ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရနေသော ငါးမှာ...ငါးသလောက်ဖြစ်ကြောင်း

"အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း "မယားမှာ ဆံတောက်၊ ငါးမှာ ငါးသလောက်" ဟူ၍ စာချိုးရှိကြပါသည်။ ငါးသလောက်ငါးမှာ ရေပေါ် ရေလွှာနေ ငါးများဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။ မိုးတွင်းအခါ၌ ဥဥရန် ပင်လယ်မှ မြစ်ထဲသို့ ဆန်တက်လာလေ့ရှိသည်။ ဥပြီးသော ငါးသလောက်သည် ကြုံလှီသွားကာ အရသာပျက်သွားတတ်ပါသည်။ ငါးသလောက်၏ ကိုယ်သည် ပြား၍ ဗြက်အနည်းငယ်ကျယ်သည်။ ကျောဆူးတောင်အထက်နားသည် အလယ်၌ ခွက်နေသည်။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည် ဘေးသို့ ကားထွက်နေသည်။ အကြေးများသည် ခေါင်းမှအမြီးတိုင်အောင် ညီညီညာညာရှိကြသည်။ အရောင်မှာ ရွှေရောင်သန်းလျက်ရှိ၍ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများထင်နေတတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင် ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများပါလေ့ရှိသည်။ ကိုယ်ရှည် ၁ပေမှ ၁ပေအထိရှိတတ်သည်။ ငါးသလောက်သက်တမ်းမှာ (၁-၃) နှစ်ဖြစ်ပါသည်။ ငါးသလောက်အမမှာ ဥပေါင်း (၃) သိန်းမှ (၁) သန်းထိဥဥနိုင်ကြပါသည်။ မျှောပိုက်ဖြင့် အဓိကဖမ်းဆီးကြပါသည်။ ပြည်ပပို့ကုန်အဖြစ် နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။ ငါးသလောက်များမှာ ကမ်းရိုးတန်းတစ်လျှောက်တွင် အုပ်စုဖွဲ့ကာနေထိုင်ကျက်စားသကဲ့သို့ မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ အသားမှာနူးညံ့ပြီး အနံ့အရသာမှာ ထူးခြားကောင်းမွန်လှပါသည်။ ငါးသလောက်ငါးကို အရိုးနူးပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ် စသည်ဖြင့် ပြုလုပ်၍စားသုံးကြသည်။ ပြည်မြို့မ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ငါးသလောက်အကောင်လိုက်၍ အကောင်လုံးလိုက် ဈေးနှုန်းသတ်မှတ်ကြပြီး ၁ပိဿာအကောင်လောက်ရှိသော ငါးသလောက်ဈေးမှာ ကျပ်၅ဝဝဝဝိ၊ ၅၀ကျပ်သားခန့်ရှိသော ငါးသလောက်ဈေးမှာ ကျပ်၄၅ဝဝဝ၊ ၂၅ကျပ်သားခန့်ရှိသော ငါးသလောက်ဈေးမှာ ကျပ်၃၅ဝဝဝမှ ကျပ်၃ဝဝဝအထိရှိပြီး ဈေးကောင်းရကာ အရောင်းအဝယ်ကောင်းကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ပဲဇောင်းလျားသီးဈေးကွက်

ပဲဇောင်းလျားပင်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲဇောင်းလျားသီးကို ပြုတ်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ သီးစုံဟင်းချက်၍သော်လည်းကောင်း၊ အချဉ်ဖတ်ပြုလုပ်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။
ပဲဇောင်းလျားမြစ်သည် လူတိုင်းစားသုံးကြသည့် ပဲမြစ်ပင်ဖြစ်ပါသည်။ ပဲဇောင်းလျားပင်ကို ဇွန်လ၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး ရက် (၉၀)အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ပြည်မြို့ပေါ်ရှိဈေးများတွင် တောင်သူများက ပဲဇောင်းလျားသီးအတောင့် (၁၀၀)လျှင် ကျပ်(၂၀၀၀-၂၅၀၀)ကျပ်ဖြင့်သွင်းရပြီး ပြန်လည်ရောင်းချရာတွင် အတောင့် (၁၀၀)လျှင် အကြီး၊ အသေးခွဲ၍ (၃၀၀၀-၃၅၀၀-၄၀၀၀) ကျပ်တို့ဖြင့် ပြန်လည်ရောင်းချကြောင်းသိရသည်။ ပဲဇောင်းလျားသီးအမြစ်ကျသွားလျှင် ပဲမြစ်တူးဖော်၍ ရောင်းချနိုင်သဖြင့် အမြစ်အထိ ဝင်ငွေရရှိသည့်အတွက် စီးပွားဖြစ် အကျိုးဖြစ်ထွန်းစေ၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရပါသည်။
DOCA(ပဲခူး)

ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ကျွဲကောသီး

ကျွဲကောသီးများသည် ယခုအောက်တိုဘာလအတွင်း အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရရှိနေပါသည်။ ဈေးကောင်းရရှိသည့်အကြောင်းမှာ သီတင်းကျွတ်ကာလတွင် လူကြီးသူမများအား လက်ဆောင်ပေးခြင်း၊ ဘုရားများတွင် ဆွမ်းတော်ကြီးကပ်လှူခြင်းများပြုလုပ်ကြသည့်အတွက်ကြောင့်ပင် ဈေးကွက်အတွင်း ကျွဲကောသီးများ အရောင်းအဝယ်ဖြစ်နေပါသည်။ ခြံသမားများက ကျွဲကောသီးများကို တစ်နိုင်တစ်ပိုင်စီးပွားရေးအဖြစ်သာစိုက်ပျိုးကြပါသည်။ အောက်တိုဘာလတွင် ကျွဲကောသီး အများဆုံးထွက်ရှိပါသည်။ အောက်တိုဘာလတွင် ရောင်းချသောကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်သီးအလုံးကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အဝါရောင်အလုံးကြီးတစ်လုံးလျှင် (၂၀၀၀) ကျပ်နှုန်းရရှိပါသည်။ ကျွဲကောသီးများကို နေရာဒေသအလိုက် အများအပြားစိုက်ပျိုးကြပြီး ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသများဖြစ်သော တောင်လုံးညိုရွာတွင်လည်းစိုက်ပျိုးကြပါသည်။ ကျွဲကောသီးများကို ရန်ကုန်မြို့သို့ ကုန်စည်ဒိုင်များမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)

တောင်ငူဒေသ ရေကြီးနစ်မြှုမှုကြောင့် ကန်စွန်း၊ ချဉ်ပေါင်ခင်းများပျက်စီး၍ ဈေးတက်

တောင်ငူမြို့ရှိ စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာ ဒေသအနီးရှိ ကျေးရွာများတွင် ကန်စွန်းစိုက်ခင်းများ၊ ချဉ်ပေါင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာမှ ယခင်လက တောင်ငူခရိုင်အတွင်းရှိ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကန်စွန်းခင်းများနှင့် ချဉ်ပေါင်ခင်းများပျက်စီးခဲ့ရသဖြင့် ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များ ဈေးနှုန်းမြင့်တက် လျက်ရှိပါသည်။
ယခင်ကလအစောပိုင်းက ကန်စွန်းရိုးနီတစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၈၀၀ကျပ်ဖြင့် ဈေးနှုန်းနှစ်ဆခန့်မြင့်တက်လာပါသည်။ တရုတ်ကန်စွန်းမှာ ယခင်လအစောပိုင်းက တစ်စည်းလျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၃၅၀ကျပ်၊ ၃စည်းယူလျှင် ၁၀၀၀ကျပ်၊ ထိုင်ဝမ်ကန်စွန်းမှာ ယခင်လအစောပိုင်းက တစ်စည်းလျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၇၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်စည်းယူလျှင် ၄၀၀ကျပ်၊ ၁၀စည်းယူလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။
ချဉ်ပေါင်ရွက်မှာ ယခင်လအစောပိုင်းက တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၃၅၀ကျပ်၊ ၁၀စည်းယူလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ကြောင်းနှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်များဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှသိရပါသည်။
DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ နနွင်းဖူးများ

နနွင်းမှုန့်ကို ဟင်းခတ်မှုန့်အဖြစ် လူအများသိကြသည်။ မြန်မာ့ရိုးရာဟင်းလျာများတွင် နနွင်းမှုန့်သည် မပါမဖြစ်သော ဟင်းခတ်မှုန့်ဖြစ်သည်။ နနွင်းပင်မှ နနွင်းဥ (အရပ်အခေါ် နနွင်းတက်) ကို ရေစင်အောင်ဆေး၍ ခြောက်သွေ့အောင်နေလှန်းပြီး အမှုန့်ကြိတ်ရပါသည်။ နနွင်းသည် ဆေးဖက်ဝင်သည့်အပင်ဖြစ်ပါသည်။
နနွင်းကို လူအများသိသော်လည်း နနွင်းဖူးကိုမူ သိသူနည်းပါသည်။ ယခုအချိန်သည် နနွင်းပွင့်သည့်အချိန်ဖြစ်ပါသည်။ နနွင်းဖူးပြီးမှသာ နနွင်းပင်ခြောက်ပြီး နနွင်းဥကိုတူးဖော်ရပါသည်။ နနွင်းဖူးသည် အဖြူရောင်ဖြစ်ပြီး စားလို့ရသည့် အပွင့်တစ်မျိုးဖြစ်ပါသည်။ နနွင်းစိုက်သည့် အရပ်ဒေသများတွင် နနွင်းဖူးကိုကြိုက်နှစ်သက်ကြပါသည်။
တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများရှိ တစ်နိုင်တစ်ပိုင် နနွင်းစိုက်ခင်းများမှ နနွင်းဖူးများကို ညောင်ပင်ဈေးတွင် လာရောက်ရောင်းချလျက်ရှိရာ အဖူး(၃)ဖူးပါ တစ်စည်းလျှင် ၂၅၀ကျပ်၊ ၁၀စည်းယူလျှင် ၂၂၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရပါသည်။
DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်တွင်ရောင်းချနေသည့် ဘိလပ်မြေဈေးနှုန်း၊ ဈေးကွက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ် (၂၀၅၀၀)နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ် (၁၉၅၀၀)ဖြင့်ရောင်းချကြောင်း၊ အောက်တိုဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခု နောက်ဆုံးပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရပါသည်။
DOCA(စစ်ကိုင်း)

ရာသီပေါ်မြေပဲများစတင်ဝင်ရောက်

               မန္တလေးမြို့အတွင်းသို့ မြေပဲထွက်ရှိရာဒေသများဖြစ်သည့် ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်မှ ရာသီပေါ်မြေပဲများ ဝင်ရောက်လျက်ရှိပါသည်။ (၆)ဘီးကား (၂)စီးမှ (၃)စီးခန့် ပွဲရုံများသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြေပဲများကိုပွဲရုံများမှတဆင့် လက်လီဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြကြောင်း သိရှိရသည်။ မြေပဲများကို အမျိုးမျိုးအသုံးပြု၍ရပြီး မြေပဲတောင့်ကို ပြုတ်စား၍သော်လည်းကောင်း၊ မြေပဲလှော်အဖြစ်လည်းကောင်း၊ မြေပဲအဆံကို ဆီကြိတ်၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း၊ မြေပဲယိုအဖြစ်လည်းကောင်း၊ မြေပဲကြိတ်ဖက်ကို တိရိစ္ဆာန်အစားအစာအဖြစ်လည်းကောင်း အသုံးပြုလျှက်ရှိကြသည်။ ယခင်နှစ် မြေပဲဈေးနှုန်း အနေဖြင့် မြေပဲအတောင့်တစ်ပြည်လျှင် (၁၆၀၀)ကျပ်၊ တစ်တင်းလျှင် (၂၅၀၀၀)ကျပ်၊ မြေပဲအဆံ တစ်ပိဿာလျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၁၀၀၀-၁၂၀၀၀)ကျပ်၊ ယခုနှစ် မြေပဲ ဈေးနှုန်းအနေဖြင့် မြေပဲအတောင့်တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ တစ်တင်းလျှင် (၅၆၀၀၀)ကျပ်၊ မြေပဲအဆံတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်ဖြင့် အရောင်းဝယ်ဖြစ် လျှက်ရှိကြောင်းသိရသည်။ ယခုနှစ်သည် ယခင်နှစ်ကထက် ဈေးနှုန်းပိုရရှိကြောင်း မြေပဲအဆံများကို ပွဲရုံများမှတဆင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချကြောင်း မြေပဲစိုက်ပျိုးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တေလေး)

မြန်မာ့စားစရာ ကယေကယာ

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၏ ဂုဏ်သတင်းကျော်ဇောမှုများအနက်မှ ကယေကယာမုန့်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မြန်အောင်မြို့နယ်၏ MSMEs ပြပွဲ၊ ဈေးရောင်းပွဲတော်များမှတစ်ဆင့် ခရိုင်၊ ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီးအတွင်း၊ တိုင်းဒေသကြီးမှတစ်ဆင့် မြန်မာပြည်အနှံ့သို့ ဂုဏ်သတင်းကျော်ကြားခဲ့သည့် မြန်မာ့ရိုးရာ စားစရာ ကယေကယာပင် ဖြစ်ပါသည်။

            ကယေကယာ၏ အဓိကပါဝင်ပစ္စည်းများမှာ ကောက်ညှင်းဆန်ကို အမှုန့်ပြုလုပ်ထားသည့် ကောက်ညှင်းမုန့်၊ အုန်းသီး၊ သကြား၊ နိူ့ဆီ၊ ထောပတ်၊ ဆား စသည့် ပစ္စည်းများပါဝင်ပါသည်။ ထိုပါဝင်ပစ္စည်းများကို မျှတစွာရောစပ်ပြီး အပူပေးကြိုချက်ရာတွင် မန်ကျည်းသားထင်းကိုအဓိကထား အသုံးပြုသည့်အတွက် ရရှိထွက်ပေါ်လာသော ကယေကယာ၏ အရောင်၊ အနံ့၊ အရသာမှာ တမူထူးကဲခြင်းတို့ကြောင့် ထင်ပေါ်ကျော်ကြားခဲ့ခြင်းဖြစ်ပါသည်။

               ကယေကယာကို  မြန်အောင်မြို့နယ်၏ အဓိကထွက်ရှိသောဒေသထွက်ကုန်များကိုဦးစားပေးထည့်သွင်း စီမံထုတ်လုပ်ခဲ့သည့်အတွက် ဒေသထွက်ကုန် MSMEs အဖြစ် အမည်တွင်ခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီ ဖြစ်ပါသည်။ မြန်အောင်မြို့၏ ဒေသလက်ဆောင် MSMEs တွင် ကယေကယာကို ချန်လှပ်၍မရပါကြောင်း တင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

မန္တလေးမြို့အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ပြောင်းဖူးများဝင်ရောက်လျက်ရှိ

မန္တလေးမြို့အတွင်းသို့ အောက်တိုဘာလအတွင်း ပြောင်းဖူးထွက်ရှိရာဒေသများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တွင် စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် မုံရွာဘက်မှ ပြောင်းဖူးများသည် မန္တလေးမြို့အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ပြောင်းဖူးများကို (၆)ဘီးကားများဖြင့် တစ်နေ့လျှင် (၃)စီးမှ (၅)စီးအထိ ပွဲရုံများသို့ ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများမှတစ်ဆင့် ဈေးများသို့ လက်လီရောင်းချကြောင်းသိရသည်။ လူကြိုက်များသော သကြားပြောင်းနှင့် ရှမ်းပြောင်းတို့မှာ ပို၍ရောင်းအားကောင်းကြောင်း ပွဲရုံများမှသိရှိရသည်။ ပြုတ်၍ရောင်းချသည့် ပြောင်းဖူးသည်များမှာ ပြောင်းဖူးများကို အိတ်လိုက်ဝယ်ယူ၍ ရောင်းချကြပြီး တချို့မှာ ပြောင်းဖူးစိမ်းကိုမူ အကြော်စုံများနှင့် အိမ်များတွင် ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြကြောင်း သိရသည်။ ပိုလျှံလာသည့်ပြောင်းဖူးများကို အစေ့ထုတ်၍ ပြောင်းဖူးပေါက်ပေါက်နှင့် ပြောင်းဖူးအစေ့ပြုတ်တို့ကို သားရေစာအဖြစ် ရောင်းချကြကြောင်းသိရသည်။ တစ်ဆင့်ရောင်းချသူများသည် တစ်ဖူးလျှင် (၇၀၀) ကျပ်မှ (၃)ဖူးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြပြီး ပြောင်းဖူး အဖူး(၁၀၀)လျှင် အရွယ်အစားအလိုက် ၅၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်အထိရောင်းချကြကြောင်းသိရသည်။ ယခုနှစ်သည် ယခင်နှစ်ထက် ဈေးပိုရရှိကြောင်းသိရပြီး ပြောင်းဖူးစေ့များကိုမူ ပြည်ပသို့တင်ပို့ရောင်းချပြီး တချို့ကို တိရိစ္ဆာန်အစားအစာများအဖြစ်ရောင်းချကြောင်း စိုက်ပျိုးရောင်းချသူထံမှသိရှိရပါသည်။
DOCA(မန္တလေး)

မန္တလေးမြို့တွင် ကြက်ဥဈေးနှင့် ကြက်သားဈေးများတက်လျက်ရှိ

မန္တလေးမြို့အတွင်းသို့ ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် ကြက်ဥ၊ CP ကြက်များနှင့် မန္တလေးအနီးတဝိုက်ရှိ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် ဗမာကြက်များ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပြင်ဦးလွင်မှ CP ကြက်တစ်နေ့လျှင် (၆)ဘီးကား (၃)စီးခန့်၊ ကြက်ဥမှာ (၆)ဘီးကား (၁၅)စီးခန့်၊ ဗမာကြက်များမှာ တစ်နေ့လျှင် ကား(၃)စီးခန့် ဝင်ရောက်လျက်ရှိပါသည်။ နေ့စဉ်ဝင်ရောက်လျက်ရှိသော်လည်း ကြက်ဥဈေးများနှင့် ကြက်သားဈေးများမှာ ဈေးတက်လျက်ရှိပြီး ကြက်ဥဈေးမှာ ယခင်နှစ်က (၁၀)လုံးလျှင် ၃၅၀၀/၃၀၀၀/၂၅၀၀ ကျပ်အထိဈေးရှိခဲ့ပြီး ယခုနှစ်တွင် (၁၀)လုံးလျှင် အကြီးအသေး အရွယ်အစားအလိုက် ၅၀၀၀/၄၅၀၀/၄၀၀၀ ကျပ်အထိဖြင့် အရောင်းဝယ်ဖြစ်နေကြောင်းသိရှိရပြီး ကြက်ဥတစ်ပိဿာဈေးနှုန်းအနေဖြင့် ယခင်နှစ်က ၆၀၀၀/၇၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၀၄၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ CP ကြက်သားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ယခင်နှစ်က CP ကြက်သားတစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိရှိခဲ့ပြီး ယခုနှစ်တွင် CP ကြက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရင်အုပ်တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ရင်အုပ်ပိုင်း တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်ရှိသဖြင့် ကြက်သားဈေးမှာ ယခင်နှစ်ထက် မြှင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ် ကြက်ဥဈေးနှင့် ကြက်သားဈေးတက်ရခြင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မွေးမြူရေးအစားအစာနှင့် ဆေးဝါးများဈေးမြင့်တက်ခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်းတို့ကြောင့်ဖြစ်ပါသည်။ နယ်စပ်မြို့ကလေးများသို့တင်ပို့မှုမှာ ယခုကာလအတွင်း အနည်းငယ်သာရှိပြီး ကြက်သားဈေးမြင့်တက်ခြင်းကြောင့် ဝယ်ယူသူနည်းပါးပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ကြက်သားဒိုင်များမှသိရှိရပါသည်။
DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း