ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြင့်တက်နေသော ပြည်ဆင်ခရမ်းချဉ်သီးဈေးကွက်

        ပြည်ဈေးကွက်သို့ ယခုနိုဝင်ဘာလ တတိယပတ်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဒေသမှထွက်ရှိသော ဆင်ခရမ်းချဉ်သီးများ နှစ်ရက်လျှင် (၁)ကြိမ်ဝင်ရောက်လျက်ရှိနေပြီး (၁၀)ကြိမ်လျှင် ကြီး၊ လတ်၊ သေး အရော အလုံးရေ (၇၀၀-၆၀၀)ခန့်ဝင်ရောက်မှုရှိနေပါသည်။ ယခုဝင်ရောက်မှုမှာ ဥသျှစ်ပင်ဘက်မှသာအဝင်ရှိနေပြီး ယခင်နှစ်ကာလတူဝင်ရောက်မှုမှာ တောင်ကုတ်၊ ပေါက်ခေါင်းနှင့် ဥသျှစ်ပင်ဒေသတို့မှ အလုံးရေ (၁၅၀၀)ခန့်ဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်လျော့နည်းဝင်ရောက်ကြောင်းသိရှိရပါသည်။ ဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ယခင်နှစ်တွင် အလုံးအကြီး/အသေးပေါ်မူတည်၍ ပျမ်းမျှ ကျပ်(၁၈၀-၂၀၀)ခန့်ရှိခဲ့ပြီး ယခုနိုဝင်ဘာလ တတိယပတ်တွင် ကျပ်(၃၅၀-၄၀၀)နှုန်းဖြင့် အသီးသီးရောင်းလျက်ရှိကာ ဈေးကွက်အတွင်း ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၏ အုန်းသီးဈေးကွက်

        ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အုန်းသီးများအရာင်းသွက်လျက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် လာရောက်ရောင်းချသော အုန်းသီးများမှာ ပေါက်ခေါင်းမြို့နယ်ရှိ ရေဦးရွာမှ ထွက်ရှိသော အုန်းသီးများဖြစ်ပြီး အခြားခရိုင်ဖြစ်သော နတ်တလင်းခရိုင်၊ ဆင်မြီးဆွဲ၊ သဲကုန်းမြို့နယ်များမှဝယ်ယူ၍လည်း တစ်ဆင့်ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန် ကာလသည် ဝါလကင်းလွတ်၍ ဘာသာရေးပွဲ၊ နတ်ပွဲနှင့် သာသနာရေးပွဲများပြုလုပ်ချိန်ဖြစ်၍ အုန်းသီးများ အရောင်းသွက်နေပြီး ဈေးကောင်းလည်းရရှိလျက်ရှိပါသည်။ ပေါက်ခေါင်းမြို့ရှိ ဈေးကွက်များတွင်ရောင်းချသော အုန်းသီးဈေးနှုန်းများအနေဖြင့် လက်ကားဈေးနှုန်းမှာ အုန်းသီးအကြီး (အချော) တစ်လုံးလျှင် ၄၅၀၀ကျပ်နှင့် အသေးတစ်လုံးလျှင် ၃၅၀၀ကျပဖြစ်ပြီး လက်လီဈေးနှုန်း များမှာ အကြီး (အချော) တစ်လုံးလျှင် ၅၀၀၀ကျပ်နှင့် အသေးတစ်လုံးလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ယခုအချိန်သည် အုန်းသီးအပင်ပိုင်ရှင်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများပါ တွက်ချေကိုက်လျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်ရောင်းချလျက်ရှိသော ဘူးသီးဈေးကွက်

         ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင်အပင်လည်းဖြစ်ပါသည်။ ဘူးသီးစိုက်ပျိုးရာတွင် ရေများများ လောင်းနိုင်မှသာ အပင်ကြီးထွားပြီး အသီးများများတင်နိုင်သော်လည်း ရေအများသွင်းမိ၍ အပင်ခြေရင်းတွင် ရေဝပ်သွားပြီး အမြစ်ကို လေမတိုးခဲ့လျှင် အမြစ်များရိကာ အပင်သေသွားနိုင်ပါသည်။ ဘူးပင်မျာကို ပြည်ဒေသတွင်း၌ စိုက်ပျိုးကြသည့်အပြင် ရွှေတောင်မြို့နယ်၊ ပုတီးကုန်းမြို့နယ်များတွင်လည်းစိုက်ပျိုးကြပါသည်။ ဘူးပင်မှာ အရွက်ကိုစားသုံးနိုင်သည့်အပြင် အသီးကိုလည်းစားသုံးရသဖြင့် ဘူးညွန့်ရော ဘူးသီးပါ ရောင်းချရပါသည်။ ဘူးသီးများစိုက်ပျိုးသော ကျေးရွာများမှ ပြည်ဈေးကွက်သို့ လာရောက်ရောင်းချကြောင်းသိရပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် ဘူးသီးတစ်စိတ်လျှင် ကျပ်(၅၀၀)ခန့်ရှိပြီး၊ ဘူးသီးတစ်လုံးဈေးနှုန်းမှာ အကြီးအသေးပေါ်မူတည်၍ ကျပ်(၃၀၀၀-၄၀၀၀)ထိဈေးနှုန်းများဖြင့် အသီးသီး ဈေးကွက်ထဲတွင် ရောင်းချနေကြကြောင်းသိရပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် မိုးစပါးများရိတ်သိမ်းနေပြီ

         တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ် မိုးစပါး ၈၉၁၀၀ဧကစိုက်ပျိုးထားရာ ယခုအခါ ရိတ်သိမ်းနေပြီဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော စပါးအမျိုးအစားများမှာ ထိုင်းနှံ ကောက်၊ ဆင်းသုခ၊ မနောသုခ၊ GW 11 နှင့် ဗျော့ထွန်းစပါးများဖြစ်ပါသည်။ ၁၆၅၄၀ဧကရိတ်သိမ်းပြီးစီးချိန် တွက်ချက်မှုအရ အထွက်နှုန်း ၉၈.၃၂ ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။

            ဒေသဓလေ့အရ စပါးတစ်တင်းကို ၁၅ပိဿာဖြင့်ဝယ်ယူလျက်ရှိရာ စပါးအမျိုးအစားပေါ် မူတည်၍ ကွင်းဈေး တင်း၁၀၀လျှင် ၁၈၀၀၀၀၀ကျပ်မှ ၁၉၂၀၀၀၀ကျပ်အထိရှိပြီး မြို့ပေါ်ရှိ  ဆန်စက်အရောက်ဈေးမှာ ၁၉၀၀၀၀၀ကျပ်မှ ၂၀၀၀၀၀၀ကျပ်အထိရှိပါသည်။ ၁၅ပိဿာသည် ၅၄ပေါင်ရှိရာ ၄၆ပေါင်ဖြင့်တွက်ချက်ပါက စပါးတင်း၁၀၀လျှင် ကွင်းဈေး ၁၅၃၀၀၀၀ကျပ်မှ ၁၆၃၅၀၀၀ကျပ်အထိ၊ စက်ရုံအရောက်ဈေး  တင်း၁၀၀လျှင် ၁၆၂၀၀၀၀ကျပ်မှ ၁၇၀၀၀၀၀ကျပ်အထိရှိပါသည်။

          တောင်သူလယ်သမားအများစုမှာ ကွင်းထဲအရောက် လာရောက်ဝယ်ယူသည့် စပါးပွဲစားများသို့ရောင်းချပေးကြပြီး တောင်သူလယ်သမားတချို့မှာ စက်ရုံအရောက်သယ်ယူ၍ ကြိတ်ခွဲပြီး ထွက်ရှိသည့်ဆန်နှင့်ဆန်ထွက်ပစ္စည်းကို ပြန်လည်ရောင်းချကြပါသည်။ စက်ရုံအရောက်သယ်ယူ၍ ကြိတ်ခွဲထွက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းသည် ကွင်းထဲတွင်ရောင်းချခြင်းထက် အကျိုးအမြတ်အနည်းငယ်ပိုကြောင်း တောင်သူလယ်သမားတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ ထောပတ်သီးများ

        တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ထောပတ်သီးများပေါ်နေပြီဖြစ်ရာ ရောင်းအားကောင်းလျက်ရှိပါသည်။ ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ တင်သွင်းလာခြင်းဖြစ်ပါသည်။ အရသာမှာ ဆိမ့်ပြီး အချိုဓာတ်ပေါ့သဖြင့် သကြားနှင့်ပေါက်၍ စားသုံးနိုင်သည့်အပြင် ထောပတ်သီးဖျော်ရည်ပြုလုပ်၍လည်းသုံးဆောင်နိုင်ပါသည်။

          ထောပတ်သီးသည် အဆီဓာတ်ကြွယ်ဝစွာပါရှိသဖြင့် ထောပတ်ဆီထုတ်ယူနိုင်ပါသည်။ ထောပတ်ဆီကို Smoothie (ဖျော်ရည်) လုပ်ရာတွင် လက်ဖက်ရည်စားဇွန်း ၁ဇွန်းထည့်နိုင်ပါသည်။ အသီးအရွက်သုပ်စားရာတွင် ထောပတ်ဆီကို အပေါ်မှဆမ်းနိုင်ပါသည်။ အသားများကင်ရာတွင် မကင်မီ ထောပတ်ဆီဖြင့် နယ်ထားနိုင်ပါသည်။ မုန့်ဖုတ်ရာတွင် ထောပတ်ဆီကို အသုံးပြုနိုင်ပါသည်။

             ထောပတ်သီးတစ်လုံးလျှင် အသေး ၅၀၀ကျပ်၊ အလတ် ၁၀၀၀ကျပ်နှင့် အကြီး ၁၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ထောပတ်ဘုရင်ဟုတင်စားခေါ်ဝေါ်သည့် Hass ထောပတ်အား တစ်ကီလိုဂရမ်လျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သစ်သီးဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် ရှမ်းပြည်မှဝင်ရောက်လာသော ခရမ်းချဉ်သီးများ ဈေးတက်

        ဖြူးမြို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသမှဝင်ရောက်လာသော ခရမ်းချဉ်သီးများမှာ အဆမတန် ဈေးမြင့်တက်လျက်ရှိပါသည်။ ယခင်နှစ်က ခရမ်းချဉ်သီးများမှာ ဈေးနှုန်းအသင့်အတင့်သာရှိခဲ့ပါသည်။

           ယခုနှစ် ခရမ်းချဉ်သီးဈေးနှုန်းမှာ နိုဝင်ဘာလ ပထမပတ်တွင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိမြင့်တက်ခဲ့ပါသည်။

         ယခုနှစ်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်ရကြောင်း၊ အညာဒေသမှ တိုင်ထောင်ခရမ်းချဉ်သီးများနှင့် ဒေသခရမ်းချဉ်သီးများပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ခရမ်းချဉ်သီးရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့သို့ ရှမ်းပြည်နယ်မှဝင်ရောက်လာသော ယာကွန်ဥ

        ရှမ်းပြည်နယ်ဒေသထွက်ကုန်ဖြစ်သော ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥလေးများကို တောင်ငူမြို့ရှိ ဈေးကွက်ထဲတွင် အများအပြားတွေ့ရှိလာရပါသည်။  ယာကွန်ဥများကို မြေအောက်မှ တူးယူရရှိပါသည်။ ယာကွန်ဥကို ပြုတ်စရာမလိုဘဲ အခွံခွာ၍ အစိမ်းစားနိုင်ပါသည်။

            ယာကွန်ကဥများကို စားသုံးခြင်းအားဖြင့် ဆီးချိုရောဂါကိုကာကွယ်နိုင်ပေးနိုင်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။ ယာကွန်ဥ၏အရသာမှာ အရည်ရွှမ်းသောကြောင့် စားပြီးလျှင် အေးမြသောအရာသာကိုရရှိစေပါသည်။

            ကျန်းမာရေးကိုအကျိုးပြုသော ယာကွန်ဥမျာကို လူကြီးလူငယ်မရွေး စားသုံးသင့်ပါသည်။ ယာကွန်ဥတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိရောင်းချကြောင်း တောင်ငူမြို့ဈေးများမှသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ပင်ဆိုင်စိုက်ပျိုးခြင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

              ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ရွာရှိ တောင်သူဒေါ်နွယ်နွယ်ဝင်း၏ ပင်ဆိုင်စိုက်ခင်းသို့ (၁၃.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သွားရောက်လေ့လာခဲ့ရာ ပင်ဆိုင်ပင်များကို သီတင်းကျွတ်လတွင် စိုက်ပျိုးပြီး တစ်လကြာလျှင် ပင်ဆိုင်ပင်များကိုနုတ်ယူ ရောင်းချ၍ရပါသည်။ ပင်ဆိုင်ပင်ကို တစ်ပင်နှင့်တစ်ပင် ၁ပေ အကွာတွင် စိုက်ပျိုးပြီး မြောင်း(၁၀)မြောင်းတူး၍ မြောင်း(၁၀)မြောင်းကို မျိုးစေ့ ၁ထုပ် ဖြင့်စိုက်ပျိုးရပါသည်။ ပင်ဆိုင်ပင်များ တစ်လလုံးအတွက် အစာကို ၂ပြည် အနည်းဆုံးကျွေးရပြီး ပင်ဆိုင်အပင်မှာ အားကောင်းလျှင် အပင် ရေ(၅၀၀၀)ထွက်ရှိပါသည်။ ပင်ဆိုင်ပင်များကို နှုတ်ယူရောင်းချချိန်တွင် တစ်နေ့လျှင် အပင်ရေ၁၀၀ပင်မှ အပင်ရေ ၁၅၀ အထိနုတ်လို့ရရှိကြောင်း သိရပါသည်။ ပင်ဆိုင်ပင်များကို ဒိုင်များမှ အပင်အကြီးအသေးကို တစ်ပင်လျှင် ၁၅၀ ကျပ် နှုန်းဖြင့် လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။ ကုန်စိမ်းဒိုင်များမှတစ်ဆင့် လက်လီပြန်လည်ရောင်းဈေးမှာ ပင်ဆိုင် တစ်ပင်ကို ၂၀၀-၃၀၀ ကျပ်ဖြင့် ရောင်းချကြပါသည်။ ပင်ဆိုင်မျိုးစေ့ တစ်ထုပ်စိုက်ပျိုးခြင်း၏ ကုန်ကျစရိတ်မှာ ၅၀၀၀၀ ကျပ်ခန့်ကုန်ကျပြီး တစ်နေ့ကို အနည်း ဆုံးအပင်ရေ (၁၀၀)ထွက်ပါက တစ်နေ့ဝင်ငွေမှာ ၂၀၀၀၀ ကျပ်ရရှိသောကြောင့် တစ်လကြာစိုက်ပျိုး ရသော အပင်ဖြစ်ပြီး အကျိုးအမြတ်များများရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင်ပန်းဂေါ်ဖီများစတင်ထွက်ပေါ်

             ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဦးဇင်ကိုကို၏ ပန်းဂေါ်ဖီစိုက်ခင်းသို့ (၁၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

              ပန်းဂေါ်ဖီစိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်၍ တော်သလင်းလတွင် စတင်စိုက်ပျိုး၍ တန်ဆောင်မုန်းလတွင် ပန်းဂေါ်ဖီများကို ခူးဆွတ်ရောင်းချရပါသည်။ ပန်းဂေါ်ဖီများကို တစ်ခါခူးဆွတ်လျှင် အပွင့် (၃၀၀)ကျော် ခူးဆွတ်ရပြီး ၂ရက်ခြား တစ်ခါခူးဆွတ်ရပါသည်။ တစ်ယောက်စိုက် စိုက်ခင်းများမှ ပန်းဂေါ်ဖီများကို (၁၀)ကြိမ်သာ ခူးဆွတ်ရပါသည်။ ပေါ်ခါစတွင် ဈေးကောင်းရ၍ တစ်ပွင့်ကို (၁၀၀၀)ကျပ်နှုန်းဖြင့် ဖေါက်သည်ပေးရပြီး လှိုင်လှိုင်ပေါလာချိန်တွင် (၅၀၀)ကျပ်နှုန်းဖြင့်သာ ဖေါက်သည်ပေးရသည်။ ပွဲစားများမှ လာရောက်ကောက်ယူပြီး ရန်ကုန်မြို့၊ ပြည်မြို့များနှင့် မြို့တွင်းတွင် ပြန်လည် ရောင်းချရပါသည်။ ကုန်ကျစရိတ်စုစုပေါင်းမှာ ၅သိန်းခန့်ရှိပြီး အကျိုးအမြတ်မှာ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိခဲ့ရပါသည်။ ပန်းဂေါ်ဖီတစ်ယောက်စိုက်တွင် ခန့်မှန်းအကျိုးအမြတ်မှာ (၄)သိန်းခန့်ရှိမည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီတစ်ဧကလျှင် အကျိုးအမြတ်မှာ (၁၆)သိန်းခန့် ရှိနိုင်သည်ဟုခန့်မှန်း သိရရှိရပါသည်။

DOCA(ပဲခူး)

ခဝဲသီး၏ကျန်းမာရေးကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်

        ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်အောင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြသည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ခဝဲသီးကို စားသုံးခြင်းအားဖြင့် သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်းနှင့် ကင်ဆာဖြစ်နှုန်းကိုလျှော့ချပေးခြင်း စသည့် ကောင်း ကျိုးများစွာကိုပေးစွမ်းနိုင်ပါသည်။ မြန်မာတို့သည် ခဝဲသီးကို ဟင်းချက်၍သော်လည်းကောင်း၊ ခဝဲသီးကိုပြုတ်ပြီး အတို့အမြှုပ်အဖြစ်ပြုလုပ်၍ ငါးပိရည်နှင့်တွဲဖက်၍ စားသုံးကြပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တချို့မှာ အတောင့်သေးတစ်တောင့်လျှင် (၅၀၀)ကျပ်နှင့် အတောင့်ကြီးတစ်တောင့်လျှင် (၁၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း