ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့ဒေသထွက် ပဲမုန့်အမျိုးမျိုး ဈေးနှုန်း ဈေးကွက်

   မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးရှိသည် မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် အများသူငါများကို လက်ဆောင်အဖြစ်လည်းကောင်း၊ ကန်တော့ရာတွင်လည်းကောင်း လက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုး ဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊ ကျားအငံမုန့်၊  ဓနဟိန်း ပဲမုန့်၊ ဘဲဥမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။

   ပဲမုန့်ဈေးနှုန်းအနေဖြင့် ၆-၅-၂၀၂၅ ရက်နေ့ ရောင်းချမှုဈေးနှုန်းမှာ ကျားပဲမုန့် ၁ထုတ် ၂၅၀၀ကျပ်၊ ကျားပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၅၀၀၀ကျပ်၊ ကျားပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၅၀၀၀ကျပ်၊ ကျားအငံမုန့် ၁ထုတ် ၂၇၀၀ကျပ်၊ ကျားအငံဘူးသေး  ၆ထုတ်ပါ ၁၆၂၀၀ကျပ်၊ ကျားအငံဘူးကြီး ၁၀ထုတ်ပါ ၂၇၀၀၀ကျပ်၊ ကျားဘဲဥမုန့် ၁ထုတ် ၂၄၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၂၀၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၄၀၀၀ကျပ်၊ ကျားကိတ်မုန့် ၁ထုတ် ၄၉၀၀ကျပ်၊ ကျားကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၄၇၀၀ကျပ်၊ ကျားဖရုံယို ၁ထုတ် ၂၆၀၀ကျပ်၊ ကျားဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး ယခင် ဖေဖော်ဝါရီလ ဈေးနှုန်းဖြင့် နှိုင်း ယှည်ပါက မုန့်အမျိုးအစားအလိုက် တစ်ခုကို ၅၀၀ကျပ် ဈေးမြင့်လာတက်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ဒေသထွက် ငါးချဉ် ဈေးနှုန်းဈေးကွက်

    မအူပင်မြို့တွင် ငါးချဉ်ရောင်းချသူများ ရှိပြီး နေ့စဉ် တစ်နှစ်ပတ်လည်လုံး ငါးချဉ် ထွက်ရှိ၍ ရောင်းချနေကြောင်း သိရသည်။ ငါးချဉ်မှာ ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် များကို ဒေသထွက် ငါး၊ ပုစွန် များဖြင့်သာ ပြုလုပ်ကြောင်း သိရသည်။ မြစ်ချောင်း၊ အင်းအိုင်များမှ ရရှိပြီး ဒေသတွင်း ထုတ်လုပ်သူ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် တံဆိပ် အမျိုးမျိူးဖြင့် ဒေသတွင်းနှင့် အခြားမြို့နယ်နှင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြသည်။

    ၂၀၂၅ခုနှစ် မေလအတွင်း ငါးခုံးမချဉ် ၁၀သား ဈေးနှုန်း ၁၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပုစွန်ချဉ် ၁၀ဆယ်သား ၁ထုတ်လျှင် ငွေကျပ် ၆၀၀၀/-ဖြင့်လည်းကောင်း ၊ ငါးဖယ်ချဉ် ၁၀သားထုတ် တစ်ထုတ်လျှင် ၅၀၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ငါးချဉ်လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ငါးချဉ်များကို အချဉ်သိပ်ရန် ၂ရက်မှ ၅ရက်အတွင်း အချဉ်သိပ်၍ ဈေးကွက်အတွင်းရောင်းချပြီး ဆိုးဆေးမပါပဲ သဘာဝအတိုင်း ငါး၊ ပုစွန်ဖြင့်သာ ထုတ်လုပ်ကြောင်း မအူပင်မြို့အခြေပြု ထုတ်လုပ်ရောင်းချလျက်ရှိသော ပုဇွန်ချဉ် အမှတ်တံဆိပ်များတွင် (ဒေါ်နီ)ပုဇွန်ချဉ်၊ ကစ်ကစ် ပုဇွန်ချဉ်လုပ်ငန်း၊ မလွင် ပုဇွန်ချဉ် နှင့် ကျုံမငေး ကျေးရွာများမှ ငါးချဉ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် မင်းဂွတ်သီး ဈေးကွက်အခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရာသီစာသီးနှံဖြစ်သည့် မင်းဂွတ်သီးများ ဈေးကွက်သို့ အလုံးအရင်းဝင်ရောက်လျက်ရှိပြီး ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်သည်များ အကြား အရောင်းအဝယ်စည်ကားလျက်ရှိသည်။ မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရပြီး အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးဖြစ်ပြီး အာဟာရ ပြည့်ဝစွာ ပါဝင်နေကာ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးဖြစ်ပါတယ်။ အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးများမှ သယ်ယူရောင်းချကြပြီး ပုသိမ်မြို့နယ်ရှိ ဈေးများတွင် နေ့စဉ်ရောင်းချမှုများ ရှိနေသည်။

     ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသည့် မင်းဂွတ်သီးများကို အရွယ်အစားနှင့် အရည်အသွေး အလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး တစ်လုံးလျှင် (ကြီး/လတ်/သေး) (၁၀၀၀/၇၀၀/၅၀၀) ကျပ်နှုန်း ဖြင့်  ရောင်းချနေကြောင်း သိရသည်။ မင်းဂွတ်သီးကို အဓိကအားဖြင့် ဒေသခံများ၊ သစ်သီးဆိုင်များနှင့် အချိုပွဲလုပ်ငန်းရှင်များက ဝယ်ယူကြပြီး ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားသို့တင်ပို့မှုများလည်း အနည်းငယ်ရှိသည်။ မင်းဂွတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် စားသုံးမှုပုံစံမျိုးစုံကြောင့် နွေရာသီတွင် ဝယ်လိုအားပိုမိုမြင့်တက်လာသည်ဟု ဒေသခံကုန်သည်များက ဆိုသည်။ ထို့အပြင် ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တို့အပေါ် မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာခြားမှုများရှိနိုင်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်တွင် မန်ကျည်းသီးမှည့် ဈေးကွက်အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း မန်ကျည်းပင်များ သဘာဝအလျောက် ပေါက်ရောက် မှုများရှိပြီး ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ စုဆောင်းရောင်းချလျက်ရှိကြောင်း သိရသည်။ မန်ကျည်းသီးမှည့်ကို အစေ့ပါနှင့် အစေ့လွတ်ဟူ၍ နှစ်မျိုးခွဲခြားထားရာ အစေ့လွတ်မန်ကျည်းမှည့်များက ဈေးကွက်တွင် ပိုမိုဝယ်လိုအားရှိကြောင်း၊ အကြောင်းမှာ အစေ့ထုတ်ပြီး အဆင်သင့်သုံးစွဲနိုင်ခြင်း၊ အကြောသင်ခြင်း၊ ချက်ပြုတ်ရာတွင် အဆင်ပြေခြင်းတို့ကြောင့် ဖြစ်သည်။

   ပုသိမ်ခရိုင်အတွင်း မန်ကျည်းသီးမှည့်ကို အဓိကအားဖြင့် ဒေသခံအကြော်ဆိုင်များ၊ အဖျော် ယမကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်တွင်းအသုံးပြုသူများက ဝယ်ယူလျက်ရှိသည်။ ဧပြီလ ဒုတိယပတ်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀၊ (၅၀)ကျပ်သားလျှင် ကျပ် ၅,၀၀၀၊ အစေ့ပါမန်ကျည်းသီးမှည့်မှာ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၅,၀၀၀ အထိ ရောင်းချနေကြောင်း ဒေသခံရောင်းချသူများထံမှ သိရသည်။

    ဈေးနှုန်းကွာခြားရခြင်းမှာ အစေ့လွတ်မန်ကျည်းမှည့်အား လူကြိုက်များပြီး လုပ်အားပိုမို လိုအပ်သောကြောင့် ဖြစ်သည်။ ထို့အပြင် မန်ကျည်းသီးမှည့်ကို ဒေသအတွင်း စားသောက်ကုန်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး ပြည်ပသို့တင်ပို့မှုအနည်းငယ်ရှိကြောင်း ကုန်သည်များက ဖြည့်စွက် ပြောကြားသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် နေကြာသီးနှံဈေးနှုန်း ပြောင်းလဲမှုများရှိ

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးများ စိုက်ပျိုးရောင်းချမှုများ ရှိနေပြီး၊ မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းရာသီတွင် အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးကာ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းလေ့ရှိပြီး၊ ဒေသအတွင်း ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြစသည့် မြို့များရှိ ကုန်စည်ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

   နေကြာစိုက်ပျိုးရာတွင် ဒေသအလိုက် မျိုးစေ့ရွေးချယ်မှုနှင့် စိုက်ပျိုးနည်းစနစ်ကွဲပြားမှုကြောင့် အထွက်နှုန်းလည်း ကွာခြားကြောင်း သိရသည်။ ဈေးနှုန်းအရ ဧပြီလစတုတ္ထပတ်အတွင်း နေကြာ (၁) တင်းလျှင် ကျပ် ၅၇,ဝဝဝ ဖြင့် ရောင်းချခဲ့ရာမှ မေလပထပတ်တွင် ကျပ် ၅၅,ဝဝဝ အထိ ကျဆင်း သွားကာ တစ်တင်းချင်းလျှင် ကျပ် ၁,ဝဝဝ ခန့် လျော့နည်းလာကြောင်း ဒေသခံ ကုန်သည်များက ပြောကြားသည်။

    ထိုသို့ ဈေးနှုန်းအတက်အကျရှိရာတွင် ပြည်တွင်းဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်နှင့် ရာသီဥတုအခြေအနေတို့က အဓိကလွှမ်းမိုးနေသည်ဟု ဆိုသည်။ နေကြာဆီနှင့် စားသုံးကုန် လုပ်ငန်းများအတွက် ဒေသအတွင်း ဝယ်လိုအားမြင့်မားမှုကြောင့် စိုက်ပျိုးသူများ အနေဖြင့် ဈေးကွက် အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းရှိထန်းလျက်၊ ပေါက်ပေါက်လုံး၊ ကရေရာ၊သကြား၊ ကြံသကာဈေးနှုန်းများ

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ မြို့မဈေးထဲတွင် ရောင်းချနေသော ထန်းညက်ဈေးနှုန်းမှာ ရေစကြိုထန်းလျက် (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ သကြားထန်းလျက် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ထန်းလျက်အချွန် (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဇီးထန်းလျက် (သကြား) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မုန့်လုပ် ထန်းလျက်(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဇီးထန်းလျက်(ရိုးရိုး) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အုန်းထန်းလျက် (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပေါက်ပေါက်လုံး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကရေကရာ (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ် ကြံသကာ တစ်ပိဿာ (၁၀၀၀၀)ကျပ်နှုန်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၏ သား၊ငါးဈေးနှုန်းနှင့် အခြေခံကုန်ဈေးနှုန်းများ

     ပေါင်းတည်မြို့ရှိရွေတည်ဈေးနှင့် မြို့မဈေးတွင် ယခု ဧပြီလ ပထမအပတ်အတွင်းရောင်းချနေ   သော သား၊ ငါးဈေးနှုန်းနှင့် အခြေခံကုန်းဈေးနှုန်းများမှာ CPကြက် တစ်ပိဿာ (၂၃၀၀၀)ကျပ်၊ ဗမာ   ကြက်တစ်ပိဿာ (၂၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ (၂၃၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၃၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်ကြီး တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ (၂၃၀၀၀)ကျပ်၊ အခြေခံစားကုန်များဖြစ်သော ကြက်သွန်နီ ထိပ်စ တစ်ပိဿာ (၃၀၀၀)ကျပ်၊ အသေးတစ်ပိဿာ   (၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာ (၃၅၀၀၀)ကျပ်၊ အာလူးအကြီး တစ်ပိဿာ (၈၀၀၀)ကျပ်၊ အာလူးအသေး တစ်ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းစုံစမ်းသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိကြက်ဥဈေးနှုန်း

     နတ်တလင်းမြို့နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံး တင်သွင်းကြပြီး  ယခင် မတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးတစ်လုံးလျှင်  (၅၅၀)ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် (၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံး လျှင် (၄၅၀)ကျပ် ၊ ဥလတ် (၄၃၀)ကျပ်၊ ဥသေး (၄၀၀)ကျပ်ရှိကြောင်းသိရှိရပြီး ဧပြီလ ပထမအပတ်တွင် ယခင်ဈေးနှုန်း များအတိုင်း အရောင်းအဝယ် ပြုလုပ်နေပါကြောင်းနှင့် ဈေးနှုန်းအပြောင်းအလဲမရှိပဲ ဈေးနှုန်းတည် ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော ရာသီစာဂွေးတောက်ရွက်ဈေးနှုန်း

          မြင်းခြံမြို့ပေါ်ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ် ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ပေါ်ဦးပေါ်ဖျားဂွေးတောက်ရွက်ကို ကြက်ဉဖြင့်ရောကြော်၍လည်းကောင်း၊ ကြက်သားဖြင့် ဟင်းရည်ချက်၍လည်းကောင်း ၊ ငါးပိရည် ငံပြာရည်ချက်တို့နှင့် အတို့အမြှပ်ဖြင့်လည်းကောင်း၊ ဘယာကြော်နှင့်ရောနှောချက်ပြုတ်၍လည်းကောင်းစားသုံးကြရာ လွန်စွာမှ ထမင်းမြိန်စေပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အေးမြသီတာဈေးတွငရောင်းချနေသည့် ဂွေးတောက်ရွက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် သမုန်းကိုင်း၊ ပျော်ဘွယ်၊ စံပြကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ပဲပင်ပေါက် ဈေးနှုန်းဈေးကွက်

        ပဲပင်ပေါက်သည်ရာသီမရွေးရောင်းချသော ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲတီစိမ်းကို ပဲတီအပင်ဖောက်၍ ရောင်းချရာ အပင်ဖောက်ရာတွင်လည်း အသစ်ပေါ်သော အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာ ရွေးဝယ်ပြီး ပဲတီပင်ဖောက်ကြ ကြောင်းသိရှိ ရပါသည်။ပဲပင်ပေါက်ကို ကန်စွန်းရွက်နှင့် ရောကြော်စားခြင်း၊ ပဲပင်ပေါက်အချဉ်သိပ်၍ ပဲပင် ချဉ်ပြုလုပ်၍လည်းကောင်း၊ ပဲပင်ပေါက်ကို ဟင်းရည်အမျိုးမျိုးတွင် ထည့်၍ စားသောက်ခြင်းဖြင့်လည်းကောင်း၊ အသုပ်စုံတွင်ထည့်၍လည်းကောင်း စားသုံးများပြားသည့် အသီးအနှံဖြစ်ပါသည်။  မြင်းခြံမြို့ အေးမြသီတာဈေး၊ စံပြဈေးတို့တွင် ပဲပင်ပေါက်ဈေးနှုန်းမှာ (၂၅)ကျပ်သား (၇၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း