ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စပျစ်သီးစျေးနှုန်းစျေးကွက်

    မန္တလေးသစ်သီးစျေးကွက်တွင် မတ်လနောက်ဆုံးပတ်အတွင်း ရာသီစာစပျစ်သီးများဝင်ရောက်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံးစိုက်ပျိုးလျက်ရှိပြီး၊အီတလီ No(3)BQBKRG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်း‌ရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း  သိရပါတယ်။ စပျစ်သီးအား အသီးအတိုင်း စားသုံးခြင်း၊ အခြောက် ခံခြင်း၊ယိုထိုးခြင်း၊ ဝိုင်၊ ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် စပျစ်သီးခြောက်များထည့်၍ စားသုံးကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ သစ်သီးဝင်ရောက်မှုအနေဖြင့် မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်တွင် ၂၀၂၅ ခုနှစ် မတ်လနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှုများသည့် စပျစ်သီး‌စျေး မှာ တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊စပျစ်သီးအချွန်မျိုး ၁၁၀၀ဝ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ် စျေးတို့ဖြင့်  ရောင်းချလျက်ရှိပြီး၊ နွေဦးရာသီချိန်ရောက်ပြီဖြစ်၍ ရာသီစာစပျစ်သီးများအရောင်းသွက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)

 

သံပုရာသီးနှင့်သံပုယိုသီးစျေးနှုန်းစျေးကွက်

    ကုန်စိမ်းစျေးကွက်အတွင်း သံပုရာသီးနှင့်သံပုယိုသီးဝင်ရောက်မှုမှာ မတ်လနောက်ဆုံးပတ်တွင် ရာသီဥတုပူပြင်းလာပြီဖြစ်၍ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့်သံပုရာသီးမှာ တောင်အင်းမြောက်အင်းကျေးရွာ၊မီချောင်းတပ် ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့်သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊  မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့်အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်း   သိရပါတယ်။ သံပုရာသီးနှင့်သံပုယိုသီးများမှာမိုးရာသီတွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျ သည့် အတွက် စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါတယ်။ သံပုရာသီးနှင့်သံပုယိုသီးများအား သံပုရာဖျော်ရည်၊သံပုရာယို၊သံပုရာချဉ်ဖတ်၊အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးခြင်း၊ လူသုံးကုန်နှင့်ကျန်းမာ‌‌ရေးဓါတ်စာအဖြစ် စားသုံးခြင်းတို့ကြောင့် တစ်နှစ်ပတ်လုံးသုံးစွဲမှုများ သည့်သီးနှံဖြစ်ကြောင်း သိရပါတယ်။မန္တလေးမြို့၊၄၁လမ်း၊ ကုန်စိမ်းသီးနှံများ လက္ကားရောင်းချ သည့်စျေးတွင် အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ၂၀၂၅ခုနှစ်မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော  သံပုရာသီးလက္ကားစျေးမှာ ၂၅လုံးလျှင် ၃၅၀ဝိ/- နှင့် ၄၅၀ဝိ/-စျေး၊သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-စျေး၊သံပုယိုနှင့် သံပုရာ ချဉ်ထုတ်တစ်ထုတ် (တစ်ပိဿာ ပါ)လျင်  လက္ကားစျေး ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ လက်လီ စျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၅ဝိ/- နှင့်၃၀ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၅ဝိ/- နှင့် ၂၅ဝိ/- စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)

 

သီရီမာလာစျေးရှိငါး၊ပုဇွန်စျေးနှုန်းစျေးကွက်

    မတ်လနောက်ဆုံးပတ်အတွင်း  မန္တလေးမြို့၊သီရိမာလာစျေးတွင်   ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ ငါးကြင်းများ၊ ရေချိုငါးမျိုးစုံနှင့် ပုဇွန်များ၊ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသောငါး၊ပုဇွန်၊ ဂဏန်းများနှင့်ရေထွက်ပစ္စည်းများဝင်ကြောင်း  သိရပါတယ်။ မန္တလေးစျေးကွက်ဝင်ရောက်မှာ တစ်ရက်ခြားလျှင် ကား(၁၀ဘီး)၃စီးနှင့်၄စီးအကြားဝင်ရောက်မှုနှင့်ခေါက်တိုကန်တာ ကားအနေဖြင့် တစ် ရက်လျှင် ၅ စီးနှင့်၆စီးအကြား ဝင်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာ စျေးနှုန်းများမှာ  ငါးသလောက် ၂၀၀၀ဝိ/- နှင့် ၃၅၀၀ဝိ/-၊ငါးကြင်း ဖြူ  ၁၂၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ ငါးအုံတုံ၁၀၀၀ဝိ/-  နှင့် ၁၄၀၀ဝိ/- ၊ငါးမြစ်ချင်း ၊ငါးပတ်နှင့်ငါးရံ့များမှာ ၁၃၀၀ဝိ/- နှင့်၁၆၀၀ဝိ/-၊တီလားဗီးယား(ဂျပန်ငါး)  ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ ကတ်ကတစ်ငါး  ၃၀၀၀ဝိ/- နှင့် ၃၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊အရွယ်အစား အလိုက် အနည်းငယ်စျေး ကွာခြားမှုရှိကြောင်း  သိရပါတယ်။  မွေးမြူရေးပုဇွန် စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်၁၀၀၀ဝိ/-နှင့်၁၃၀၀ဝိ/၊ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ် မှာ ၃၅၀၀ဝိ/-   နှင့် ၅၀၀၀ဝိ/-၊  ပြည်ကြီးငါး  ၃၀၀၀ဝိ/-  နှင့်  ၅၀၀၀ဝိ/-၊ ဂဏန်း ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/- ၊  ရေဘဝဲ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သီရိမာလာစျေးရှိ ငါးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)

                   

အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

     ၂၀၂၅  ခုနှစ်မတ်လ ‌နောက်ဆုံးပတ်အတွင်း     မန္တလေးစျေးချိုတော်တွင်  ငါးခြောက်များ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။  မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိနှင့်ပုဇွန်ခြောက်များအား   ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း အမျိုးအစားအလိုက် တစ်ပိဿာ ပေါက်စျေးတို့မှာ   ငါးနီတူးခြောက် ၂၀၀၀ဝိ/- နှင့်   ၂၈၀၀ဝိ/-၊  ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/-၊  ငါးရောင်ခြောက်  ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ ငါးရံ့ခြောက်(ပြား)၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ စျေးတို့ အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ စျေးချိုတော်ရှိ ငါးခြောက်ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ နွေဦးရာသီရောက်ပြီဖြစ်၍ ငါးခြောက်စားသုံးမှုများပြာခြင်း၊ ဘုရားပွဲများ၊ အလှူပွဲတော်များ၊ရိုးရာပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မန္တလေးစျေးချိုတော်ရှိ  ငါးခြောက်အမျိုးမျိုးမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

    

 

 

စားဖိုဆောင်သီးနှံဖြစ်သော ဂေါ်ဖီထုပ်ဈေးကွက်

     ဂေါ်ဖီထုပ်စိုက်ပျိုးချိန်၊ထွက်ရှိချိန်သည် မျိုးစေ့အမျိုးအစား၊ ရာသီဥတု၊ စိုက်ပျိုးနည်း စနစ်နှင့် ဒေသကိုလိုက်၍ ၆၀ ရက်မှ ၁၂၀ ရက်ထိကွာခြားသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကို အဓိကအားဖြင့် ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိပြီး အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများ တွင် စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရသည်။ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် အဓိကစိုက်ပျိုးပြီး၊ အပူပိုင်းဒေသများဖြစ်သော မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် ဆောင်းရာသီ၌စိုက်ပျိုးကြသည်။ မြင်းခြံမြို့နယ် အေးမြသီတာဈေးရှိ ကုန်စိမ်းဈေးတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင်  ယခုလ ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့သဖြင့် ယခင်လထက်  ၅၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီနှင့်မတ်လများတွင် ဂေါ်ဖီထုပ်ဈေးကွက်ပိုမိုကောင်းမွန်လေ့ရှိသဖြင့် နှစ်စဉ်ဆောင်းနှောင်းပိုင်းကာလများတွင် ဝယ်လို အားမြင့်မာကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်ဈေးကွက်တွင် ရောင်းချနေသော ဂေါ်ဖီထုပ်များကို ပုပ္ပါး၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့များမှ တင်သွင်းရောင်းချကြကြောင်း ကုန်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့နယ်၏ မန်ကျည်းမှည့်ဈေးကွက်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အနှံ့အပြားတွင် မန်ကျည်းပင်များအလေ့ကျ ပေါက်ရောက်မှုရှိသလို၊ စီးပွားဖြစ်လည်းစိုက်ပျိုးမှုရှိ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ မန်ကျည်းသီးအများဆုံးထွက်ရှိသောမြို့တစ်မျိုးဖြစ်ပါသည်။ အခြားမြို့နယ်များ ဖြစ်သည့် မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှလည်း ထွက်ရှိမှု ရှိပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိကစိုက်ပျိုးထွက်ရှိသောကျေးရွာများမှာ ပုပ္ပား၊ ဆုံကုန်း၊ မြောက်တော၊ ပုပ္ပားလွင်၊ သံပို၊ ဆည်ပေါက်၊ ညောင်ကန်၊ ချိုင်း ကျေးရွာတို့ဖြစ်ပြီး ပုပ္ပားကျေးရွာအုပ်စုမှ ထွက်ရှိသောမန်ကျည်းသီးမှာ အရည်အသွေးကောင်းမွန်ဆုံးဖြစ်ပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်မှစ၍ မန်ကျည်းအသား၊ အလုံးအဖြစ် စတင်အရောင်းအဝယ်ပြုလုပ်ကြသည်။

     မန်ကျည်းသီးမှည့်တွင် အကျောပါ၊ အစေ့ပါမန်ကျည်းသီးမှည့်၊ အကျောမပါအစေ့ပါ မန်ကျည်းသီးမှည့်နှင့်အကျောမပါအစေ့မပါ မန်ကျည်းအသားဖတ်ဟူ၍ သုံးမျိုးရှိပြီး၊ ဈေးကွက် အတွင်း အကျောမပါအစေ့မပါမန်ကျည်းသီးမှည့်များကို လူကြိုက်များ၍အရောင်းအဝယ်ပိုဖြစ် ကြောင်း၊ မန်ကျည်းသီးမှည့်ကို အကျောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ဆောင်ရွက်ရ သည့်အတွက် အစေ့ပါမန်ကျည်းသီးထက်ဈေးပိုရကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ရာသီချိန်ဖြစ်၍ မန်ကျည်းသီးမှည့်များကို အကျောပါ၊ အကျောမပါနှင့်အစေ့လွတ်မန်ကျည်းဟူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးအမှည့်အစေ့ပါ လက္ကားတစ်ပိဿာလျှင်(၃၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့်အစေ့လွတ်တစ်ပိဿာလျှင်(၆၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြပြီး၊ အစေ့လွတ် တစ်ပိဿာလက်လီဈေးမှာ(၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်လျှင် တစ်လအတွင်းမန်ကျည်းမှည့်အစေ့လွတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

      မန်ကျည်းအသားများကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူ၍မြို့နယ်အတွင်းရှိ စားသုံးသူများလာရောက်ဝယ်ယူကြသလို အကြော်ဆိုင်များ၊ အကင်ဆိုင်များ၊ မုန့်ပြားသလက် စသည့်လုပ်ငန်းများမှလည်း အချဉ်ရည်များပြုလုပ်ရန်အတွက်ဝယ်ယူခြင်းများပုံမှန်ရှိသလို ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်းတင်ပို့လျက်ရှိကြောင်း ဒေသခံကုန်သည်တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်ရှိ မြေထည်ပစ္စည်းဈေးနှုန်းဈေးကွက်

    ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာခွဲပေါင်း(၃၃၉)ရွာရှိသည့်အနက်မှ စပေါင်းကုန်း ကျေးရွာသည် ပွင့်လင်းရာသီ၌ မြေထည်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါသည်။ မြေထည်လုပ်ငန်းမှ ထွက်ရှိသောပစ္စည်းများမှာ ရေအိုး၊ အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဟင်းအိုးပြင်ခွက်ဝင်အိုး၊ ဟင်းအိုးပြင်ပြည်ဝင်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရည်မြူအိုး၊ ဘုရားပန်းအိုးတို့အား ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်အခါသည် မြန်မာလူမျိုးတို့၏ နှစ်သစ်သို့ ကူပြောင်းတော့မည် တန်ခူးလရာသီ သို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မြန်မာဓလေ့ထုံးလမ်းအစဉ်အလာရကျင်းပလေ့ရှိသော သင်္ကြန်ပွဲတော်နှင့်အတူ အတာသင်္ကြန်အိုးများသည် ဝယ်ယူမှုများလာ သည့်အတွက် တစ်ရက်လျှင်အလုံးရေ(၁၀၀၀)လုံးခန့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်။ အတာသင်္ကြန်အိုးများကို ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ချောက်မြို့နယ် ဂွေးချို၊ ဂွေးပင်၊ ထိန်စမ်း၊ ကန်ရေကြီး၊ ကန်ရေလေးသို့လည်းကောင်း၊ စလေမြို့သို့လည်းကောင်း၊ နတ်မောက်မြို့ နယ်နှင့်တောင်တွင်းကြီး မြို့နယ်များသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ အတာသင်္ကြန်အိုးများကို လက္ကားအနေဖြင့်တစ်လုံးလျှင်(၈၀၀)ကျပ်၊ လက်လီအနေဖြင့်(၁၀၀၀)ကျပ်၊ မုန့်ပြားသလက်အိုးခင်းနှင့် ဟင်းအိုးပြင်ခွက်ဝင်အိုးများသည် လက္ကားအနေဖြင့်(၁၀၀၀)ကျပ်၊ လက်လီ အနေဖြင့်(၁၅၀၀)ကျပ်၊ ကောက်ညှင်းပေါင်းအိုးနှင့်ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေဖြင့်(၁၅၀၀)ကျပ်၊ လက်လီအနေဖြင့်(၂၅၀၀)ကျပ်၊ ဆားအိုးနှင့်ဘုရားပန်းအိုးအလတ်များသည် လက္ကားအနေဖြင့် (၈၀၀)ကျပ်၊ လက်လီအနေဖြင့်(၁၀၀၀)ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင် လက္ကား (၄၅၀၀)ကျပ်နှင့် လက်လီ(၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဧပြီလပထမပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၆၉၅)ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် ( ၃၃၀၅  ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် ( ၃၁၁၅  )ကျပ် ၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ( ၃၁၆၅ ) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခင် မတ်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီ တာလျှင် (၂၆၉၅ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် ( ၃၃၀၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (၃၁၁၅)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၁၆၅)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင်လည်း ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ယခင်အပတ်၌ ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများအတိုင်း ဆက်လက်ဖြစ်ပေါ်ရောင်းချလျက်ရှိပါကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

DOCA(မန္တလေး)

 

နွေရာသီ၏ဓာတ်စာမန်ကျည်းရွက်

    မန်ကျည်းပင်သည်နွေရာသီဆိုလျှင် အေးမြသည့်အရိပ်ကိုပေးနိုင်ပါသည်။ နွေနေပူမှာ မန်ကျည်းရိပ်အေးအေးလေးတွင်ထိုင်ပြီး အကြမ်းရည်သောက်၍ အညာဓလေ့အတိုင်း ထန်းလျက် လေးစားပြီး စကားပြောကြသည်မှာ အညာဒေသ၏ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။ မန်ကျည်းပင် သည် အရွက်၊ အသီး၊ အခေါက်၊ အစေ့၊ တစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီသို့ ရောက်ရှိလာသည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်နုနုကို ကြက်သွန်စိမ်း၊ ပုဇွန် ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် အရသာထည့်ပြီး သုပ်စားကြသလို ချဉ်ရည်ဟင်း ချက်စားကြသည်များလည်း ရှိပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်စသည့်  အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ယခုအခါ မန်ကျည်းရွက်များစတင်ပေါ်ထွက်လာပြီဖြစ်ရာ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် မန်ကျည်းရွက် နုနုများကို (၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှုန်း၊(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှုန်းဖြင့်အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ဟင်းနုနယ်ရွက်

   ရာသီမရွေးဈေးထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ ဟင်းနုနယ်ရွက်ကို သံဓာတ်ပေါကြွယ်ဝတယ်လို့ လူသိများကြောင်း သိရပါတယ်။ ဟင်းနုနယ်ရွက်ကို ကြော် ၊ ချက် ၊ ဟင်းချိုချက် စားရုံသာမက အသုပ်အဖြစ်လည်း သုပ်စားတဲ့အရွက်အဖြစ် လူတိုင်းနှစ်သက်စွာ စားသုံးကြပါသည်။ ဟင်းနုနယ်ရွက်သည် ဂျုံထက် အမျှင်ဓာတ်ပမာဏ (၃) ဆပိုမိုပါဝင်လို့ အစာကြေညက် လွယ်ကူစေပြီး ဝမ်းချုပ်ခြင်းကင်းဝေးစေကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ကုန်စိမ်းရောင်းသူတစ်ဦး၏ ပြောပြချက်အရ ဟင်းနုနယ်ရွက် ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ၊ အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှလည်းကောင်း ဝယ်ယူအသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း