ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငှက်ပျောသီး ကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်

     ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြားပေါက်ရောက်သည်။ တစ်နှစ်ခံအပင်မျိုးဖြစ်၍ ရှည်ဖားဖားအရွက်ကြီးများရှိသည်။ငှက်ပျောပင် တစ်ပင်တွင် ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကို ခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက်ငယ်များ ဖြာထွက်လာ၍ ထိုးသားတက်ခေါ် ငှက်ပျောခေါင်းများကိုပင်မမှ ခွဲထုတ်ပြီး စိုက်ပျိုးလေ့ရှိကြသည်။ ငှက်ပျောပင်သည် အပင် (၁၂)လမှ(၁၈)လ အထိရောက်မှသာ အသီးများစတင်ထွက်လာသည်။ ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံတစ်ခုစတင်ထွက်ပေါ်လာပြီး ထိုငှက်ပျောဖူးတံတွင် အသီးလေးများသည် အပွင့်အဖတ်များ ဖြစ်လာ၍ အပွင့်များသာ အောင်မြင်ပြီးလျှင် အသီးများဖြစ်လာသည်။

    ငှက်ပျောသီးတွင် ရေဓာတ် ၇၅ရာခိုင်နှုန်းပါဝင်ပြီး အသီးတွင်ပါရှိသော ကစီဓာတ်သည် အသီးမှည့်လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံးရာတွင်  အလွန်အနှစ် အရသာ နှင့် ပြည့်စုံသည်။ ငှက်ပျောသီးတွင် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။

    ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ငှက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။ ငှက်ပျောတွင်  သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့ သည် လူကြိုက်များသည့်အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့်နှင့်  ရွှေငှက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(တနင်္သာရီ)

ကြက်သွန်ဖြူကောင်းကျိုးများနှင့်စျေးနှုန်းစျေးကွက်

     မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကိုရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိူးသည်။ ကြက်သွန်ဖြူကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စတင်စိုက်ပျိုးကြသည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးပြီး သက်တမ်း(၄)လကြာသည်။ ကြက်သွန်ဖြူသည် ဆီးချိုသွေးချိုရောဂါ၊  နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါနှင့် အအေးမိခြင်းများကို ကာကွယ်ပေးပါသည်။ ကြက်သွန်ဖြူသည် ဆီး၊ဝမ်းကိုရွှင်စေသည့်အပြင် သွေး၊ သည်းခြေကို တိုးပွားစေနိုင်ပါသည်။

ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကြက်သွန်ဖြူ(ကြူဂုတ်) စျေးနှုန်းမှာ (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိပြီး၊ (ရှမ်းစ) (၁)ပိဿာလျှင် ၁၉၀၀၀ ကျပ်ရှိကြောင်း ကုန်စုံအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မတ်ပဲဈေးနှုန်းအနည်းငယ်ကျ၍ အရောင်းအဝယ်အေးနေ

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ဒုတိယပတ်အထိ အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ အောက်တိုဘာလဈေးနှုန်းများထက် အကျဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု စုံစမ်းသိရှိှိရသည်။

           ယခင်အောက်တိုဘာလ တတိယပတ်တွင် ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၁၂၁၅၀၀ကျပ်မှ ၁၂၃၀၀၀ကျပ်) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလ စတုတ္တပတ်တွင် (၁၂၆၀၀၀ကျပ်မှ ၁၂၁၅၀၀ကျပ်)ထိ ဈေးနှုန်းပြန်လည်ကျဆင်းသွားသည် ကိုတွေ့ရပါသည်။

           ယခုနိုဝင်ဘာလ ပထမပတ် အဖွင့်ဈေးမှာလည်း ဆက်လက်ကျဆင်းလျက်ရှိပြီး ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၁၂၁၅၀၀ကျပ်မှ ၁၂၂၀၀၀ကျပ်) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၁၂၀၅၀၀ကျပ်မှ ၁၂၁၀၀၀ကျပ်) ဖြင့်ရောင်းဝယ်မှုရှိနေပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်မှထွက်ရှိသော ပြည်လုံးချမ်းသာညွန့် (ခေါ်) အလက်တစ်ထောင်ပန်းညွန့်ဈေးနှုန်းဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊   ဇီးကုန်းကလေး၊ ကုန်းကလေးကျေးရွာများတွင် ပြည်လုံးချမ်းသားညွန့် (ခေါ်) အလက်တစ်ထောင်ပန်းညွန့်ကို နေအိမ်ခြံဝန်းအတွင်း စိုက်ခင်းများပြုလုပ်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ၎င်းကို ခြံစည်းရိုးများတွင်လည်းစိုက်ပျိုးကြပါသည်။ အလက်တစ်ထောင်အညွန့်ပင်စိုက်ပျိုးမည်ဆိုပါက  မိုးရာသီတွင် အရှည်တစ်တောင်ခန့်ချိုးယူထားသော အညွန့်များကို မြေကြီးတွင် နှစ်လက်မ၊ သုံးလက်မခန့်နှစ်၍ စိုက်ပျိုးရကြောင်း၊ အကြမ်းခံသည့်အပင်အမျိုးအစားဖြစ်ပြီး ဓာတုဆေးဝါးများလည်းသုံးစွဲခြင်းမရှိသည့်အတွက် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာကြောင်းသိရပါသည်။ 

         ပန်းညွန့်များကို တစ်နှစ်ပတ်လုံး ရောင်းချမှုရှိသော်လည်း ဆောင်းရာသီနှင့်နွေရာသီတွင်  ပိုမိုဝယ်ယူမှုများရှိ၍ ယခုနှစ်တွင် ယခင်နှစ်ထက် စောစီးစွာ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။ ယခင်နှစ်က ပန်းညွန့်တစ်ညွန့်လျှင် လက်လီ (၃၅)ကျပ်၊ လက်ကား (၂၀)ကျပ်နှုန်းဖြင့်ရောင်းချခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပန်းညွန့်တစ်ညွန့်လျှင် လက်လီ (၅၀)ကျပ်၊ လက်ကား (၃၀) ကျပ်နှုန်းဖြင့်  အိမ်အရောက် ဝယ်ယူမှုများရှိကြောင်း ပန်းညွန့်စိုက်ပျိုးသူများထံမှသိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်ရှိတောင်သူများ မြင်းခွာရွက်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိနေ

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စုသည် စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချလျက်ရှိသည့်အပြင် ” မြင်းခွာရွက်”  ကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။

        မြင်းခွာရွက်သည် နွယ်ပင်မျိုးဖြစ်ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။ အပင်ပြုစုထိန်းသိမ်းနိုင်မှုအပေါ်မှုတည်၍ ၁၀နှစ်မှ နှစ်၂၀အထိခူးဆွတ်ရောင်းချနိုင်ပါသည်။ သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ဝဲကြီးကျေးရွာတွင် မြင်းခွာရွက် ၀.၂၅ ဧကအကျယ်ရှိမြေကွက်၌ စိုက်ပျိုးရန် ဦးစွာ စိုက်ပျိုးမည့်မြေအား ထွန်ယက်ပြုပြင်၍   မြင်းခွာရွက်မျိုးစေ့တစ်ပြည်ကို ငွေကျပ် (၃၅၀၀၀) ဖြင့် (၁၀) ပြည်အသုံးပြုကြောင်း၊ မျိုးစေ့ကြဲပက်ပြီး (၁၄)ရက်သားရှိပါက အစို့များစတင်ထွက်ရှိပြီး  (၅၀-၆၀) ရက်သားရှိပါက စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မြင်းခွာရွက်ကို စိုက်ပျိုးပြီးပါက တစ်နှစ်ပတ်လုံးခူးဆွတ်ရောင်းချနိုင်ပြီး ခြောက်သွေ့ရာသီတွင်  တစ်လ (၂)ကြိမ်ရေသွင်းပေးရပါသည်။ ကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ နှစ်တစ်ပတ်လည်မျိုး၊ မြေပြုင်ခအပါအဝင်  ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အပင်ခူးဆွတ်ခ၊ ပေါင်းမြက်ရှင်းခ၊ ရေသွင်းခ၊ စုစုပေါင်း ငွေကျပ် သိန်း (၇၀)ခန့်ရှိကြောင်း၊ မြင်းခွာရွက်ကို တစ်လ (၁)ကြိမ်ခူးဆွတ်ရပြီး စိုက်ဧက ၀.၂၅ ကို အစည်းရေ (၆၀၀၀၀) ထွက်ရှိပြီး၊ တစ်နှစ်လျှင် အစည်းရေ ပျမ်းမျှ(၇၀၀၀၀၀)ခန့်ထွက်ရှိပြီး အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျပေါ်မှုတည်ကြောင်း၊  ယခုနိုဝင်ဘာလ ဒုတိယပတ်တွင် တစ်စည်းလျှင် လက်ကား ငွေကျပ် (၂၀) နှုန်းဖြင့်ရောင်းချရကြောင်း၊ ထွက်ရှိလာသောမြင်းခွာရွက်များကို ဒေသတွင်းမြို့နယ်များ၊ ကုန်စိမ်းဒိုင်များမှတစ်ဆင့် ပြည်နှင့်ရန်ကုန်မြို့များသို့တင်ပို့ရောင်းချကြောင်း မြင်းခွာရွက်စိုက်ပျိုးသူ တောင်သူထံမှသိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေး

         ပဲခူးတိုင်း‌ဒေသကြီး၊    နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍ ထုတ်ချေးပေးလျက်ရှိသည်။

          ဇီးကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၄၈၀၇၇ စိုက်ပျိုး၍ ဆောင်းသီနှံဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကသီးနှံအဖြစ်စိုက်ပျိုးပြီး မိုးစပါးစိုက်ဧကအတိုင်း စိုက်ပျိုးမည်ဖြစ်ပါသည်။ ဆောင်းသီးနှံစိုက်ပျိုးချေးငွေများအား ၁ဧကလျှင် (၁၀၀၀၀၀)ကျပ်နှုန်း၊ အတိုး ၀.၄၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး ငွေစုဆောင်းတောင်သူများအား ယခင် ၅ရာခိုင်နှုန်းမှ ယခု ၈ရာခိုင်နှုန်း အတိုးနှုန်း တိုးမြင့်သတ်မှတ်၍ သီးနှံအာမခံအဖြစ် ၁ဧကလျှင် ၁၀၀၀ကျပ်ထားရှိရမည်ဖြစ်ပါသည်။

        ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေအား နိုဝင်ဘာလတွင် ကျပ်သိန်း (၂၀၀၀၀)  (သိန်းနှစ်သောင်းကျပ်)ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့်ဆွေးနွေးခဲ့မှုအပေါ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူထံမှသိရပါသည်။

DOCA(ပဲခူး)

 

တနင်္သာရီတိုင်းဒေသကြီး၏ ကြက်သွန်နီ‌ဈေးနှုန်း/ဈေးကွက်အခြေအနေ

   ကြက်သွန်နီသည် နေ့စဉ်စားသုံးနေသော အစားအစာတို့တွင်မပါမဖြစ် အလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ထားဝယ်စားသုံးကုန်စည်စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်း မြှင့်တက်နေသည်ကိုတွေ့ရပါသည်။ ကြက်သွန်နီ(၁)ပိဿာလျှင် ၃၂၀၀ ကျပ်သာရှိရာမှ အောက်တိုဘာလ အတွင်း(၁)ပိဿာလျှင် ၄၃၀၀ ကျပ်၊ နိုဝင်ဘာလအတွင်း (၁)ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၆၀၀ကျပ် အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရှိရပါသည်။ ထားဝယ်စျေးကွက်တွင် သုံးပတ်အတွင်း ကြက်သွန်နီ(၁) ပိဿာလျှင် ၂၀၀၀ ကျပ်ခန့်စျေးတက်သွားခြင်းဖြစ်ပါသည်။ ပြည်ပသို့တင်ပို့မှုများရှိပြီး  ဒေသတွင်း စားသုံးမှုများသောကြောင့် ကြက်သွန်နီဈေးပိုမိုမြင့်တက်လာပါသည်။

   ကြက်သွန်နီသည် ရေအလွန်လိုအပ်သောသီးနှံဖြစ်သည့်အပြင် မြေအစိုဓာတ်ရှိသော မြေတွင်သာ စိုက်ပျိုးနိုင်ပါသည်။  အလွန်ချဉ်သောမြေကို မနှစ်သက်သောကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းပါးပြီး အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြေပြန့်ဒေသတွင် ကြက် သွန်နီကို အောက်တိုဘာလနှင့်နိုဝင်ဘာလအထိသာ စိုက်ပျိုးပြီး တောင်ပေါ်‌ဒေသတွင် မတ်လနှင့်ဇွန်လအထိသာ စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA()

ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲကြီးအား စားဖိုဆောင်သီးနှံအဖြစ်စိုက်ပျိုး

      ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအများစုရှိ တောင်သူများမှာ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကထားစိုက်ပျိုးကြပြီး  ပဲကြီးသီးနှံအား စားဖိုဆောင်သီးနှံအဖြစ် လယ်ကန်သင်းများ၊ ချောင်းဘေး၊ မြေပြန့်၊ မြေလွတ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရပါသည်။

          ဒေသတွင်းတောင်သူများမှာ ပဲကြီးသီးနှံအား  စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြောင်းသိရပါသည်။ အများအားဖြင့် ပဲကြီး ဆွပ်ပဲမျိုးကိုသာစိုက်ပျိုး၍ ပဲကြီးမျိုး ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ငွေကျပ်(၉၀၀၀၀)၊ တစ်ပိဿာလျှင် ငွေကျပ် (၄၅၀၀)ဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးနည်းမှာ ကန်သင်းများတွင် ပေါက်ပြားဖြင့် ကျင်းပြုလုပ်ပြီး စိုက်ပျိုးရကြောင်း၊ ဧကလိုက် စိုက်ပျိုးမှုနည်းပြီး  အများအားဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင်  ဇီးကုန်းမြို့နယ်အနေဖြင့် ပဲကြီးစိုက်ဧက  (၁၅)ဧကခန့်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှသိရပါသည်။

          ပဲကြီးသီးနှံအား နှစ်စဉ် မီးဖိုချောင်သုံးဟင်းတစ်မယ်အဖြစ် ပဲကြီးရေစိမ်၊ ပဲသုပ်၊ ပဲဟင်း စသည်ဖြင့် နှစ်ပတ်လည်စားသုံးမှုအတွက် နှစ်စဉ် မြေလွတ်များတွင်စိုက်ပျိုးကြပြီး ပိုလျှံရောင်းချမှု အပေါ် မြို့နယ်ပဲအဝယ်ဒိုင်များကဝယ်ယူမှုရှိပြီး ယခင်နှစ်ပဲကြီးပေါ်ချိန်ဈေးနှုန်းမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀)ခန့်ရှိသဖြင့်စားသုံးရန်အပြင် အပိုဝင်ငွေရသီးနှံဖြစ်သဖြင့် မြေလွတ်နှင့် ကန်သင်းများတွင် စိုက်ပျိုးသင့်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများသည် ယခုနိုဝင်ဘာလတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရပါသည်။  

     ယခင်အောက်တိုဘာလ စတုတ္ထပတ်တွင်ရောင်းချခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ ကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသောကြက်သွန်နီဈေးနှုန်းများမှာ ကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

         စားသုံးသူများအနေဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အိမ်ထောင်ရှင်မများအတွက်လည်း မရှိမဖြစ်အသုံးဝင်သည့်အတွက် ဈေးနှုန်းများမြင့်တက်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ကြို့ပင်ကောက်မြို့ ဘိလပ်မြေဈေးကွက်အခြေအနေ

        သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ကြံ့နှစ်ကောင်(အနီ) 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ALPHA 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းထက် ၁၀၀၀ကျပ်ကျော် ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ဆည်မှ ကြို့ပင်ကောက်သို့ ဘိလပ်မြေသယ်ယူစရိတ် ၃၇ကျပ်/  ၃၈ကျပ်ရှိပြီး ကားတစ်စီးလျှင် (၇၅၀) အိတ်ခန့်သယ်ယူပြီး မှာယူတင်သွင်းရောင်းချရကြောင်း၊ ဈေးဆိုင်အလိုက် ခွဲတမ်းရရှိမှုအပေါ်မူတည်၍ ရောင်းချရကြောင်း၊ လိုသလောက် ဝယ်ယူမရရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချသည့် ဆိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း