ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိ ငှက်ပျောသီးဈေးကွက်

             ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အားစိုက်ပျိုးရာတွင် အချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ဘေးပတ်လည်၊ နောက်ဘေး စသည့်နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင် (၂၀-၅၀)ခန့် စိုက်ပျိုးထားကြပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ်စိုက်ပျိုးသည့်ဉယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား၍ စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုးအစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျောသီးများ ဖြစ်ကြပါသည်။ ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိပါသည်။ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများမှ ထွက်ရှိသောငှက်ပျောသီးများကို ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင်ရောင်းချပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့်နေပြည်တော်စသည့် မြို့ကြီးများသို့လည်း တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ နှမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

         ယခုအခါ နှမ်းများ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ နိုဝင်ဘာလ တတိယပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၁၀၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၄၀၀၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

         ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)တစ်တင်းလျှင် ၅၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၃၀၀၀ကျပ်ကျဆင်းလာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                     

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

          နိုဝင်ဘာလ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၅၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့်  ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဘူးလျှင် (၇၃၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ရောင်းချသည့်ဈေးနှုန်းများမှာလည်း နိုဝင်ဘာလ၊ ပထမအပတ်မှစ၍ ဒုတိယဈေးနှုန်းများမှာ တူညီပြီး ဈေးငြိမ်နေကြောင်း  ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်မြို့၏ ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

             ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ အအေးကြိုက်ကြပါသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဆောင်းရာသီရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြပါသည်။ အေး၍ခြောက်သွေ့ သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းမှာ အပင်သက်တမ်း(၁၁)လခန့် အထိကြာမြင့်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့်နေရာများမှာ အောင်ဆန်း ပြည်သာယာဘက်ရှိ ဉယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သောနုန်းမြေများတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟုသိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင်ကောင်းသလိုတစ်ဧကလျှင် ပျမ်းမျှအပွင့်ရေ ၁၅၀၀-၂၀၀၀ခန့်ထွက် ရှိသည်ဟုသိရပါသည်။

             ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်၌ ယခုအချိန်တွင် ဈေးကောင်းရနေပြီး တစ်ပွင့် လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပွင့်သေးလျှင် (၉၀၀-၁၀၀၀)ကျပ်အထိ ရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသောပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာစားသုံးပြီး နယ်သို့တင်ပို့ရောင်းချခြင်းမရှိဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်းမှာ ပန်းဂေါ်ဖီအဖြူထက်ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူအဖို့ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

         မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော တစ်ပိဿာဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် (၈၄၇၀)၊ နှမ်းနီ ကျပ် (၇၈၀၀)၊ နှမ်းနက်(စမုန်) ကျပ်(၁၄၂၀၀)၊ ကုလားပဲ (929) ကျပ်(၅၁၈၅)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၁၃၀)၊ ပဲကြီးဖြူ ကျပ်(၄၀၀၀)၊ ပဲတီစိမ်း ကျပ်(၄၆၀၀)၊ မတ်ပဲ ကျပ်(၆၂၅၀)၊ ပဲနှောက် ကျပ်(၄၅၅၀)၊ စားတော်ပဲ ကျပ်(၇၄၀၀)၊ ပဲစင်းငုံ ကျပ်(၇၅၅၀)၊ အောက်ကျဆီဆန် ကျပ်(၆၅၀၀) ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် မြေပဲအောက်ကျဆီဆန် ကျပ်(၅၀၀)၊ ပဲတီစိမ်း ကျပ်(၅၅၀)၊ ပဲနှောက် ကျပ်(၄၅၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး နှမ်းဖြူ ကျပ်(၂၀၀)ဈေးကျခဲ့ကြောင်း၊ တစ်ပတ်အတွင်း တန်ချိန်(၁၂၀၅)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ (၁၀၀၀)၊ မြေပဲအိတ်ရေ (၅၀၀၀)၊ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၅၀၀၀)၊ ပဲတီစိမ်းအိတ်ရေ(၂၀၀)၊ မြေပဲအိတ်ရေ(၁၀၀၀၀)၊ စုစုပေါင်းအိတ်ရေ(၂၁၂၀၀) တင်ပို့ခဲ့ကြောင်းသိရှိရသည်။

         တောင်တွင်းကြီးကုန်စည်ဒိုင်တွင် နှမ်းနက်(စမုန်) ကျပ်(၁၄၀၀၀)၊ နှမ်းပြာ ကျပ်(၁၁၃၃၅)၊  နှမ်းဖြူသန့် ကျပ်(၇၁၁၀)၊ နှမ်းနီ ကျပ်(၇၀၀၀)၊ ပဲကြီးဖြူ ကျပ်(၄၆၅၀)၊ ကုလားပဲ(ဝါသေး) ကျပ်(၄၅၀၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၀၀၀)၊ ပဲတီစိမ်း ကျပ်(၃၇၅၀)ဖြစ်ပြီး တစ်ပတ်အတွင်း တန်ချိန် (၂၀.၄၁)ခန့်အ‌ရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက် ကျပ်(၁၃၇၈၀)၊ နှမ်းနီ ကျပ်(၇၃၃၅)၊ နှမ်းဖြူ ကျပ်(၇၇၈၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၀၅၀)၊ ကုလားပဲ(မြကြေး) ကျပ်(၅၁၅၀)၊ ပဲကြီး ကျပ်(၄၄၀၀)၊ မတ်ပဲ ကျပ်(၅၉၀၀)၊ မြေပဲလုံးဆန်(ဖြူ) ကျပ်(၇၈၀၀)၊ မြေပဲလုံးဆန်နီ(၈၃၀၀)ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် သိပ္ပံနှမ်းနက် ကျပ်(၂၂၅)၊ နှမ်းဖြူသန့် ကျပ်(၄၄၅)၊ မြေပဲလုံးဆန်(ဖြူ)(နီ)ကျပ်(၃၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၇၅)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကုလားပဲ (ဟော်လန်) ကျပ်(၂၅)၊ မတ်ပဲ ကျပ်(၅၀)ဈေးနှုန်းကျဆင်းခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန် (၁၈၅.၅)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ 

        ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၂၀၀၀-၃၅၀၀)၊ ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၂၀၀-၇၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။  

        ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၃၀၀၀-၃၅၀၀)တို့ဖြင့် ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၅၀၀-၈၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၁၃၈.၈)တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

        ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းနက်စမုန်(ရိုးရိုး) ကျပ်(၁၄၂၇၀)၊ နှမ်းဝါ ကျပ်(၆၆၇၀)၊ ပဲယင်း(နီ) ကျပ်(၃၆၇၅)၊ ပဲတီစိမ်း ကျပ်(၃၆၀၀)ဖြစ်ပြီး တစ်ပတ်အတွင်း တန်ချိန်(၃၄.၅)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)

မကွေးမြို့သို့ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ဘိလပ်မြေဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်းဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၁၁၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မန္တလေးတိုင်းဒေသကြီး၊  ဘိလပ်မြေစက်ရုံများမှ (၃၆၄၀)အိတ်ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး) 

သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှု

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များသည် ဆန်ကို သက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ (၂၄)ရက်နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိ နေ့စဉ်အကန့်အသတ်မရှိဘဲ ဝယ်ယူလိုသည့်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ ယနေ့ (၁၈-၁၁-၂၀၂၄)ရက်နေ့တွင် ဆန်စက်နှင့် ဆန်ဆိုင် (၁၆)ခုတို့မှ ဆန်အိတ်(၂၉)အိတ်၊ လူဦးရေ (၃၄၈)ဦးအားရောင်းချပေးပြီးဖြစ်ပါကြောင်းနှင့်  လိုသလောက် သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များအနေဖြင့် ရောင်းချပေးထားကြောင်း စသည်ဖြင့် သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုအကြောင်းကို တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ကရင်းပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မီးသွေးဈေးနှုန်းအခြေအနေ

               ၂၀၂၄ ခုနှစ်၊ မိုးအကုန်ဆောင်းအကူး နိုဝင်ဘာလတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေး ဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။                                                

                 ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မီးသွေးဈေးနှုန်းများမှာ ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၁၆၅၀၀ ကျပ်၊ ကမမောင်း မီးသွေးတစ်အိတ် ၁၇၀၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာ မီးသွေးတစ်အိတ် ၁၅၀၀၀ ကျပ်နှုန်း တို့ဖြစ်ရောင်းချကြပြီး အခြားမြို့နယ်များဖြစ်သည့် မြဝတီမြို့အတွင်း မီးသွေးတစ်အိတ် ဈေးနှုန်း ၂၄၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် မီးသွေးတစ်အိတ် ဈေးနှုန်း ၂၀၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေးတစ်အိတ် ၁၄၀၀၀ ကျပ်နှင့် ဖာပွန်၊ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၁၆၀၀၀ ကျပ်တို့ဖြင့် အများပြည်သူများ ရောင်ဝယ်အသုံးပြုလျက်ရှိပါသည်။  

                ကရင်ပြည်နယ်အတွင် မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရသည်။ ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ သယ်ယူကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)                                             

တောင်ငူမြို့မှ ခြံထွက်ဘူးသီးနှင့် ဘူးညွန့်များ ဈေးကောင်းရ

         ဘူးသီးသည် မြန်မာ့ခြံထွက် သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့အနီးရှိ ကျေးရွာများတွင် ဘူးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများ အပိုဝင်ငွေရရှိကြပါသည်။ ယခုအခါတွင် ဘူးသီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ပေါ်ရှိဈေးများတွင် ရောင်းချလျက်ရှိနေပါသည်။

        ဘူးသီးကို အသားဟင်းနှင့်ရော၍ချက်စားကြပါသည်။ ထို့ပြင် မြန်မာ့ရိုးရာဘူးသီးကြော်သည်လည်း လူအများကြိုက်သည့် အကြော်တစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့ ရပ်ကွက်တိုင်းလိုလိုပင် အကြော်ဆိုင်များရှိရာဘူးသီးမှာ ရောင်းအားကောင်းလျက်ရှိပါသည်။

          ဘူးသီးအပြင် ဘူးညွန့်ကိုလည်း ကြော်၍ဖြစ်စေ၊ အရည်သောက်ဟင်းချက်၍ဖြစ်စေ စားသုံးကြပါသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ၊ တတိယအပတ်တွင် တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဘူးသီးတစ်လုံးလျှင် ၂၀၀၀ကျပ်နှင့် ဘူးညွန့်တစ်စည်းလျှင် ၇၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ထောပတ်သီးများဈေးကျပြီး ဆီးသီးများလည်းပေါ်ပြီ

          တောင်ငူမြို့ ဘုရင့်နောင်ဈေးရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသောထောပတ်သီးများမှာ ယခင်ကာလထက် ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။ အလုံးအရွယ်အစားပေါ်မူတည်၍ ယခင်က တစ်လုံးလျှင် အသေး ၈၀၀ကျပ်၊ အလတ် ၁၁၀၀ကျပ်နှင့် အကြီး ၁၆၀၀ကျပ်အထိရှိခဲ့ပါသည်။

            ယခုအပတ်တွင် တစ်လုံးလျှင် အသေး ၅၀၀ကျပ်၊ အလတ် ၈၀၀ကျပ်နှင့် အကြီး ၁၂၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပြီး ဖျော်ရည်ဆိုင်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများကဲ့သို့ အလုံးများများဝယ်ယူသူများအတွက် ဈေးနှုန်းမှာ ပိုမိုသက်သာပါသည်။

             မိုးအကုန် ဆောင်းအကူးတွင် ပေါ်လေ့ရှိသော ဆီးတော်သီးဟုခေါ်သည့် ဆီးသီးများလည်းစတင်ပေါ်နေပြီဖြစ်ရာ တစ်ပြည်လျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဆီးယိုလုပ်ငန်းကဲ့သို့ အရေအတွက်များများဝယ်ယူပါက တစ်ပြည်လျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း