ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို၏ ပဲသီးတောင့်ရှည်

                 မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စပါးခင်း၏ ကန်သင်ရိုးတွင် စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အပိုဝင်ငွေရရှိရန် တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာ ယာဈေး၊ အေးမြသီတာ ဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ပဲသီးကို ကြက်ဥနှင့်ကြော်စား၍ လည်းကောင်း၊ ငါးဖယ်ခြစ်နှင့်ချက်စား၍လည်းကောင်း၊ ပဲသီးအစပ်ချက်ချက် စား၍လည်းကောင်း၊ ပဲသီးပြုတ်၍ မြေပဲဆံထောင်း၊ ပဲကျက်မှုန်နှင့် ကြက်သွန်ဖြူဆီချက်ဖြင့်သုပ် ၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု နိုဝင်ဘာလ ပထမပတ်တွင် ပဲသီးတောင့်ရှည်များ ခူးဆွတ်ရာသီကုန်သွားပါသဖြင့် မိတ္ထီလာမှ ဝယ်ယူရောင်းချကြောင်း၊ မိတ္ထီလာမြို့မှ ပဲသီးသည် အတောင့်ချောပြီး ဒေသထွက်ပဲသီးထက် ပို၍ရှည်ကြောင်း သိရသည်။နိုဝင်ဘာလ ပထမပတ်တွင် ပဲသီးတောင့်ရှည်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင်  (၁၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၃၅၀၀/၄၀၀၀) ကျပ်ဈေးရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

ပေါက်ပန်းဖြူ၊ နီ အသုံးဝင်ပုံနှင့်ဈေးနှုန်း

                       ပေါက်ပန်းဖြူရွက်သည် ဆီးနီ၊ဆီးနည်းရောဂါများအတွက် ဟင်းချက်စား၍လည်းကောင်း၊ အပွင့်ကိုကြော်စားသော်လည်းကောင်း၊ ချက်စားခြင်းဖြင့်လည်းကောင်း ဆီးရောဂါသက်သာ စေနိုင်ခြင်း၊ အရွက်နှင့်အပွင့်ကို မကြာခဏ ပြုတ်ပြီးတို့စားပေးလျှင် သည်းခြေရောဂါ၊ ကျောက်ကပ် တွင်ကျောက်ရှိသူများ သက်သာစေခြင်း၊ ပေါက်ပန်းဖြူပွင့်ကို သုပ်စားခြင်းဖြင့် မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါ သက်သာစေခြင်း ပေါက်ပန်းဖြူရွက် သတ္တုရည်ကိုအုံပေးပါက အပူလောင် တာသက်သာစေခြင်း၊ ပေါက်ပန်းဖြူအပွင့်၏ သတ္တုရည်ကိုမျက်စိခပ်ပေးပါကမျက်စိမှုန်၊ မျက်စိဝေ သက်သာစေခြင်း၊ အဆစ်ရောင်ရောဂါဝေဒနာခံစားနေရပါက ပေါက်ပန်းနီ၏အမြစ်ကို သွေးလိမ်း ပေးခြင်းဖြင့် သက်သာစေခြင်း၊အပွင့်သို့မဟုတ်အရွက်ကိုအရည်ညှစ်ယူ၍ အရည်ကိုခေါင်းမကိုက်သော တစ်ဘက်ရှိ နှာခေါင်းမှရှူပေးပါကပျောက်ကင်းစေခြင်း၊ အပွင့်ကိုပြုတ်စားပါက ကြက်မျက် သင့်ရောဂါပျောက် ကင်းစေခြင်း၊ အရွက်၏သတ္ထုရည်တွင် ဂျင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့ကို အတူရော၍ ရှူပေးပါက စိတ်ပျံ့လွင့်မှုသက်သာစေခြင်း တုတ်ကွေးဖျားရိုးရိုးဖျားခြင်းများအတွက် ပေါက်ပန်းဖြူ အရွက် ကို ကြက်သွန်နီနှင့် ကြော်စားပေးပါက သက်သာစေနိုင်ကြောင်း စာပေများမှ ဖတ်ရှုလေ့လာသိရှိရပြီး၊ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချသော ပေါက်ပန်းဖြူဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)       

 

ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

        စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများဆိုက်ကပ်ပြီး ၂၂.၁၁.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် MT . BAUHINIA V.10/25OP သင်္ဘောဖြင့် Star 02 ဆီကန်သို့   2900 MT၊ Star 04 ဆီကန်သို့ 2400 MT စုစုပေါင်းတန်ချိန် 5300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

   ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၄၆၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၅၃၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၉၅၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၁၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

    ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၄၇၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၅၅၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၉၀၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီ တာလျှင် (၃၃၇၀) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီ တာလျှင် (၁၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် (၄၅) ကျပ်စီဖြင့် ဈေးနှုန်းများကျဆင်းလာပြီး ပရီမီယမ်ဒီဇယ် တစ်လီတာ လျှင်(၅၀)ကျပ်အနည်းငယ် တက်လာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၄၈၂ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၅၆ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၄၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၇၆ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၈၇ နှင့် ဈေးနှုန်းများမှာ ၄၅၀၀၀ မှ ၄၆၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၈၃ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၇၅၀၀ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၆၅ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၈၅ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၄၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၅၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၃၀ နှင့် ဈေးနှုန်းများမှာ ၄၅၀၀၀ မှ ၄၆၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၄၇၆ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၇၅၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စမှ ရှယ်စ ၃၅၉၇ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၂၉၆၃ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၄၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၅၂ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၄၃ နှင့် ဈေးနှုန်းများမှာ ၄၅၀၀၀ မှ ၄၆၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၇၆၁ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၇၅၀၀ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

        ၂၂.၁၁.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေစုစုပေါင်း(၄၆၅၀၆) အိတ်တို့ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ငါန်းဇွန်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ သားငါးဈေးနှုန်း

            မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးရှိ စိုက်ပျိုးရေးကို အခြေခံသော မြို့လေးတစ်မြို့ဖြစ်ပြီး ကျေးရွာများ စားဖိုဆောင်သီးနှံများ အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြပြီး မြို့မစည်ပင်သာယာဈေးသို့ လာရောက်ရောင်းချကြပါသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေးဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်နေသော သားငါး ဈေးနှုန်းများမှာ ဆိတ်သားတစ်ပိဿာလျှင် (၃၄၀၀၀ )ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၂၀၀၀ )ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၂၀၀၀ )ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် (၂၈၀၀၀ )ကျပ်နှင့် ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၂၉၀၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)       

မြင်းခြံမြို့၌‌ရောင်းချနေသောမြေပဲယိုဈေးနှုန်း

           မြေပဲယိုသည် မြန်မာလူမျိုးတို့၏ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး အာဟာရပြည့်ဝကာ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ကြောင်း၊ မြင်းခြံဈေးကွက်၌ ရောင်းချနေ သော မြေပဲယိုများကို မကွေးမြို့တို့မှ မှာယူ‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြ သီတာဈေး တွင် ရောင်းချနေသော မြေပဲယိုဝိုင်း ၂၅ ကျပ်သားလျှင် (၅၈၀၀) ကျပ်ခန့်ပေါက်  ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း၊ မြေပဲယိုကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးရန် အထောက်အကူပြုကြောင်း၊ အရိုးနှင့်သွားများကိုသန်မာစေပြီး ကယ်လ်ဆီယမ်ဓာတ်များ ကြွယ်ဝကြောင်း၊ သံဓာတ်ပါဝင် သောကြောင့် သွေးအားနည်း ရောဂါကို ကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ် ကြွယ်ဝပြီး အစာခြေစနစ် ကို အားကောင်းစေကြောင်း၊ ပြည့်ဝဆီများပါဝင်သဖြင့် နှလုံးကျန်းမာရေးအတွက် အကျိုးပြုကြောင်း၊ မြန်မာ့ရိုးရာအစားအစာမုန့်အဖြစ် အချိုတည်းရန်အတွက် မြန်မာလူမျိုးများ ကြိုက်နှစ်သက်သော အစားအစာများထဲတွင် ထင်ရှားပြီးအာဟာရ ပြည့်ဝ၍ မြင်းခြံဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)       

စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့်ဈေးနှုန်းအခြေအနေ

       ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ အဆိုပါ လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါးများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ စပါး(မိုး)စိုက်ဧကမှာ ၇၁၂၃ ဧက၊ ရိတ်ဧကမှာ ၂၅၂၃၆ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၆၇ တင်းခန့်နှင့် စုစုပေါင်း အထွက်မှာ ၁၇၀၈၈၄၅ တင်းခန့် ထွက်ရှိပြီး စပါး(မိုး) ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၈၃၀၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းမှာ ရွှေရင်အေး စပါး(အဟောင်း) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ တစ်တင်းလျှင် ၂၃၄၀၀ ကျပ်ခန့်၊ ရွှေအပ်စပါး (အဟောင်း) တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ တစ်တင်းလျှင် ၂၀၈၀၀ ကျပ်ခန့်၊ ရွှေအပ်စပါး (အသစ်) တစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ တစ်တင်းလျှင် ၁၈၂၀၀ ကျပ်ခန့် ဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း ဆန်စက်ပိုင်ရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကိုယ်ရံကြီးပင်အကြောင်း သိကောင်းစရာများ

             ကိုယ်ရံကြီးပင်(သိပ္ပံအမည်: Crinum asiaticum) သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများ၌ ပေါက်ရောက်ပြီး ဆေးဖက်ဝင်အပင်အဖြစ် ရှေးမြန်မာဆေးကျမ်းများတွင် အသုံးတွင်ကျယ်ခဲ့သော အပင်ဖြစ်သည်။ ၎င်းသည် ဥကြီးမားပြီး အဖြူရောင်ရှိကာ အရသာခါးသည်။ အရွက်များသည် ၁.၅ ပေမှ ၄ ပေအထိ ရှည်ပြီး စိမ်းစိုသောအရောင်ပေါ်တွင် အဝါစင်းကလေးများ ပါဝင်သည်။ အဖြူရောင် ပန်းပွင့်များသည် အနံ့မွှေးပြီး မိုးရာသီတွင် ပွင့်သည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများ (အထူးသဖြင့် သဘာဝအရိုင်းပင်အဖြစ်) တွင် ပေါက်ရောက်ပြီး စိုက်ပျိုးပင် အဖြစ်လည်း တွေ့ရသည်။ အပင်တစ်ခုလုံးသည် ပူ၍ စပ်၊ ခါးသော ဂုဏ်သတ္တိရှိပြီး အဆိပ်ပြေခြင်း၊ လေ၊ သလိပ်၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများသက်သာစေခြင်း၊ အရွက်ကိုပြုတ်၍ ရေချိုးခြင်း(သို့)အရည်ညှစ်၍ လိမ်းခြင်းဖြင့် အဖုအပိမ့်၊ အရေပြားရောင်ရမ်းမှုကို သက်သာစေသည်။ အရွက်ကို မီးနှင့်ကပ်၍ နူးအောင်ပြုလုပ်ပြီး ခါးနာ၊ ဒူးရောင်နေရာများတွင် ၁ နာရီခန့် စည်းပေးက နာကျင်ရောင်ရမ်းမှု လျော့ပါးစေသည်။ ဥကိုသွေး၍ အနာပေါ်တွင် လိမ်းပေးပါက အနာလျှံ၊ အနာမီး(မီးလောင်နာ)များ ပျောက်ကင်းစေသော်လည်း  ယားယံမှု ဖြစ်တတ်သည်။ နန်းတွင်းဆေး ဝါးများတွင် "လျှာပွတ်ဆေး" အဖြစ် အသုံးပြုကာ အဆိပ်သင့်လျှင် လျှာကို ပွတ်ပေးခြင်းဖြင့် အဆိပ် ပြေစေသည်။ အပြင်ပန်းအရေပြားအတွက် အဓိကအသုံးပြုရမည်ဖြစ်ပြီး စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

            ကိုယ်ရံကြီးပင်၏ ဆေးဖက်ဝင်မှုကို မြန်မာ့ဆေးပညာစာစောင်များတွင် ထည့်သွင်းဖော်ပြ ထားသည်။ ၎င်းသည်(Amaryllidaceae) မျိုးရင်းဝင်ဖြစ်ပြီး ခတ္တာပန်း နှင့် မျိုးရင်းတူသော်လည်း ဆေးအာနိသင်မတူညီကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(မန္တလေး)       

သပြုပင်၏ အသုံးဝင်ပုံများ

              သပြုပင်သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ (အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) တို့တွင် ပေါက်ရောက်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။အမြဲစိမ်း (သို့)ရွက်ကြွေပင်ဖြစ်ပြီး ၈-၁၀ မီတာအထိ မြင့်တတ်သည်။ မီးခိုးရောင်ဖျော့၊ ကြမ်းတမ်းပြီး အက်ကြောင်းများရှိသည်။ လှံစွပ်ပုံ၊ အနားညီပြီး ကြမ်းတမ်းသော မျက်နှာပြင်ရှိကာ ရွက်ကြော ထင်ရှားသည်။ သေးငယ်သော အနီ/ခရမ်းရောင် အဆန်သီး (ခရမ်းသီးအငယ်စားနှင့်ဆင်သည်)။ ခံတွင်းသန့်စင်ရန် ကိုင်းဖျားကို ဝါးပြီး ပွတ်တိုက်၍ သွားတိုက်ခြင်းများအတွက် အလွန်ကောင်းမွန်သဖြင့် အင်္ဂလိပ်အမည် "Toothbrush Tree" ဟုပင် ခေါ်ဆိုကြကြောင်းသိရှိရသည်။ အရွက်ကို ကြိတ်၍ အရေပြားအနာ၊ ယားနာ၊ ပိုးကိုက်နာများတွင် အုံပေးခြင်း၊ အမြစ်ပြုတ်ရည်ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်အောင့်ခြင်းတို့အတွက် အသုံးပြုခြင်း၊ သုတေသနအချို့အရ ကင်ဆာဆဲလ်များကို တိုက်ဖျက် နိုင်စွမ်းရှိကြောင်း လည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အခေါက်တွင် မြင့်မားသော ဖိုင်ဘာပါဝင်မှုကြောင့် စက္ကူလုပ်ငန်းတွင် အသုံးပြုနိုင်ပြီး မာကျောသော သပြုသားကို လှေပြားများ ပြုလုပ်ရာတွင် အသုံးချသည်။

        အရွက်ပြုတ်ရည်ကို စိုက်ပျိုးရေးတွင် မှိုသတ်ဆေးအဖြစ် အသုံးပြုကြသည်။ သပြုပင်သည် ခြောက်သွေ့ဒေသများတွင် ခိုင်ခံ့စွာ ရှင်သန်နိုင်ပြီး မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်သည်။ မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာတွင် သပြုပင်၏ အရွက်၊ အခေါက်၊ အမြစ်တို့ကို ရာစုနှစ်များစွာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်သုတေသနများကလည်း ၎င်း၏ ဇီဝကမ္မဆိုင်ရာ အာနိသင်များကို အတည်ပြုလျက်ရှိကြောင်း ဖတ်မှတ်မိသမျှ ဖော်ပြအပ်ပါသည်။

DOCA(မန္တလေး)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း