ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ နာနတ်သီးစျေးကွက်နှင့်စိုက်ပျိုးထုတ်လုပ်မှု

   တနင်္သာရီတိုင်းဒေသကြီးသည်ပူနွေးစိုထိုင်းသောရာသီဥတုရှိပြီး မြေသြဇာ  ကောင်းမွန်ခြင်းကြောင့် နာနတ်သီးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယနေ့မြန်မာက နာနတ်ဟုခေါ်ကြသည့် အပင်၏မူလအမည်မှာတောင်အမေရိကဒေသခံ Tupi Indian တို့၏ Nana ဟူသောဝေါဟာရမှ ဆင်းသက်လာသည့် Anna nas ပင်ဖြစ်သည်။ ရေဝပ်ခြင်းကိုကြောက်သောကြောင့် သဲ ဆန်ဆန်မြေများနှင့်မြေချဉ်ငန်ဓာတ် pH 5.0-6.5 ရှိလျှင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။

    နာနတ်သီးဟာ ဗီတာ မင်၊ သတ္တုဓာတ်နှင့် အင်ဇိုင်းများကြွယ်ဝခြင်းကြောင့် ကိုယ်ခံအား စနစ်ကောင်းမွန်ခြင်း၊ အရိုးကျန်းမာရေးနှင့်ဇီဝကမ္မဖြစ်စဉ်ကို အားပေးသည်။ အစာခြေစနစ်နှင့် ရောင်ရမ်းမှုကို လျှော့ချပေးသော အာဟာရဓာတ်ကြွယ်ဝသည့်အသီးဖြစ်သည်။ တနင်္သာရီ တိုင်းဒေသကြီး၊မြိတ်မြို့တွင်နာနတ်သီးကိုစီးပွားဖြစ်စိုက်ခင်းများဖြင့်နေရာအနှံ့စိုက်ပျိုးကြသလိုအခြားသီးပင်စားပင်များဖြင့်တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချကြသည်။

     ယခု မတ်လ စတုတ္ထပတ်တွင် တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးနှုန်းမှာ လက်လီတစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ လက်ကားဆယ်ကီလိုလျှင် ၂၅၀၀၀ ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူထံမှ သိရှိရပါသည်။ အရောင်းသွက်သည့် ကုန်စိမ်းတစ်မျိုးဖြစ်ပြီး ဒေသတွင်စိုက်ပျိုးထွက်ရှိသော နာနတ်သီးများနှင့် တနင်္သာရီမြို့၊ ထားဝယ်မြို့တို့မှ မြိတ်မြို့သို့ အများဆုံးတင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ နာနတ်သီးဈေးနှုန်း/ဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီ ပေါ်သီးနှံများ စိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် နာနတ်သီးပေါ်ချိန်ဖြစ်သည့်အတွက် တောင်သူ များအနေဖြင့် နာနတ်သီးခူးဆွတ်‌ရောင်းချရာမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

          နာနတ်သီးကို ယခုလပိုင်းများတွင် စတင်ခူးဆွတ်ကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချကြကာ လက်ရှိ စည်ပင်သာယာဈေး၊ ကမ်းနားဈေးနှင့် ဈေးငယ်များ၌ တစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀) ကျပ်အတွင်းရှိပြီး ဈေးကောင်းလျက်ရှိကြောင်းလည်း သိရှိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ နှင်းသီးစျေးနှုန်း/စျေးကွက်

    ခေါင်းလောင်းပုံသဏ္ဍာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြသည်။ နှင်းသီးသည် ချိုမြမြ အရသာရှိပြီး အရည်ရွှမ်းသဖြင့် ရေငတ်လည်းပြေစေသည်။ စျေးနှုန်းသက်သာသဖြင့် နှင်းသီးပေါ်ချိန် ရောက်သောအခါ လူအများစုက ပန်းသီးအစားနှင်းသီးကိုသာ ရွေးချယ်စားကြသည်။ အပေါ်ယံအခွံမာ တင်းနေသော အသီးများက လတ်ဆတ်မှုရှိသဖြင့် အရည်ပိုရွမ်းသည်။ နှင်းသီးကို ပြည်တွင်း၌ သစ်သီးအဖြစ် စားသုံးလေ့ရှိကြပြီး တခြားနိုင်ငံများ၌ နှင်းသီးကို အချိုရည်၊ ယို၊ ဂျယ်လီအဖြစ် ပြုလုပ် စားသုံးကြသည်။ ထားဝယ်ဒေသတွင် နှင်းသီးကို ဘုပျိုသီးဟုလည်းခေါ်ကြသည်။ ထားဝယ်မြို့နယ် သပြေချောင်းစျေးတွင် နှင်းသီးကို (၁၅)လုံးလျှင် (၁၀၀၀/-) ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ သီဟိုဠ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

     တနင်္သာရီတိုင်းဒေသကြီး၏သီဟိုဠ်ဈေးနှုန်းများမှာ မတ်လစတုတ္ထပတ်အတွင်း သီဟိုဠ်ပုံချော အသန့် တစ်ပိဿာလျှင် (၅၅၀၀၀)ကျပ်နှင့် အခွံကြမ်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး ယခင်ဖေဖော်ဝါရီလကထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ဈေးနှုန်းများမှာ ထားဝယ်မြို့ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့်ကော့သောင်းခရိုင်များရှိဈေးနှုန်းများမှာ ခရိုင်အလိုက် ပျမ်းမျှအားဖြင့် အနည်းငယ်ခန့် ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့အတွင်းရှိ ကွမ်းသီးအခြမ်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပြီး လက်ရှိတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင်(၁၈၀၀ဝိ/-၁၉၀၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပါ သည်။

    ယခုအချိန်သည် ကွမ်းသီးများထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်း နှိုင်းယှဉ်ရာဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ကျေးရွာများမှထွက်ရှိသော ဒေသထွက် ကွမ်းသီးခြမ်းများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ကြက်ဥ/ဘဲဥစျေးနှုန်း

     ထားဝယ်မြို့၏ အဓိကစားသုံးကုန်တစ်မျိုးဖြစ်သော ကြက်ဥသည် စားသုံးသူပြည်သူတို့၏ အဓိကဖြစ်သည့်နှင့်အညီလိုအပ်ချက်များစွာရှိသည်။ ရှမ်းပြည်နယ်မှအများဆုံးတင်သွင်းပြီး စီးပွားဖြစ်မွေးမြူကြသော လုပ်ငန်းအများအပြားရှိသည်။ မတ်လ စတုတ္ထပတ်အတွင်း ထားဝယ်မြို့ စျေးကွက်တွင် ဖြစ်ပေါ်နေသော ကြက်ဥ/ ဘဲဥ စျေးနှုန်းများသည် အနည်းငယ်တည်ငြိမ်နေကြောင်း သိရပါသည်။

        ယခင် မတ်လ စတုတ္ထပတ်အတွင်း ကြက်ဥကြီးတစ်လုံးလျှင် (၄၆၀)ကျပ်၊ ဘဲဥကြီးတစ်လုံး လျှင် (၇၀၀) ကျပ်ခန့်ရှိပြီး၊ ယခုလက်ရှိ စျေးနှုန်းများအရလည်း ကြက်ဥအကြီးတစ်လုံးလျှင် (၄၆၀) ကျပ်နှင့် ဘဲဥအကြီးတစ်လုံးလျှင် (၇၀၀) ကျပ်ခန့်ရှိကာ စျေးနှုန်းတည်ငြိမ်လျက်ရှိနေရရှိနေကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီးများတွင် ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးရှိ မေမြို့ပန်းဈေးနှုန်း

    မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင်၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

        ယခုအခါ ထားဝယ်မြို့အတွင်း မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိနေကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး စည်ပင်သာ ယာဈေးနှင့်ရပ်ကွက်ဈေးငယ်များ သို့လာရောက်ရောင်းချကြောင်း၊ မေမြို့ပန်း(၅)ပင်ပါ တစ်စည်းလျှင်(၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ လူကြိုက်များသောပန်းဖြစ်သည့်အတွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ရုံးပတီသီး ဈေးနှုန်း/ဈေးကွက်

    ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေ အိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ ယခု မတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး(၁၀)တောင့်လျှင်(၂၀၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ထားဝယ်မြို့ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ သံပုရာသီးဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ယခုအခါ ထားဝယ်မြို့ စည်ပင်ဈေး၊ကမ်းနားဈေးနှင့်ရပ်ကွက်ဈေးတို့၌ သံပုရာသီးအရွယ် အစားအပေါ်မူတည်၍ တစ်လုံးလျှင်(၅၀ဝိ/-)ကျပ် မှ သုံးလုံးလျှင်(၁၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရသည်။ 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဗျစ်သန်ဝက် (ခ) ဖယ်ဖယ်ရွက် ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကို အဓိကစိုက်ပျိုးသည့်အပြင် ထားဝယ်အခေါ် ဗျစ်သန်ဝက်(ခ)ဖယ်ဖယ်ရွက်များကိုလည်း စိုက်ပျိုးကြသည်။ ဖက်ဖယ်ရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့်အကင်ဆိုင်များမှ အနံအရသာအတွက် မပါမဖြစ် ဝယ်ယူအသုံးပြုကြသည်။

      ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဖက်ဖယ်ရွက်များကို စိုက်ပျိုးကြကြောင်း၊ ဖက်ဖယ်ရွက်များကို ကမ်းနားပျံကျဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင်(၃၅၀)ကျပ်၊ ဖက်ဖယ်ရွက်(၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း