ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆောင်းသီးနှံပဲကြီး အောင်မြင်စွာစိုက်ပျိုးပြီးစီး

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ မင်းဂံ၊ ဇီးတော စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ဇီးတောကျေးရွာ၌ ဆောင်းသီးနှံအဖြစ် ပဲကြီးသီးနှံကို စိုက်ပျိုးကြောင်း သိရှိရပါသည်။

          ဇီးတောကျေးရွာ၌ ပဲကြီးစိုက်တောင်သူ(၁၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၁၀)ဧကဝန်းကျင်ခန့်ရှိ ကြောင်း၊ မိမိအနေဖြင့် ပဲကြီး(၁)ဧကစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ကျဲပက်စနစ်ဖြင့်စိုက်ပျိုး ပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကိုယခင်နှစ်က ပဲကြီးစိုက်ခင်းမှထွက်ရှိသည့် ပဲကြီးစေ့များ ကိုမျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊  ပဲကြီးကို သီတင်းကျွတ်လတွင်စတင် စိုက်ပျိုးပြီး တပို့တွဲလတွင်ခူးဆွတ်ရကြောင်း၊ ပဲကြီးမှာ ပိုးကြိုက်သောသီးနှံဖြစ်၍ စိုက်ပျိုးစဉ် တလျှောက် ပိုးသတ်ဆေး၊ အားဆေး(၃)ကြိမ်စီ ပက်ဖြန်းပေးရကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၁၅၀၀၀၀)ကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင်စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းနေဖြင့် ယခင်နှစ်က (၁)ဧကလျှင်(၁၅)တင်းခန့်ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀) ထိဈေးရရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့်ပဲကြီးများကို အထက်မင်းလှမြို့ပွဲရုံများသို့ တင်ပို့ရောင်းချ ပါကြောင်း၊  ယခုနှစ်တွင်မှု အထွက်နှုန်းအနေဖြင့်မသိရှိရသေးပါကြောင်း ဇီးတောကျေးရွာနေ ပဲကြီး စိုက်တောင်သူ ဦးအောင်ဆန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

“ထောပတ်ပဲစိုက်ပျိုးမှု အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ပဲမျိုးစုံသီးနှံများအား ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ထောပတ်သီးနှံအား မြစ်သားမြို့နယ်တွင် ထောပတ်ပဲစိုက်ဧက(၁၆၀)ဧက စိုက်ပျိုးထားရှိပြီး ကျီတိုင်၊ သရက်ပင် နှင့် ကံဆွယ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထောပတ်ပဲတွင် ပင်ထောင်ပဲနှင့် ပင်ပြန့်ပဲဟူ၍(၂)မျိုးရှိပြီး ပင်ထောင်ပဲ အစေ့ကကြီးပြီး ပင်ပြန့်ပဲကအစေ့သေးကြောင်း ၊ မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသောမျိုးမှာ ပင်ပြန့်ပဲဖြစ်ကြောင်း၊(၁)ဧကစိုက်ပျိုးမှုအနေဖြင့် မျိုး(၁၀)ပြည်ကုန်ကျကြောင်း၊ ထောပတ်ပဲစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၁၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ အောက်တိုဘာလကုန်ပိုင်းတွင် စိုက်ပျိုးပြီး ယခုဇန်နဝါရီလဆန်းတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ ထောပတ်ပဲသက်တမ်းမှာ စိုက်ပျိုးပြီး (၂)လကျော်တွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၅-၆)တင်းခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ်တွင် ထောပတ်ပဲ စျေးနှုန်းအနေဖြင့် (၁)တင်းလျှင် (၆၆၀၀၀)ကျပ်စျေးနှုန်းများရှိပြီး ယခုလက်ရှိထောပတ်ပဲ (၁)တင်းလျှင် (၁၅၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသော ထောပတ်ပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

ပခုက္ကူမြို့ပေါ်တွင် စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားအုန်းဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိ

     ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ကြီးကြပ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့၌ ပခုက္ကူမြို့ပေါ်တွင် စားအုန်းဆီများကို ဈေးကား/အရောင်းဆိုင်များဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်၊ အချင်အတွယ်ပြည့်/မပြည့်ကို ကွင်းဆင်းကြပ်မတ်ခဲ့ပါသည်။

     "ကံသာတိုး"ဆီဆိုင်အနေဖြင့် အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၇၅၁)စုအား ဆီပေပါ (၅၀) ပေပါကိုလည်းကောင်း၊ "ဆင်မင်း" ဆီဆိုင်မှ အမှတ်(၁)၊ (၇)၊ (၈)၊ (၉)၊(၁၀)ရပ်ကွက်များရှိ အိမ်ထောင်စု(၂၃၉၃)စု အား ဆီပေပါ(၄၄) ပေပါကိုလည်းကောင်း၊ “SSS” ဆီဆိုင်မှ  အမှတ်(၂)၊ (၅)၊ (၆) ရပ်ကွက်များရှိ အိမ်ထောင်စု(၂၄၁၆)စုအား ဆီပေပါ(၄၄) ပေပါကိုလည်းကောင်း၊ “ထွန်း” ဆီဆိုင်မှ အမှတ်(၁၁)၊ (၁၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၂၈၇)စုအား ဆီပေပါ (၄၂) ပေပါကိုလည်းကောင်း၊ "သော်ဇင်ထွန်း" ဆီဆိုင်မှ အမှတ်(၁၅)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၇၁၁) စုအား ဆီပေပါ(၅၀) ပေပါကိုလည်းကောင်း၊  "ဟန်ဇင်ထွဋ်" ဆီဆိုင်မှ အမှတ်(၁၃)၊ (၁၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၃၄၂)စုအား ဆီပေပါ (၄၂) ပေပါကိုလည်းကောင်း တစ်ပိဿာလျှင် ကျပ်(၅၄၀၀)ဖြင့် အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းရောင်းချခဲ့ပြီး စုစုပေါင်းဆီပေပါ (၂၇၂) ပေပါဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရှိရပါ သည်။

DOCA(မကွေး)

ရွှေဘိုဈေးကွက်၌ ဇန်နဝါရီလ (တတိယပတ်)တွင် ပဲစင်းငုံ(နီ)များ အရောင်းအဝယ်ဖြစ်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများ၏ အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစင်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း တတိယပတ်တွင် ပဲစင်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ ယခုဇန်နဝါရီလ တတိအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ(၁၃၅၀၀)တင်း/(၄၄၁)တန်ဖြစ်ကြောင်း၊ ယခင်ဇန်နဝါရီ ဒုတိယအပတ်နှင့် ယခုတတိအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၂၀၀ဝိ/-)ဈေးပိုရရှိခဲ့ကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲစဉ်းငုံသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌  ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိပြီး ဈေးကောင်းရရှိကာ ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်းသိရှိရပါသည်။

         ဇီးတောကျေးရွာ၌ ပဲစဉ်းငုံစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၀၀)ဧကဝန်းကျင်ရှိကြောင်း၊ မိမိအနေဖြင့် (၁)ဧကစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲ၍ စိုက်ပျိုး ကြောင်း၊ မျိုးကို ယခင်နှစ်ကပဲစဉ်းငုံစိုက်ခင်းမှထွက်ရှိသည့် ပဲစဉ်းငုံပဲများကိုမျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျကြောင်း၊  စိုက်ပျိုးရာတွင် နယုန်လ တွင် စတင်စိုက်ပျိုးပြီး နတ်တော်လတွင် ရိတ်သိမ်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၁၀၀၀၀၀)ခန့်သာကုန်ကျပြီး ယခုနှစ်တွင်မှု သွင်းအားစုစရိတ် မြင့်တက်လာ၍ ကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျခဲ့ပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် တင်း(၂၀) ထွက်ရှိပြီး ယခုနှစ်တွင် (၂၅)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်က (၁)တင်းလျှင် ကျပ်(၅၅၀၀၀) သာရရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်(၁၁၁၀၀၀)ထိရရှိခဲ့ပါကြောင်း၊ တစ်ရွာလုံးစုစုပေါင်း ပဲစဉ်းငုံစိုက်ဧက (၁၀၀)ဧကမှ ပဲစဉ်းငုံတင်း (၃၀၀) ကျော်ထွက်ရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့်ပဲစဉ်းငုံ များကို အထက်မင်းလှမြို့ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပါကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိပြီး  ဈေးကောင်းလည်းရရှိသဖြင့် ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များ စွာရရှိခဲ့ပါကြောင်း ဇီးတောကျေးရွာနေ ပဲစဉ်းငုံစိုက်တောင်သူ ဦးအောင်ဆန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်ဈေးနှုန်း သုံးသပ်တင်ပြချက်

   ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၂.၆.၂၀၂၃) ရက်နေ့နှင့် (၂၁.၁.၂၀၂၄) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ကုန်ဈေးနှုန်း ပြောင်းလဲမှု အခြေအနေများမှာ ပေါ်ဆန်းဆန်၊ ဧည့်မထဆန်ဈေးနှုန်းတို့မှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန် (၃၀၀၀၀/-၊ ၃၅၀၀၀/-) ကျပ်၊ ဧည့်မထဆန် (၁၄၀၀၀/-) ကျပ်၊ မြင့်တက်နေကြောင်း တွေ့ရှိရပြီး ဓါတ်ဆီ၊ ဒီဇယ်ဆီ ၊ ဈေးနှုန်းများမှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်ပါက ဓါတ်ဆီဈေးနှုန်းမှာ တစ်ဂါလန်လျှင် (၂၁၈၂/) ကျပ်၊ ဒီဇယ်ဈေးနှုန်းမှာ (၁၈၈၉/) ကျပ် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ရည်ညွှန်းဈေးပေါ်မူတည်ပြီး အတက်၊ အကျဖြစ်ပေါ်နေသည်ဟု သုံးသပ်ရပါ သည်။

   စားအုန်းဆီ ဈေးနှုန်းမှာလည်း (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၅၂၀/) ကျပ် လျော့ နည်းကြောင်းတွေ့ရှိရပါသည်။ (ရည်ညွှန်ဈေး+သယ်ယူစရိတ် +၂%) ရောင်းချနေခြင်းကြောင့် ဖြစ်ပြီး ရွှေ ဈေးနှုန်းအနေဖြင့် (၁၂.၆.၂၀၂၃) ရက်နေ့နှင့်နှိုင်းယှဉ်ပါက ၁၆ ပဲရည် (၇၇၀၀၀၀/) ကျပ် ၁၅ ပဲရည် (၇၃၀၀၀၀/) ကျပ် ဈေးနှုန်းများ မြင့်တက်နေကြောင်းတွေ့ရှိရပြီး ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် ရန်ကုန်မြို့ရှိ ရွှေလက်ကားရောင်းဝယ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင်များ၏ ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

    ထိုပြင့် စားဖို‌ဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ (ရှမ်းဖြူ)၊ အာလူး ဈေးနှုန်းမှ (၁၂.၆.၂၀၂၃) ရက်နေ့ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းများမြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ အသားဈေးနှုန်းများမှာ စည်ပင်သာယာရေးအဖွဲ့၏ ထိန်းကြောင်းကြပ်မတ်မှုကြောင့် ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း (၁) ပိဿာ လျှင် (၅၀၀၀/-၊ ၆၀၀၀/-) ကျပ် မြင့်တက်ရခြင်းမှာ ငါးကြင်းမှာ အခြားမွေးမြူရေးငါးများထက် ကြီးထွားနှုန်းနှေးကွေးခြင်းနှင့် သွင်းအားစုအစာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ပခုက္ကူမြို့တွင် မြေပဲဆံဈေးနှုန်းများ ပြန်လည်မြင့်တက်နေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါ သည်။ ယခုအခါတွင်  မြေပဲဆံဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေကြောင်း၊ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့၏ အနောက်ဘက်ရှိရွာများမှ လာရောက်အရောင်းအဝယ်ဖြစ်နေပါသည်။  မြေပဲအခွံပါအတောင့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၄၃၅၀)၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲ(ပြန့်ဆံ) တစ်ပိဿာလက်ကားဈေးမှာ မြေပဲဆံအလုံး/ အသေးအကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင်  ကျပ် (၅၉၀၀-၆၂၀၀-၆၃၀၀)၊ ဒုတိယအပတ်တွင် မြေပဲ(ပြန့်ဆံ) တစ်ပိဿာလျှင်  ကျပ်(၆၃၅၀-၆၄၀၀-၆၅၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင် မြေပဲ(ပြန့်ဆံ) တစ်ပိဿာလက်ကားဈေးမှာ တစ်ပိဿာလျှင်  ကျပ် (၆၆၀၀-၆၇၀၀-၆၈၀၀)ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာလျှင်  ကျပ် (၄၀၀မှ ၅၀၀)ထိဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်သွက်နေကြောင်း  ကုန်သည်များထံမှသိရှိရပါသည်။

      ထိုသို့ မြေပဲဆံဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ မြေပဲဆုံဆီဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်နေပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲဆုံဆီဈေးနှုန်းမှာ ကျပ်(၁၃၅၀၀- ၁၄၀၀၀)၊ မြေပဲဖတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၂၀၀) ရှိခဲ့ပြီး ယခုဇန်နဝါရီလ (တတိယပတ်)တွင် မြေပဲဆုံဆီဈေးမှာ ကျပ်(၁၄၅၀၀- ၁၅၀၀၀)၊ မြေပဲဖတ်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၃၀၀) ဖြစ်ကြောင်း၊ ဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ တင်ပို့မှုမှာလည်း ယခင်လများထက် ဝယ်ယူမှုများပြားနေကြောင်း၊ ဈေးနှုန်းမြင့်တက်လာသည်နှင့် အမျှ အရောင်းအဝယ်လည်းသွက်နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ခရမ်းချဉ်သီးဈေးနှုန်းများပြန်လည်မြင့်တက်လာ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် အိမ်ရှင်မများအတွက် ဟင်းလျာများထဲ၌ မရှိမဖြစ်အသုံးပြုသော ခရမ်းချဉ်သီးများဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် ပြန်လည်ဈေးနှုန်းမြင့်တက်ကြောင်း မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂) ဈေးနှင့် ပျံကျဈေးသည်များထံမှသိရှိရပါသည်။   ထိုင်ဝမ်ခရမ်းချဉ်သီးကို  ပခုက္ကူမြို့နယ်ရှိ ကျွန်းများဖြစ်သော ရွာသစ်ကုန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ကျွန်းဦး၊ ကျွန်းညို၊ ဆယ်ရွာ၊ နန်းတော်ရပ်အုပ်စုရှိကျေးရွာများ၊ မြစ်ခြေမြို့နယ်ရှိရွာများ၊ ကမ္မမြို့နယ်ရှိရွာများသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိရွာများတွင် တိုင်ထောင်ခရမ်းချဉ်သီးကို တစ်ကွင်းတစ်စပ်ရေသွင်း၍ စိုက်ပျိုးကြသည်။ ထွက်ရှိလာသောခရမ်းချဉ်သီးများကို မြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့ ၌ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်များထံမှသိရှိရ ပါသည်။

    ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ဇန်နဝါရီလ(ပထမပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ်(၈၀၀-၉၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၀၀-၇၀၀)၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်(၇၅၀-၈၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၅၀-၇၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၃၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၂၀၀)ဖြစ်၍ တစ်ပိဿာလျှင် ကျပ်(၃၀၀-၄၀၀)ထိ ဈေးနှုန်းများပြန်လည်မြင့်တက်နေကြောင်း မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)၊ ပျံကျဈေးသည်များထံမှသိရှိရပြီး နေ့စဉ် ကုန်ချိန် (၅၀၀၀မှ ၆၀၀၀)ထိဝင်ရောက်လျက်ရှိပါသည်။ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အပင်များရေသွင်းအားလျော့နည်းလာပြီး အသီးသီးနှုန်းများလျော့နည်းလာမှုကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်တွင် အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ စီမံပေးမှုအရ (၁၇-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင်  ကံမမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် ရေနံ့သာ၊ စပယ်ခြုံ၊ ကျွန်းကလေး၊ ကညင်တိုင်း၊ ကျောက်ပဒေါင်း၊ ကျေးရွာအုပ်စုများမှ အိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြစ်သည့်  စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၇၀၀) ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးမှုအား ကံမမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒေသကုန်သည်လုပ်ငန်းရှင်များအား စားအုန်းဆီများကို သက်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခပေါင်း၍ အမြတ်နည်းနည်းထက်မပိုသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်တို့ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့မှထွက်ရှိသည့် ကြောင်လျှာဆံနှင့် ဆီးသီးအစို/အခြောက်ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မြောက်ဘော၊ တောင်ဘော၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင် စသည့်ကျေးရွာများမှထွက်ရှိသည့် ကြောင်လျှာဆံဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကြောင်လျှာဆံတစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)ဈေးနှုန်းဖြင့် ပိဿာ(၆၀မှ ၈၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒုတိယအပတ်ထက် ကျပ်(၃၀၀၀) အမြင့်ဈေးဖြင့်ဝယ်ယူရပြီး ကြောင်လျှာဆံများကို အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည် ဦးမြင့်လွင်ထံမှသိရှိရပါသည်။

     ထို့ပြင် သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဆီးသီးအစို/အခြောက်များလည်းလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၀၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဒုတိယအပတ်ထက် ကျပ်(၅၀၀)အမြင့်ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ(၂၅၀မှ ၃၀၀)အိတ်ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးများကို ဆီးသီးခွဲစက်ဖြင့် ဆီးသီးမှဆီးဆံရရှိအောင် ကြိတ်ခွဲမည်ဖြစ်ကြောင်း၊ ဆီးဆံ(၁)တင်းလျှင် ယခုအချိန်တွင် ကျပ် (၅၃၀၀၀)ရှိကြောင်းနှင့် ဆီးဆံများရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း