ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မင်းကွတ်သီးနှင့်ကြက်မောက်သီးဈေးနှုန်း

        မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အနံ့အရသာ ရှိကြောင်း၊ အခွံအညိုရောင်ရှိပြီး နွှာလိုက်လျှင် အထဲမှာ အဖြူရောင်အမြွှာလေးဖြစ်ကြောင်း၊ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အအီပြေစေတဲ့အသီးအဖြစ် လူတော်တော် များများက စားကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် မင်းကွတ်သီးများကို မော်လ မြိုင်မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် မင်းကွတ်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ (၁၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် အလုံးသေးလျှင်(၄၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကြက်မောက်သီးသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အကျိုးကျေးဇူး များစွာရရှိစေသော ရာသီပေါ်အသီးအနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဈေးငြိမ်ကာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                                         

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် နဂါးမောက်သီး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့်အတွင်းသား အနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါ ရောင်နှင့်အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြသည်။

     ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီးများ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်းရောင်းချနေကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ ၇-၈ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် ၅-၆ လခန့် ဝင်ငွေရရှိနိုင်သော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဇူလိုင်လ စတုတ္ထပတ် အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၅၀၀မှ ၁၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ဂန္ဓာမာပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိ”

  ကျောက်ဆည်မြို့နယ် ၊ ထားဝယ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် ဂန္ဓာမာပန်းမျိုးစုံကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချသည့် မိသားစုများ ရှိကြောင်း၊ စိုက်ပျိုးထားသော ဂန္ဓာမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ရွှေဝါဝင်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်း၊ ပန်းပျိုး ပင်များကို ပြင်ဦးလွင်မြို့အနီးစခန်းကျေးရွာများမှ တစ်ပင်လျှင်(၂၅/၃၀)ကျပ်အထိ ပန်းအမျိုးအစား အလိုက် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပျိုးပင်ရေ(၆)သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄)လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ ရောင်းချရာတွင် ပန်းခိုင်(၁၀)ခိုင်ခန့် ပါဝင်သောပန်းတစ်စည်းလျှင် ပန်းလှပမှုနှင့် ပန်းအမျိုးအစား ပေါ်မူတည်၍ လက်လီဈေးနှုန်းအနေဖြင့် (၂၀၀၀-၂၅၀၀)ကျပ်နှုန်းခန့် ရောင်းချရကြောင်း၊ ပန်းစတင်ခူးဆွတ်ချိန်မှ အပြီးရိတ်သိမ်းချိန်အထိ ပန်းအစည်းပေါင်း (၂၅၀၀)ခန့် ထွက်ရှိပြီး၊ လက်ကားဈေး တစ်စည်းကို (၁၇၀၀/-)ကျပ်ဖြင့် ရောင်းချရသောကြောင့် တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၂၅)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၁၇)သိန်း ကျပ်ခန့်အမြတ်ရရှိကြောင်း၊ ဂန္ဓာမာပန်းများကို နှစ်ပတ်လည်စိုက်ပျိုး ရောင်းချသူများ အနေဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မေမြို့ပန်းဈေးနှုန်းဈေးကွက်နှင့်စိုက်ပျိုးမှုအခြေအနေ”

  ကျောက်ဆည်မြို့နယ်အတွင်း ပင်တလည်ကျေးရွာတွင် ပန်းမျိုးစုံစိုက်ပျိုးသည့်အနက် မေမြို့ပန်းများလည်း စိုက်ပျိုးလျက်ရှိကြောင်း ၊ မေမြို့ပန်းများသည် အစုလိုက်၊အခိုင်လိုက်ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊အနီ၊ပန်းရောင်၊ဗေဒရောင် ဟူ၍ ရှိကြပြီး ရိုးစိမ်းအဖြူ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင် ပန်းပွင့်ပုံကို မူတည်၍ အခေါ်အဝေါ် အမျိုးမျိုး ရှိကြပါသည်။ မည့်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်နိုင်သော်လည်း ပန်းပွင့် အထွက်ကောင်းစေရန် ၊ အရည်အသွေးကောင်းမွန်၍ပန်းအရောင်များလှပစေရန်အတွက် သဘာဝမြေသြဇာများကြွယ်ဝသော မြေဖြစ်ရန်လိုအပ်ပြီး ရေမဝပ်စေဘဲ ခြောက်သွေ့သော ရာသီဥတုတွင် ပုံမှန်ရေလောင်းပေးရန် လိုအပ်ပါသည်။ ပန်းမျိုးစေ့များအား ပန်းများအများဆုံး ထွက်ရှိရာ ပြင်ဦးလွင်မြို့မှ မှာယူရကြောင်း၊ ပျိုးထောင်ပြီး ပျိုးသက်(၆)ပတ်ခန့်ရှိသော ပျိုးပင်များကို စိုက်ဘောင်များသို့ ပြောင်းရွေ့စိုက်ပျိုးရ ကြောင်း၊ ပျိုးပင်များကို မေလဆန်းတွင် စတင်စိုက်ပျိုးပါက ဇွန် ၊ ဇူလိုင်များတွင် ပန်းပင်များကို စတင်နှုတ်ယူရောင်းချနိုင်ပြီဖြစ်ပြီး အပင်အရေအတွက်၊ အရွယ်အစား ၊အရောင်ကိုလိုက်၍ ဈေးများ ကွာခြားချက်ရှိကြောင်း၊ မေမြို့ပန်းအရိုင်းစည်းတစ်စည်းလျှင်(၃၀၀၀/-)ကျပ်၊ (၁၀)ပင် တစ်စည်းလျှင် (၁၀၀၀/-)ကျပ်နှုန်းဖြင့် ဈေးများအတွင်းရောင်းချလျှက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် (၁၀)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၈)သိန်းကျပ်ခန့်အမြတ်ရရှိကြောင်း ၊ မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကာ စားဝတ်နေရေးပြေလည်သောကြောင့် မေမြို့ပန်းများ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၄၂၀၀)ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၄၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထမင်းဝိုင်းများတွင် ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် မည်သည့်ဟင်းလျာဖြင့်ဖြစ်စေ တွဲဖက်စား၍ရသည့် အရန်ဟင်း တခွက်ဖြစ်ပြီး ခံတွင်းမြိန်စေကြောင်း၊ ဆီတို့ဟူကို ကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြ သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဘူးပင်စိုက်ပျိုးဝင်ငွေတိုး”

  ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ငရုတ်တို့အပြင် ဘူးပင်များကိုစီးပွားဖြစ် စိုက်ပျိုးလာကြပါ သည်။ဘူးပင်ကို ကျောက်ဆည်မြို့နယ် ၊ ပင်တလည်ကျေးရွာနှင့်ပေါင်လောင်ကျေးရွာများ၌ မြစ်ဘေး တလျှောက်တွင် စိုက်ပျိုးကြပါသည် ။ စိုက်ပျိုးမည်ဆိုပါက မြေဆွေး၊မြေဆီများကို သမအောင် ရောမွှေပြီး စိုက်ဘောင်ပြုလုပ်၍ စိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသည့် ဘူးမျိုးများမှာ ဘူးသပိတ်၊ဘူးလည်လှ၊ဘူးရှည် မျိုးများကိုစိုက်ပျိုးကြကြောင်း၊ဘူးပင်သည်နှစ်ပတ်လည်စိုက်ပျိုး၍ရ သောအပင်ဖြစ်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သား အပါအဝင် စုစုပေါင်း (၉၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ဘူးပင်စိုက်ပျိုးပြီး(၇၅-၉၀)ရက်အကြာတွင် အသီးများစတင် ခူးဆွတ်၍ရကြောင်း၊ဘူးသီးကို မနုမရင့် အနေတော်အနေအထားတွင်ခူးဆွတ်ကြပါသည်။ဘူး(၁)ဧက အထွက်နှုန်းအနေဖြင့်(၂၀၀၀-၂၅၀၀)လုံးခန့်ထွက်ရှိကြောင်း၊ ဘူးသီးစျေးနှုန်းအနေဖြင့် ဘူးသီးအနေ အထားပေါ်မူတည်၍ ဖောက်သည်စျေးတစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ်အထိရောင်းချရကြောင်း ၊ လက်လီစျေးအနေဖြင့် ဘူးသီးတစ်လုံးလျှင်(၁၃၀၀-၁၅၀၀)ကျပ် စျေးနှုန်းများရှိကြောင်း ၊ အကျိုး အမြတ်အနေဖြင့် (၁၆၀၀၀၀၀/-)ဝန်းကျင်ခန့်မြတ်ကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း ၊ ပွဲစားများမှ ဘူးသီးများကို ခရီးသည်တင်ကားများဖြင့် ရန်ကုန်၊ မော်လမြိုင်၊ညောင်တုန်းနှင့်မန္တလေးမြို့ရှိစျေးများသို့ ပို့ဆောင်ရောင်းချကြကြောင်း ၊ ဘူးသီးစိုက်ပျိုး ခြင်းဖြင့် ဘူးညွန့်ပါရောင်းချရကြောင်း ၊ ဘူးညွန့် တစ်စည်းလျှင်(၅၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းချရ သောကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ဘူးပင်စိုက်ပျိုးပြီးစျေးကောင်းရသောကြောင့် တောင်သူများအကျိုးအမြတ်များကြောင်း ၊ ဘူးစိုက်ပျိုးသော ပင်တလည်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့ သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် လိမ္မော်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး၊ အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံပြီး၊ အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရင့်ရောင် စသည်ဖြင့် အရောင် အမျိုးမျိုးရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၅၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာ လျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှုနည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ပဲတီစိမ်း(မိုးကြို/မိုး)များ ဖြိုင်ဖြိုင်ထွက်ပေါပြီး စျေးကောင်းရ”

 မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် ပဲတီစိမ်း(မိုးကြို/မိုး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ်တွင် မြစ်သားမြို့နယ်တွင် (၁၀၈၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းမျိုးအနေဖြင့် ရေဆင်း-၁၁ ၊ ရေဆင်း-၁၂ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၅-၆)ပြည်ခန့်ကုန်ကျကြောင်း ၊ မျိုးစေ့ စျေးနှုန်း အနေဖြင့် (၁)ပြည်လျှင် (၆၀၀၀/-)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၈၀၀၀၀၀/-)ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရပါ သည်။ ပဲတီစိမ်း (မိုးကြို/မိုး)ကို မတ်လတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် အချို့ပဲတီစိမ်း စိုက်ခင်းများမှာ ရိတ်သိမ်းပြီးစီးပြီး အချို့မှာ ရိတ်သိမ်းရန်အနည်းငယ်သာကျန်ကြောင်း ၊ အထွက်နှုန်း အနေဖြင့် (၁၅-၂၀)တင်းခန့် ထွက်ရှိကြောင်း ၊ ယခင်နှစ် ပဲတီစိမ်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ပြီး ပေါ်ကာစအချိန်တွင် ပဲတီစိမ်းတစ်တင်းလျှင်(၁၂၇၀၀၀/-)ကျပ်ရှိရာမှ ယခုအချိန်တွင် ပဲတီစိမ်းအရည်အသွေး၊စျေးကွက်အခြေအနေများကြောင့် တစ်တင်းလျှင်(၁၂၀၀၀၀/-) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပွဲရုံများမှတစ်ဆင့် စျေးကွက်ရှိရာ မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ (၁)ဧက အကျိုးအမြတ်အနေဖြင့် သီးနှံအရည်အသွေးပေါ် မူတည်ပြီး (၁၀၀၀၀၀၀-၁၆၀၀၀၀၀)ကျပ် ဝန်းကျင်မြတ်ကြောင်း ၊ ယခုနှစ်တွင် ပဲတီစိမ်းစျေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း ပဲတီစိမ်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၁.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၄၈၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၅၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၈၇ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၆၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၈၇ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၄၇၂ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၃၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၃၂၅၄၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၈၂၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၀၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၇၂၀ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၅၄၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၈၃၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၀၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၄၂၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိ ရပါသည်။

          ၂၁.၇.၂၀၂၅ ရက်နေ့တွင် ဆန်ဝင်ရောက်မှုမှာ အိတ်ရေ(၄၆၈၃၅) ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်း များမျာ ယခင်နေ့များအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“မိုးကြိုဝါများစတင်ထွက်ရှိ”

 ဝါသီးနှံအား မြန်မာနိုင်ငံတွင် မိုးကြိုရာသီ ၊ မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုး လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် မိုးကြိုဝါများ စတင်ထွက်ပေါ်လျှက်ရှိပါ သည်။ယခင်နှစ်တွင် မိုးကြိုဝါအား(၁၀၁၀)ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်(၂၁၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ မိုးကြိုဝါအား ဖေဖော်ဝါရီလ လယ်မှမတ်လအတွင်းစတင်စိုက်ပျိုးပြီး တောင်သူများမှာ Raca နှင့် B 31 မျိုးများကို စိုက်ပျိုးကြ သော်လည်း တောင်သူအများစုမှာ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသည့် Raca မျိုးကို  အများဆုံး စိုက်ပျိုးကြပါသည် ။ Racaမျိုးကို အချို့ တောင်သူများက ကုမ္ပဏီထံမှ ဝယ်ယူပြီးစိုက်ပျိုးကြသော်လည်း အချို့မှာ ယခင်နှစ် ဝါသီးနှံပေါ်ချိန်တွင် ဝါကောက်ပြီးမျိုးအဖြစ် ပြန်လည်အသုံးပြုကြပါသည်။ ဝါစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ပျိုးထုတ်ဝယ်ယူ၍ စိုက်ပျိုးပါက မျိုးစေ့ထုတ် (၂)ထုတ်ကုန်ကြပြီး ယခင်ဝါသီးနှံပေါ်ချိန်၌ ကောက်ယူထားသော မျိုးစေ့အား အသုံးပြုပါက (၅)ပိဿာခန့် ကုန်ကျကြောင်း ၊ မျိုးစေ့ (၁)ထုတ်လျှင် (၅၀၀၀၀/-)ကျပ်နှင့် မျိုးစေ့ (၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ကုန်ကျကြောင်း ၊ မျိုးစေ့ထုတ်ဖြင့် စိုက်ပျိုးပါက (၁) ဧကလျှင် (၁၀၀၀၀၀/-)ကျပ် ကုန်ကျပြီး ဝါကောက်ပြီး ရယူထားသောမျိုးစေ့ စိုက်ပျိုးပါက (၁)ဧကလျှင် (၂၀၀၀၀/-)ကျပ် ကုန်ကျပါသည် ။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ နွားရှဉ်းခ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၉၀၀၀၀၀-၁၀၀၀၀၀၀)ကျပ်အထိ ကုန်ကျကြောင်း၊ ဝါထွက်ရှိမှု အနေဖြင့် ယခင်နှစ်တွင် ဝါဖြစ်ထွန်းမှုအပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၈၀၀-၁၀၀၀)အထိ ထွက်ရှိပြီး ဝါစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် စတင်ထွက်ရှိချိန်တွင် (၃၀၀၀-၃၅၀၀)ကျပ် ရရှိ၍ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဝါအရည်အသွေးကောင်းပါက (၄၀၀၀/-)ကျပ်အထိ ရရှိခဲ့ကြောင်း ၊ ယခုနှစ်တွင်စတင်ထွက်ပေါ်ချိန်၌ဝါ(၁)ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ်စျေးနှုန်းရှိပြီး ဝါသီးနှံလှိုင်လှိုင် ထွက်ပေါ်ချိန်တွင် ယခင်နှစ်ကဲ့သို့ စျေးနှုန်းများမြင့်တက်လာနိုင်ပြီး ဝါစိုက်တောင်သူများအတွက် အကျိုးအမြတ်များဖြစ်ထွန်းလာနိုင်ကြောင်း ဝါကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း