတီမြို့နယ်၊ ဝဲကြီးဆည်ဘောင်တဝိုက် ကျေးရွာများတွင် အဝယ်ဒိုင်ဖွင့်လှစ်ကာ တောက်တာဥ အများဆုံး ဝယ်ယူလျက် ရှိပါသည်။ ဖေဖော်ဝါရီလမှ ဧပြီလ ပထမပါတ်အထိ လှိုင်လှိုင်ရရှိပြီး ကုန်ချိန်ပိဿာ (၂သောင်း၊ ၃သောင်း) အထိရရှိကြောင်း သိရှိရသည်။

      တောက်တာဥ ပရေဆေးကုန်ကြမ်းအခြောက် ရရှိရန်အတွက် တောက်တာဥအစိုကို အရင်ဆုံး ပြုတ်ရ ပါသည်။ ပြုတ်ပြီးမြေပြင်ကျယ်တွင် ၂ပါတ်ခန့်နေလှန်းပေးရပါသည်။ တောက်တာဥအစို ခြောက်ပိဿာ နေလှန်းပါက အခြောက် တစ်ပိဿာခန့်ရရှိပြီး အခြောက်တစ်ပိဿာ (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်အထိ ဈေးရရှိသဖြင့်  မန္တလေး၊ ပြည် လက္ကားဒိုင်များသို့ တင်ပို့ရောင်းချရာ ကုန်ချိန်ရသ၍ ဈေးကွက်ရှိကြောင်း သိရပါသည်။

       ဈေးကွက်အရောက် တောက်တာဥအခြောက်ကုန်ကြမ်းများရရှိရန် လုပ်သားအမျိုးသား(၂)ဦး၊ အမျိုးသမီး (၁) ဦး အသုံးပြုရပြီး အမျိုးသားတစ်ဦး (၇၀၀၀) ကျပ် ၊ အမျိုးသမီးတစ်ဦး (၅၀၀၀) ကျပ် ပေးရကြောင်း ၊  တောက်တာဥအခြောက် တစ်ပိဿာ ရရှိရန် ကုန်ကျစရိတ်မှာ (၄၀၀၀) ကျပ် ခန့်ဖြစ်ပြီး အခြောက်တစ်ပိဿာ ပေါက်ဈေး မှာ (၅၅၀၀) ကျပ် ဖြစ်သဖြင့် တစ်ပိဿာ (၁၅၀၀) ကျပ် အမြတ်အစွန်းရှိကြောင်း သိရပါသည်။ လုပ်ငန်းကာလ (၃) လအတွင်း အစိုပိဿာ (၃၀၀၀၀) ခန့်ထွက်ရှိ၍ အခြောက်ပိဿာ (၅၀၀၀)ခန့် ရရှိသဖြင့် အကျိုးအမြတ်အားဖြင့် (၇၅) သိန်းခန့်ရရှိနေသော ဈေးကွက်ရှိ သီးနှံဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စပါးဈေးနှုန်းအနည်းငယ်မြင့်တက်

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စပါး(အဟောင်း)မှာ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဧပြီလ ဒုတိယပတ်တွင် စပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀) ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ တတိယပတ်တွင် (၁၆၃၀၀၀၀)ကျပ် ဈေးမြင့်တက်လာကြောင်း သိရှိရသည်။ ဈေးအနည်းငယ်မြင့်တက်ခြင်းမှာ  ဆန်ရောင်းလိုအားကောင်းမွန်ပြီး နွေစပါးပေါ်ဦးပေါ်ဖျားတွင် နှစ်စဉ်ဈေးနှုန်း အနည်းငယ်တက်ပြီး ပြောင်းလဲမှုရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

သင်္ကြန်လွန်ကာလ ဘူးသီးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလများအတွင်း  ဘူးသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀-၁၅၀၀-၂၀၀၀ကျပ် ဈေးပေါက်ခဲ့ပြီး သင်္ကြန်လွန်ကာလများတွင် ၅၀၀-၁၀၀၀-၁၃၀၀ကျပ်ထိ ပြန်လည်ကျဆင်းခဲ့ပါသည်။

       ဘူးသီးပင်ကို (နွေ၊မိုး၊ဆောင်း) သုံးရာသီလုံးစိုက်ပျိုးကြပြီး စင်တင်၍ဖြစ်စေ၊ မြေပြင်တွင်လွတ်၍ဖြစ်စေ စိုက်ပျိုးကြပါသည်။ ဘူးသီးကိုကြော်၊ လှော်၊ ချက်၊ ပြုတ် စားသုံးကြသလို အလှူပွဲ၊ မင်္ဂလာပွဲများတွင်လည်း အသားဟင်းလျာများနှင့်  ရောနှော ကျွေးမွေးလှူဒါန်းကြပါသည်။

     ယခုနှစ် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလများတွင် ရဟန်းခံ၊ ရှင်ပြု ၊ အလှူပွဲများ ပေါများခြင်းနှင့် ဘူးသီး အထွက်နည်းသွားခြင်းကြောင့် ဈေးတက်ခဲ့ခြင်းဖြစ်ပြီး သင်္ကြန်လွန်ကာလများတွင် ပြန်လည် ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်း ၊ ပေါက်ပေါက် ၊ ထန်းလျက်ဈေးကွက်

     ပဲခူးတိုင်း‌ဒေသကြီး ၊ နတ်တလင်းခရိုင် ၊  ဇီးကုန်းမြို့နယ်၊ ကျေးရွာအချို့တွင် ထန်းလျက်ချက်လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိရာ သာပေါင်းအုပ်စု ၊ ကံညီကိုကျေးရွာမှ ဇီးကုန်းပေါက်ပေါက် ၊  ထန်းလျက်များ လုပ်ကိုင်ဖြန့်ဖြူးနေသော ဒေါ်ကြည်မြင့်အား တွေ့ဆုံ၍ ရောင်းဝယ်ဖြန့်ဖြူး လုပ်ကိုင်နေမှု အခြေအနေများ ၊ ဈေးကွက်နှင့် ဝင်ငွေရရှိမှုအခြေအနေအား လေ့လာခဲ့ပါသည်။

       ဒေသတွင်း ကျေးရွာများတွင် လယ်ကန်သင်းပြင်များ၌ အစုလိုက် လည်းကောင်း ၊ တစ်ပင်ချင်း လည်းကောင်း အနီးကပ်ပေါက်နေသော ထန်းပင်များအား ထန်းလုပ်ငန်းလုပ်ကိုင်ရန် ထန်းတက်သမားများကို မြင်းခြံမြို့နယ်မှ ငှားရမ်းပြီး လွန်ခဲ့သောနှစ်ပေါင်း (၂၀) ခန့်က စတင်လုပ်ကိုင်ခဲ့ရာမှ ယခုအခါတွင် လက်လီ ၊ လက်ကားဖြန့်ဖြူးရောင်းချနေကြောင်း သိရှိရပါသည်။

      ထန်းလှီးချိန်သည် တန်ဆောင်မုန်းလမှ ကဆုန်လအထိ (၇)လဖြစ်ပြီး အပင်(၄၀)ခန့် လုပ်ကိုင်နေကြောင်း၊ တစ်လအတွင်းထန်းတက်ငှားခ (နှစ်သိန်းငါးသောင်း) ကျပ် ၊ မြူအိုးကောက်ခ- (တစ်သိန်း) ကျပ် ၊ထန်းလျက်ချက်ရန် ဖွဲကား (ဖောကား) တစ်စီး (တစ်သိန်း)ကျပ်နှုန်းဖြင့် တစ်လ (၃)စီးဖြင့် (သုံးသိန်း) ကျပ်ရှိပြီး မိသားစု (၄)ဦးနှင့် လုပ်ကိုင်ရာ တစ်လလျှင် ပျမ်းမျှ (ခုနှစ်သိန်း ငါးသောင်းခန့်) ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရပါသည်။

         တစ်ရက်လျှင်ထန်းလျက် (၁၅ မှ ၂၀) ပိဿာခန့် ထွက်ရှိပြီး တစ်လလျှင် ပိဿာ(၆၀၀) ခန့် ထွက်ရှိပါသည်။ ဇီးထန်းလျက်ကို ထန်းလျက် (၅)ပိဿာနှင့် ဇီးမှုန့် (၃)ပိဿာရော၍ ပြုလုပ်ရပြီး လိုအပ်သော ဇီးမှုန့်များကို တစ်ပိဿာ(၆၀၀)ကျပ် ဝယ်ယူရကြောင်း၊ အုန်းထန်းလျက်ကို ထန်းလျက် (၅)ပိဿာနှင့် အုန်းသီး (၃)လုံး ခန့်ဖြင့် ပြုလုပ်ရပြီး အုန်းသီး (၁)လုံး(၁၀၀၀) ကျပ်ဖြစ်ကြောင်း၊ ပေါက်ပေါက် ထန်းလျက်အား ထန်းလျက် (၅) ပိဿာနှင့် ပေါက်ပေါက် (၂)ပိဿာဖြင့် ပြုလုပ်ပြီး ပေါက်ပေါက် တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ဝယ်ယူရကြောင်း သိရပါသည်။ ထန်းလျက် (ဇီး ၊အုန်း၊ ပေါက်ပေါက်) တစ်ပိဿာလျှင် ဈေးနှုန်းတူ လက်လီ (၄၀၀၀) ကျပ် ၊  လက်ကား (၃၆၀၀) ကျပ်ဖြင့် ရန်ကုန် ၊ လက်ပံတန်း ၊ ကြို့ပင်ကောက် ၊နတ်တလင်း ၊ ဇီးကုန်းမြို့နယ်နှင့် ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မိသားစုဝင်(၄)ဦး လုပ်အားခတစ်လဝင်ငွေ (၁)ဦးလျှင် (၃၅၀၀၀၀)ကျပ် နှုန်းဖြင့် (၁၄)သိန်းခန့်ရရှိကြောင်း ဓာတုဆေးများမသုံးစွဲဘဲ ဒေသထွက် ထန်းပင်ကျရည်များအား ချက်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်။  

DOCA(ပဲခူး)

 

ကြက်သွန်နီဈေးနှုန်းအနည်းငယ်မြှင့်တက်

      ပဲခူးတိုင်းဒေသကြီး ၊  နတ်တလင်းခရိုင်  ၊ နတ်တလင်းမြို့နယ်တွင် ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီမှာ  ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဧပြီလ ပထမအပတ်တွင် ကြက်သွန်နီ (၁) ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ တတိယအပတ်တွင် ကြက်သွန်နီ (၁)ပိဿာ (၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။ ဈေးအနည်းငယ်မြင့်တက်လာရခြင်းမှာ ဝယ်ယူသူများပြားခြင်း ၊ ဝယ်ယူသိုလှောင်သူများပြားခြင်း၊ တစ်ဆင့်ပြန် ရောင်းသူများမှလည်း ရွာအရောက်ဝယ်ယူခြင်းများ ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပင်းတယ အာလူးခြောက်ဈေးကွက် အခြေအနေ

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကြေးတွင်းကုန်းကျေးရွာတွင် ဒေသထွက် အာလူးများကို အာလူးခြောက်အဖြစ်ပြုလုပ်၍ ရိုးရာအစားအစာ အဖြစ်လည်းကောင်း၊ ဒေသထွက်လက်ဆောင်အနေဖြင့်လည်းကောင်း တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိပါသည်။ အာလူးခြောက်ပြုလုပ်သည့်နည်းလမ်းမှာ ပထမအဆင့်အနေဖြင့် အာလူးများ အနံ့ပျောက်စေရန်အတွက် လှီးထားသော အာလူးချပ်များကို ရေဖြင့် သုံးထပ် လေးထပ် ဆေးပေးရပါသည်။ပြီးနောက် ရေနွေးဆူဆူထဲတွင်ဆား၊အရသာမှုန့်သင့်ရုံထည့်၍ အာလူးများကိုထည့်ကာ သမအောင်မွေပြီး (၁၀)မိနစ်ခန့်ပြုတ် ပေးရပါသည်။ အာလူးခြောက်ပြုလုပ်ရာတွင် အာလူးပြုတ်ခြင်းသည် အဓိက ကျပြီး မပျော့လွန်း၊ မမာလွန်းအနေအထားတွင် အာလူးချပ်များကို ဆယ်ယူပြီး နေပူပူတွင် တစ်ချပ် ချင်း ခပ်ခွာခွာအနေအထားဖြင့် ခြောက်သွေ့သည်အထိလှန်းပြီးလျှင် အာလူးခြောက်များကို ရရှိပါသည်။

 ပင်းတယအာလူးခြောက်ကို ကြော်စားသည့်အခါ ပုံမှန်စားနေကျ အာလူးကြော်များနှင့်မတူဘဲ အရောင်ဖြူကာ အသားထူ၍ စားကောင်းသောကြောင့် ပင်းတယဒေသတွင်း၌သာမက ပင်းတယသို့ လာရောက်လည်ပတ်သည့်ခရီးသွားဧည့်သည်များကလည်း အထူးကြိုက်နှစ်သက်ကြပြီး ဒေသထွက်လက်ဆောင်များအဖြစ် ဝယ်ယူမှုများပြားလျက်ရှိနေကြောင်း သိရှိရပါသည်။ ဈေးနှုန်း များအနေဖြင့် ပင်းတယအာလူးခြောက် တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀) ခန့်ပေါက်ဈေးရှိပြီး လက်လီအထုပ်ငယ်များအနေဖြင့် တစ်ထုပ်လျှင် ကျပ်(၂၅၀၀)မှ (၃၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိပြီး တောင်ကြီး၊ ရန်ကုန် ၊မန္တလေးမြို့ကြီးများနှင့် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း