ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်ဆောင်းကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားဖိုဆောင် သီးနှံဖြစ်သည့် ကြက်သွန်နီသီးနှံကို မိုးကြက်သွန်နီ၊ ဆောင်းကြက်သွန်နီဟူ၍ နှစ်ကြိမ်စိုက်ပျိုးကြရာ မိုးကြက်သွန်နီကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းလေ့ရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် မိုးကြက်သွန်နီကို (၁၅၄)ဧကစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်းအနေဖြင့်(၂၅၅၀)ပိဿာဖြင့် အထွက်စုစုပေါင်း (၃၉၂၇၀၀)ပိဿာထွက်ရှိခဲ့ပါကြောင်း သိရသည်။ ဆောင်းကြက်သွန်နီကို ဇန်နဝါရီလတွင် စတင် စိုက်ပျိုး၍ ဧပြီလတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ဆောင်းကြက်သွန်နီကို စိုက်ပျိုးရန်(၇၁၀)ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း စိုက်ပျိုးမှုအနေဖြင့် (၆၈၁)ဧကသာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၂၇၅၀)ပိဿာဖြင့် အထွက်စုစုပေါင်း(၁၈၇၂၇၅၀)ပိဿာထွက်ရှိခဲ့သည်။ မြို့နယ်အတွင်း ဆောင်းကြက်သွန်နီကို အများဆုံးစိုက်ပျိုးမှုအနေဖြင့် ရေဆုံးကျေးရွာ၊ စိတ္တိန်ကျေးရွာ၊ မွေးကျစ်ကျေးရွာ၊ ကိုင်းကျေးရွာ၊ ကြက်မောက်တောင် ကျေးရွာ၊ လဲဂွကျေးရွာများမှ အဓိကစိုက်ပျိုးကြကြောင်း၊ အဆိုပါကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ လည်းကောင်း၊ မြို့မစည်ပင်သာယာဈေးတွင် ကျေးရွာမှကြက်သွန်စိုက်တောင်သူများမှ တိုက်ရိုက် ရောင်းချခြင်းဖြင့်လည်းကောင်း အရောင်းအဝယ်ပြုလုပ်ကြပြီး ကြက်သွန်နီ(ကြီး)တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ လုံးလတ်တစ်ပိဿာလျှင်(၂၃၀၀)ကျပ်၊ လုံးသေးတစ်ပိဿာလျှင်(၂၀၀၀)ကျပ်တို့ဖြင့် လှိုင်လှိုင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

ခရမ်းချဉ်သီး

      ခရမ်းချဉ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြားပါဝင်ကြောင်း သိရသည်။ ဓာတ်တိုးခြင်းကိုဖြစ်စေပြီး ကင်ဆာ၊ ဆီချို၊ နှလုံးရောဂါနှင့် အခြားနာတာရှည်ရောဂါများဖြစ်စေသော ပစ္စည်းများမှ ကင်းဝေးစေနိုင်ပါသည်။ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော စားစရာများစားသုံးခြင်းဖြင့် ကင်ဆာရောဂါနှင့်နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း၊ ခရမ်းချဉ်သီးတွင် ဗီတာမင်အေနှင့်စီ ကြွယ်ဝစွာပါဝင်ကြောင်း သိရသည်။ အကောင်းဆုံးမှာ သဘာဝအတိုင်းရင့်မှည့်သောခရမ်းချဉ်သီးကို စားသုံးသင့်သည်။ ခရမ်းချဉ်သီးကို ချက်ပြုတ်လျှင် လိုင်ကိုမင်းဓာတ်မြင့်မားစေနိုင်သောကြောင့် ဟင်းချက်ရာတွင်ထည့်သွင်း အသုံးပြုသင့်ပါသည်။ ခရမ်းချဉ်သီးမှာပါဝင်သော အမျှင်ဓာတ်များသည် ဝမ်းချုပ်ခြင်းကိုလည်းကင်းဝေး စေနိုင်သောကြောင့် ဝမ်းချုပ်တတ်သူများအတွက် ပုံမှန်စားသုံးသင့်ပါသည်။ ခရမ်းချဉ်သီးကို ပန်ထွေဖျော်၍သော်လည်းကောင်း၊ ပုဇွန်ခြောက်နှင့်ငါးပိချက် ချက်၍သော်လည်းကောင်း၊ အသုပ် အမျိုးမျိုးတွင်လည်းကောင်း၊ ယိုပြုလုပ်၍သော်လည်းကောင်း အများဆုံးစားသုံးလျက်ရှိပါသည်။ ခရမ်းချဉ်သီးကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးထွက်ရှိသလို ပခုက္ကူမြို့နှင့် ပုပ္ပားမြို့တို့မှထွက်ရှိသော အသီးများကိုလည်းဝယ်ယူရောင်းချကြကြောင်း သိရသည်။ မြင်းခြံမြို့ ဈေးများတွင်ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ယခင်မတ်လနောက်ဆုံးပတ်၌ တစ်ပိဿာလျှင်(၈၀၀)ကျပ်မှ(၁၀၀၀)ကျပ်ထိရှိခဲ့ပြီး၊ ယခုဧပြီလ ပထမပတ်တွင် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ထိ ဈေးနှုန်းများရှိ၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို (၇၀၀၊ ၁၀၀၀)ကျပ်ထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

မြန်မာ့သနပ်ခါး

    သနပ်ခါးသည် မြန်မာလူမျိုးတို့အတွက် ချစ်ခင်မြတ်နိုးနှစ်သက်ကြသည့် အရာတစ်ခုဖြစ်ပါသည်။ သနပ်ခါးကို အလှအပအတွက်သော်လည်းကောင်း၊ အပူဒဏ်နေလောင်ဒဏ်မှ ကာကွယ်ရန် အတွက်သော်လည်းကောင်း၊ ဆေးဝါးအဖြစ်သော်လည်းကောင်း သုံးစွဲကြပါသည်။ သနပ်ခါးကို ကလေးလူကြီးကြိုက်နှစ်သက်သလို အမျိုးသမီးများအပြင် အမျိုးသားများမှာလည်း လိမ်းချယ်ကြလေ့ရှိပါသည်။ များသောအားဖြင့် သနပ်ခါးထွက်ရှိရာ အညာဒေသရှိ အညာသူအညာသားများအား သနပ်ခါးအဖွေးသားနှင့်မြင်တွေ့မှုများပါသည်။ သနပ်ခါးသည် ဆောင်းမှာနွေး၊ နွေမှာအေး ဆိုသည့် စကားအတိုင်းသနပ်ခါး၏ အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစအရွယ်မှစ၍ အသက် အရွယ်မရွေးသနပ်ခါးလိမ်းကြသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀)ကျော်ကပင် လိမ်းချယ်ခဲ့ကြကြောင်း မှတ်သားသိရှိရသည်။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းပြီး အသားအရေကိုအေးမြချောမွေ့စေပါကြောင်း၊ သနပ်ခါးသည်ဆေးဖက်ဝင်သော အပင် တစ်မျိုးဖြစ်ပြီး သနပ်ခါးမြစ်ကို အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများတွင် လိမ်းပေးပါက သက်သာစေခြင်း၊ သွေး၍သောက်သုံးပါက ဝမ်းအတွင်းရှိအညှော်နံ့များနှင့် အပူများကိုကင်းစင် စေနိုင်ပါကြောင်းလည်း သိရှိရသည်။ မြင်းခြံခရိုင်အနေဖြင့် မြင်းခြံမြို့နယ်အတွင်းရှိ နတ်ထားကျေး ရွာနှင့်အချို့ကျေးရွာများတွင်လည်းကောင်း၊ နွားထိုးကြီးမြို့နယ်တွင်လည်းကောင်း စိုက်ပျိုးထွက်ရှိကြောင်းနှင့် အခြားဒေသများဖြစ်သော ပခုက္ကူ၊ ရွှေဘိုနှင့်အရာတော်ဒေသများမှ မှာယူရောင်းချလျက်ရှိပြီး ၎င်းဒေသထွက်သနပ်ခါးများမှာ အရည်အသွေးကောင်းမွန်မွှေးကြိုင်၍ နာမည်ကြီးကာ လူကြိုက်များကြောင်းသိရပါသည်။  အဆိုပါဒေသထွက်သနပ်ခါးတုံးများကို အရွယ်အစားအကြီး အသေးပေါ်မူတည်၍ တစ်တုံးလျှင်(၁၀၀၀၊ ၁၅၀၀၊ ၃၀၀၀၊ ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀)ကျပ်တန်များ ပိုင်းဖြတ်၍ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက်သနပ်ခါးဈေးနှုန်းများမှာ အခြားဒေထွက်သနပ်ခါးများထက် အရွယ်အစားအလိုက် တစ်တုံးလျှင်(၅၀၀)ကျပ်ခန့် ကွာဟမှုရှိကြောင်းသိရသည်။

DOCA(မန္တလေး)

 

အညာဒေသ၏ ဧည့်ခံမုန့် နှမ်းကပ်ယို

    အညာဒေသသည် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းကို သုံးရာသီအလိုက်စိုက်ပျိုးကြပြီး ဆီကြိတ်ခွဲစားသုံးကြသလို မုန့်ပဲသရေစာအဖြစ်လဲစားသုံးကြလျက်ရှိပါသည်။ မုန့်ပဲသရေစာများ ပြုလုပ်စားသုံးရာတွင် နှမ်းကိုယိုထိုး၍စားသုံးမှုမှာလည်း လူကြိုက်များပြီး အလှူအတန်း၊ မင်္ဂလာဆောင်၊ ဘုရားပွဲနှင့်အခြားပွဲလမ်းသဘင်များတွင် ဧည့်သည်များအတွက် ဧည့်ခံစရာမုန့်တစ်မျိုး လည်းဖြစ်သလို ဒေသထွက်လက်ဆောင်မုန့်တစ်မျိုးလည်းဖြစ်ပါသည်။ မြန်မာ့ဓလေ့ အစားအစာ ဖြစ်သော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို မြင်းခြံမြို့နယ်အတွင်း ပြုလုပ်ရောင်းချကြသလို အခြားဒေသ များမှလည်း မှာယူရောင်းချလျက်ရှိပါသည်။

     မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို (၁၅၀၀)ကျပ်တန်အထုပ် များဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပြီး နှမ်းကပ်ယိုကိုပြုလုပ်ရာတွင် နှမ်းကိုလှော်၍ ထန်းလျက် ဖြင့်ရောကာ ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံ ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ နှမ်းကပ်ယိုမှာ နှမ်းနံ့ မွှေးမွှေးလေးဖြင့် ထန်းလျက်၏ချိုမြသောအရသာရှိ၍ ကလေးလူကြီးကြိုက်နှစ်သက်ကြပြီး ဧည့်ခံ မုန့်နှင့်ဒေသထွက်လက်ဆောင်မုန့်တစ်မျိုးဖြစ်သည့်အတွက် အရောင်းသွက်ကြောင်း မြင်းခြံမြို့ရှိ နှမ်းကပ်ယိုလုပ်ငန်းရှင်များနှင့် ရောင်းချသော ဈေးဆိုင်များမှသိရသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့၌ရောင်းချနေသော အညာဒေသထွက်မြေပဲယိုဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်းဈေးကွက် အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါမြင်းခြံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် မြေပဲယိုများကို မြင်းခြံမြို့နယ်၊ ချောင်းဒေါင်းတောင်ရွာရှိမြေပဲယိုလုပ်ငန်းများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီလပထမအပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ တစ်ထုပ်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ ထန်းလျက်စသည်တို့ဖြင့်ပြုလုပ်ထား သည့်အတွက်လူကြီး၊ လူငယ်မရွေးကြိုက်နှစ်သက်ကြပြီး နေ့လယ်နေ့ခင်းတွင် အဆာပြေသရေစာ မုန့်အဖြစ်လည်း ရေနွေးကြမ်းနှင့်အတူ စားလေ့ရှိကြသည်။

DOCA(မန္တလေး)

 

 

 

ကန်စွန်းရွက်၏ ဟင်းတစ်ခွက်

     ကန်စွန်းရွက်သည် လူအတန်းအစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီး ရေရရှိသောနေရာများတွင် လွယ်ကူစွာပေါက်ရောက်ရှင်သန်နိုင်သည်။ ကန်စွန်းရွက်များကို လယ်ကန် သင်း၊လယ်ကွက်၊ အင်းအိုင်၊ ချောင်းမြောင်းနှင့်အခြားရေရရှိသော နေရာများတွင် သဘာဝအလျောက် ပေါက်ရောက်မှုများမှရရှိနိုင်သလို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း သီးသန့်စိုက်ပျိုးခြင်းများမှလည်း ထွက်ရှိကြ၍ရာသီချိန်ခါမရွေး စားသုံးရသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ကန်စွန်းရွက်မှာ ဗမာကန်စွန်းရွက်နှင့် တရုတ်ကန်စွန်းရွက်(စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့် သိရှိကြပြီး ဗမာကန်စွန်းရွက်ကို ကြိုက်နှစ်သက်မှုများသော်လည်း မိုးတွင်းရာသီကာလမှသာ အများဆုံးထွက်ပေါ်ရရှိသဖြင့် စိုက်ပျိုးရေးကန်စွန်းရွက်ကိုသာ အားပြုစားသုံးကြပါသည်။ မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင်ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ၂၀၂၅-ခုနှစ်၊ ဧပြီလပထမပတ်အတွင်း ကန်စွန်းရွက်(၁)စည်းလျှင်(၁၀၀)ကျပ်၊ ကန်စွန်း(၆)စည်းလျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ကန်စွန်းရွက်များကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့်အထောင်းစုံရောင်းချသော ဆိုင်များမှလည်းကောင်း ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များအရောင်းအဝယ် သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့အေးမြသီတာဈေးရှိ ရောင်းချနေသောငွေနှင်းမှို

    စိုက်ပျိုးရေးမှိုတစ်မျိုးဖြစ်သော ငွေနှင်းမှိုသည်တစ်နှစ်ပတ်လုံးထွက်ရှိ၍ နေအိမ်များ၌ စားသုံးမှုများသလို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၌လည်း ချက်ပြုတ်ရောင်းချကြသဖြင့် ဈေးကွက် ပုံမှန်ရှိသော မှိုတစ်မျိုးဖြစ်ပါသည်။

      မြင်းခြံမြို့နယ်တွင် မြင်းခြံမြို့နှင့် အချို့ကျေးရွာများ၌ စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင် တစ်ပိုင်သော်လည်းကောင်း စိုက်ပျိုးထွက်ရှိပြီး မန္တလေးဘက်မှလည်း မှာယူ၍ရောင်းချကြောင်း သိရသည်။ ငွေနှင်းမှိုကို ကန်စွန်းရွက်နှင့်ရော၍ကြော်စားခြင်းမှာ လူအများကြိုက်နှစ်သက်မှုများပြီး ငရုတ်သီး၊ မျှင်ငါးပိနှင့်အစပ်ဟင်းပုံစံချက်ပြုတ်၍လည်း စားသုံးကြလေ့ရှိပါသည်။ အသားငါးရှောင်သော သက်သတ်လွတ်စားသုံးသူများအတွက် အကြိုက်တွေ့စေပြီး စားသုံးမှုများသောဟင်းလျာ တစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့အေးမြသီတာဈေးအတွင်းရှိ ဈေးကွက်များတွင် ရောင်းချနေသော ငွေနှင်းမှို တစ်ဆယ်ကျပ်သားဈေးနှုန်းအနေဖြင့် (၁၀၀၀၊ ၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

ကျောက်ပန်းတောင်းမြို့နယ်ဆောင်းနေကြာစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံ ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ပျိုးခဲ့ရာ တစ်မြို့နယ်လုံး အနေဖြင့် လျာထားဧက(၆၅၀၇)ဧက ရှိသည့်အနက် အမှန်စိုက်ပျိုးဧက(၆၅၄၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် (၆၅၄၃)ဧက ရိတ်သိမ်းခဲ့ကြ၍ (၂၂.၃၇)တင်းနှုန်းထွက်ရှိပြီး စုစုပေါင်း အထွက်တင်း(၁၄၆၃၆၇)တင်းထွက်ရှိခဲ့သည်။ လျာထားဧကထက်(၃၆)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ ဆောင်းနေကြာကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ ဇန်နဝါရီလနောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ တို့တွင် စတင်ရိတ်သိမ်းကြကြောင်း သိရပြီး ပုပ္ပားမြောက်ဘက်ခြမ်းရှိ ကျေးရွာများ၊ မြောက်တော ကျေးရွာ၊ ကြက်ပစ်၊ လက်ပံပျားကျေးရွာ၊ တောင်ဦး၊ စင်မြင့်၊ ဗြိစင်အင်း စသည့်ကျေးရွာများတွင် အဓိက အားထားစိုက်ပျိုးကြကြောင်း၊ ဆောင်းနေကြာတစ်တင်းလျှင်(၅၀၀၀၀/၅၅၀၀၀)ကျပ်ဖြင့် ကျေးရွာအတွင်းရှိ ဆီစက်များသို့ ရောင်းချကြောင်း၊ အချို့ကိုမိမိအိမ်စားသုံးရန်ဆီကြိတ်ခွဲကြ ကြောင်း၊ နေကြာတစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်အနေဖြင့်(၇၂၂၀၀၀)ကျပ်ခန့် ကုန်ကျနိုင် ကြောင်းနှင့် တောင်သူအနေဖြင့်နေကြာတစ်ဧကလျှင် အကျိုးအမြတ်မှာ(၄၀၀၀၀၀)ကျပ် နီးပါး အကျိုးအမြတ် ရရှိနိုင်ကြောင်း၊ ကျောက်ပန်းတောင်းမြို့ အညာတောင်သူများသည် နေကြာသီးနှံကို စိုက်ပျိုးမှု အနေဖြင့် ဆင်းရွှေကြာ-၂ ၊ ရေဆင်း-၁ စပ်မျိုးနေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

မြိတ်မြို့၊ ဒေသထွက်ကြက်ဥဈေးနှုန်း

   တနင်္သာရီတိုင်း၊ မြိတ်မြို့ဒေသထွက်ကုန်များထဲမှ ကြက်ဥကိုတစ်နိုင်တစ်ပိုင်မွေးမြူကြသလို စီးပွားဖြစ်လုပ်ကိုင်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ကြက်ဥတွင် မွေးမြူရေးကြက်ဥရှိသလို ကြက် ကြမ်း (ဗမာကြက်) ဥ ဟူ၍နှစ်မျိုးရှိပြီး ကြက်ကြမ်းဥသည် ကျန်းမာရေးအတွက် အဟာရဓါတ် ဖြည့်စွတ်ပေးနိုင်ခြင်းကြောင့် စျေးကောင်းရရှိလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ မတ်လစျေးနှုန်းအရ မွေးမြူရေးကြက်ဥတစ်လုံးလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ် ခန့်ရှိနေပြီး ကြက်ကြမ်းဥစျေးနှုန်း မှာ ၈၀၀ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၆,၇၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ ဧပြီလ ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်၆,၇၃၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

              အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း