ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့်သစ်တော်သီးဈေးနှုန်း

    သစ်တော်သီးဟုဆိုလိုက်သည့်အခါ အညိုရောင်အခွံပေါ်တွင် အစက်အပြောက်လေးများပါရှိပြီး အလယ်ချက်တိုင်တစ်ဝိုက်တွင် အနက်ရောင်အစေ့ရှိပြီး အတွင်းသားမှာ ဖြူဖြူကြွပ်ကြွပ်လေးဖြင့် ချိုချိုချဉ်ချဉ်အရသာရှိပါသည်။ သစ်တော်သီးမှာ မိုးရာသီစာ သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ မြန်မာပြည်ရာသီဥတုတွင် မိုးလည်ကာလမှစပြီး ဆောင်းဦးရာသီအထိတွေ့ရတတ်ပါသည်။

  အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ (၂)မျိုးရှိပါသည်။ အာရှသစ်တော်သီးမှာ အရွယ်အစားမကြီးဘဲ လုံးဝန်းကာ အပေါ်ယံအခွံတွင် အစက်အပြောက်များပါရှိပါသည်။ ဥရောပသစ်တော်သီးမှာ မှည့်လာသည်နှင့်အမျှ တဖြည်းဖြည်းပျော့ပြောင်းလာပြီး အရည်ရွှမ်းပါသည်။ သစ်တော်သီးကို သားရေစာအချိုပွဲအနေဖြင့် စားသုံးကြပါသည်။ တခြားနိုင်ငံများတွင် အချိုပွဲအဖြစ် စားသောက်ကြသည့်အပြင် စည်သွပ်ဘူးများပြုလုပ်ခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း၊ သစ်သီးခြောက်များပြလုပ်ခြင်းဖြင့်လည်း ထုတ်လုပ်ရောင်းချကြပါသည်။

   သစ်တော်သီးစိုက်ပျိုးရာတွင် အစေ့မှတိုက်ရိုက်မျိုးပွားခြင်းနှင့် ကိုင်းကူး၊ ကိုင်းဆက်ပြု လုပ်ခြင်း၊ အမြစ်ဖြတ်မျိုးပွားခြင်း စသည့်နည်းလမ်းများဖြင့် စိုက်ပျိုးပါသည်။ စိုက်ပျိုးထားသော သစ်တော်သီးပင်အများစုမှာ (၁၀)နှစ်၊ (၁၅)နှစ်ခန့်သက်တမ်းရှိပါသည်။ အပင်ကို စတင်စိုက်ပျိုးသည့် အချိန်မှ (၃)နှစ်ကြာလျှင် အသီးစတင်သီးလာပြီး (၅)နှစ်နှင့် (၇)နှစ်ရောက်မှသာ အသီးများရရှိပါသည်။ မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော သစ်တော်မျိုးများမှာ အစိမ်းမျိုးများနှင့် အညိုမျိုးဟူ၍ (၂)မျိုးရှိပါသည်။ အစိမ်းမျိုးသည် သီးထွက်စော၍ ဇွန်လမှ ဩဂုတ်လအတွင်း ဆွတ်ခူးနိုင်ပါသည်။ သစ်တော်ကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ ကွက်ခိုင်၊ ချင်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကချင်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် မိုးကုတ်နယ်များတွင် စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း မန္တလေးနှင့်ပြင်ဦးလွင်မြို့များမှာ သစ်တော်သီးများဝင်ရောက်လာပြီး ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးတွင် တစ်ဆင့် ပြန်လည်ရောင်းချရာတွင် သစ်တော်သီးအကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လစတုတ္ထပတ်အတွင်း လက်ပံတန်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၅၀၀၀/၊ ဧည့်မဆန် တစ်ပြည်လျှင် ၃၁၀၀/၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၈၀၀/၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀/၊ ကြူကုတ် တစ်ပိဿာလျှင် ၁၁၀၀၀/၊ ချင်း တစ်ပိဿာလျှင် ၈၀၀၀/၊ ငရုတ်ခြောက်အရှည် တစ်ပိဿာ လျှင် ၂၀၀၀၀/၊ ငရုတ်ခြောက် အပု တစ်ပိဿာလျှင် ၂၂၀၀၀/၊ အာလူး တစ်ပိဿာလျှင် ၃၂၀၀၊ မန်ကျည်းမှည့် တစ်ပိဿာလျှင်  ၄၀၀၀/၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး) တစ်လုံးလျှင် ၂၈၀/၊  (အသေး) တစ်လုံးလျှင် (၂၆၀)၊ ဘဲဥ(အကြီး) တစ်လုံးလျှင် ၄၀၀/၊ (အသေး) တစ်လုံးလျှင်  ၃၅၀/၊ ဈေးရှိပါသည်။

       လက်ပံတန်းပံတန်းမြို့၏ အသား/ငါး ဈေးနှုန်းများမှာ မွေးမြူရေးကြက် တစ်ပိဿာလျှင် ၁၀၀၀၀/ မှ ၁၂၀၀၀/၊ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀/ မှ ၁၆၀၀၀/၊ အမဲသား တစ်ပိဿာလျှင် ၁၃၀၀၀/ မှ ၁၅၀၀၀/၊ ဆိတ်သား တစ်ပိဿာလျှင် ၂၂၀၀၀/မှ ၂၃၀၀၀/၊ ငါးကြင်း တစ်ပိဿာလျှင် ၁၂၀၀၀/မှ ၁၅၀၀၀/၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်  ၈၀၀၀/မှ ၉၀၀၀/၊ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် ၁၆၀၀၀/မှ ၁၈၀၀၀/၊ နှမ်းဆီ တစ်ပိဿာလျှင်    ၁၅၀၀၀/မှ ၁၆၀၀၀/ ၊ စားအုန်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀/မှ ၁၂၀၀၀/ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တက်ရိပ်ပြလာတဲ့ကြက်သွန်နီနှင့် အကျဘက်ရောက်လာတဲ့ အာလူးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဩဂုတ်လပထမပတ်တွင် ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၈၀၀/ ကျပ်၊ (အသေး) တစ်ပိဿာလျှင် ၂၅၀၀/ကျပ် လက်လီဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀) မှ စတင်၍ အိတ်လုံးဈေး ကြက်သွန်နီ အကြီး တစ်ပိဿာလျှင်၂၅၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၂၄၀၀/ ကြက်သွန်နီ အသေး လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၂၃၀၀/ ကျပ်ဈေးနှုန်းဖြင့် အသီးသီး ရောင်းချ လျှက်ရှိပါသည်။ ယခုလ ဩဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီ လက်လီ ဈေးနှုန်းများမှာ ကြက်သွန်နီ အကြီး/ အလတ် တစ်ပိဿာလျှင် ၃၈၀၀/၊  အသေး တစ်ပိဿာလျှင် ၃၆၀၀/ကျပ် ၊ လက်ကား အိတ်လုံး ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင်၃၅၀၀ /၊အသေး တစ်ပိဿာလျှင် ၃၄၀၀/ကျပ် ပေါက်ဈေးရှိနေပါသဖြင့် ကြက်သွန်နီ ဈေးနှုန်းများ အတက်ဘက်သို့ ဦးတည်နေကြောင်း သိရှိရပါသည်။

     အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူး တစ်ပိသာလျှင် ဩဂုတ်လ ပထမပတ်တွင်  ၃၄၀၀/ ကျပ်မှ ၃၅၀၀/ ကျပ်ဈေးရှိခဲ့သော်လည်း ယခုဩဂုတ်လ နောက်ဆုံးပတ်အတွင်းမှာတော့ အာလူးဈေးမှာ ၃၀၀၀/ မှ ၃၁၀၀ ကျပ်ပေါက်ဈေးဖြင့်အရောင်းအဝယ်ရှိနေသဖြင့် အကျဈေးဘက်သို့ ရောက်ရှိပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် မုန်လာဥ(အဖြူ)များအရောင်းအဝယ်ဖြစ်လျက်ရှိ

 ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပြည်ဒေသရှိဈေးတို့၌ ရာသီချိန်မဟုတ်ဘဲ မုန်လာဥ(အဖြူ)များရောင်းချနေသည်ကိုတွေ့ရပါသည်။ မုန်လာဥ(အဖြူ)သည် အေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီး ပုံမှန်ထွက်ပေါ်ချိန်မှာ ဆောင်းရာသီတွင် ထွက်ပေါ်ပါသည်။ သို့သော်လည်း ယခုကဲ့သို့အချိန်တွင် ထွက်ပေါ်သောမုန်လာဥမှာ ရေလောင်း၍စိုက်ပျိုးထားသော မုန်လာဥများဖြစ်ပြီး စိုက်ပျိုးသည့်ဒေသမှာ မှော်ဇာဘက်ရှိ ကျေးရွာများတွင်စိုက်ပျိုးကြောင်းသိရပါသည်။ ရေလောင်း၍စိုက်ပျိုးသော မုန်လာဥ (အဖြူ)ကို ဧကပြတ်စိုက်ပျိုးခြင်းမရှိဘဲ အနည်းငယ်သာစမ်းသပ်၍ စိုက်ပျိုးကြောင်းသိရပါသည်။ အချိန်အခါမဟုတ်ဘဲ ထွက်ပေါ်သောအသီးအနှံများမှာ ဈေးကောင်းရခြင်းတို့ကြောင့် တောင်သူများမှာ ရေလောင်း၍စိုက်ပျိုးကြသော်လည်း နည်းပညာများအောင်မြင်မှုမရှိသဖြင့် ထွက်ပေါ်လာသည့်သီးနှံများမှာ ရောင်းတန်းသာဝင်၍း အရသာမှာ ရာသီချိန်တွင် ထွက်ပေါ်သောသီးနှံများကဲ့သို့ အရသာမရှိဘဲ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဆယ်နှစ်လရာသီ တစ်နှစ်ပတ်လုံး သီးနှံများထွက်ပေါ်လာအောင် မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်မှန်ကန်အောင်စိုက်ပျိုးခြင်း၊ နည်းပညာများရယူခြင်း၊ သွင်းအားစုများကို အချိုးကျနစွာအသုံးပြုခြင်း စသည်ဖြင့် နည်းလမ်းမှန်ကန်စွာအသုံးပြုမည်ဆိုလျှင် ရာသီချိန်မဟုတ်ဘဲ တစ်နှစ်ပတ်လုံး သီးနှံများထွက်ရှိ၍ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။

     ပြည်ဒေသရှိ ဈေးကွက်များတွင်ရောင်းချလျက်ရှိသော မုန်လာဥ (အဖြူ)ဈေးမှာ ဩဂုတ်လ၊ တတိယပတ်တွင် (၅)လုံးပါ အတွဲတစ်တွဲလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ စားသုံးသူများအနေဖြင့်လည်း ရာသီချိန်မဟုတ်သော်လည်း ဝယ်ယူစားသုံးကြသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဘက်စုံအသုံးဝင်သည့် ရခိုင်ငှက်ပျောပင်

      ၁၂ လရာသီပတ်လုံး ဖောဖောသီသီရနိုင်သော အသီးများထဲတွင် ငှက်ပျောသီးသည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးစိတ်ပေါင်း များစွာရှိသည့်အနက် စိုက်ပျိုးရ လွယ်ကူပြီး အလုပ်မများသည့်အတွက် ရခိုင်ငှက်ပျောကို အများဆုံးစိုက်ပျိုးကြပါသည်။ ငှက်ပျော စိုက်ပျိုးရန် အကောင်းဆုံးမြေအမျိုးအစားမှာ နုန်းတင်မြေနု၊ သဲနုန်းမြေနှင့် နုန်းမြေများ ဖြစ်ပါသည်။ ငှက်ပျောပင်ကို ဝါဆို၊ ဝါခေါင်တွင် အများဆုံးစိုက်ပျိုးပြီး ငှက်ပျောခိုင်ကို စိုက်ပျိုးပြီး ၆-၇ လအတွင်း ခုတ်နိုင်ကာ ပထမလမိုင်းပင်ကို မိခင်အပင် ခုတ်နိုင်ပြီး ဒုတိယ လမိုင်းပင်ကို ပထမ လမိုင်းပင် ခုတ်ပြီး နောက် ၈-၉ လအတွင်း ပြန်လည်ခုတ်နိုင်ပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ် စိုက်ပျိုးမည် ဆိုပါက တစ်ဧက စိုက်ပျိုးလျှင် ငှက်ပျောတစ်ပင်နှင့် တစ်ပင်အကွာအဝေး ၁၀ ပေခြား၍ စိုက်ပျိုးရပြီး အပင် ၉၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ငှက်ပျောသီးသည် အာဟာရ ဓာတ်အများအပြား ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို အစာခြေစနစ်ကိုလည်း မြှင့်တင်ပေးကြောင်း သိရှိရပါသည်။ စံမှီငှက်ပျော တစ်ခိုင်တွင် အဖီး ၉ ဖီးမျှပါ၍ တစ်ဖီးလျှင် အသီး ၁၀ လုံးမှ ၁၅ လုံးပါဝင်ပြီး ဈေးနှုန်းအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ် အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ငှက်ပျောပင်၏ အရွက်များကို မုန့်ဖက်ထုပ်၊ ကောက်ညှင်းပေါင်း၊ ကောင်ညှင်းထုတ်စသည့် မုန့်များ ပြုလုပ်ရာတွင် အသုံးပြုလျက်ရှိပြီး ငှက်ပျောဖူးကို ငှက်ပျောခိုင် ထွက်ရှိပြီးစီးပါက ခုတ်၍ ဟင်းအဖြစ်လည်းကောင်း၊ ချဉ်ဖက်ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သလို၊ ငှက်ပျောအူကို မြန်မာ့ရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါးချက်ရာတွင်လည်း မပါမဖြစ် အသုံးပြုနိုင်ပါသည်။ ငှက်ပျော အရင့်ဖက်များမှာလည်း တိရစ္ဆာန်များ ကျွေးမွေးရာတွင် အသုံးဝင်သောကြောင့် ငှက်ပျောတစ်ပင်လုံးမှာ ပစ်ရက်စရာမရှိအောင် အသုံးဝင်နေပါတော့သည်။ ငှက်ပျောအမျိုး ပေါင်းများစွာထဲမှ ရခိုင်ငှက်ပျောသီးမှာ ဘုရားပွဲ၊ ရိုးရာနတ်ပွဲ ၊ အလှူမင်္ဂလာများတွင် ကန်တော့ပွဲအဖြစ် အသုံးများလှပါသည်။

    ရခိုင်ငှက်ပျောစိုက်ပျိုးရာတွင် ရင်းနှီးမြှပ်နှံမှု အရင်းပမာဏ အလွန်နည်းပါးသောကြောင့် စီးပွားဖြစ်သော်လည်းကောင်း၊ မိမိအိမ်ခြံအတွင်း လွတ်လပ်သောနေရာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်သော အသီးပင်ဖြစ်ပါကြောင်း လေ့လာတွေ့ရှိချက်များနှင့် အတူတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

စီးပွားဖြစ် လုပ်ကိုင်သည့် ထုံးကြီးနာနတ်ယို

    ပဲခူးတိုင်းဒေသကြီး၊  ကဝမြို့နယ်၊ ထုံကြီးကျေးရွာသည် ဥယျာဉ်ခြံ  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ‌ကျေးရွာတစ်ရွာဖြစ်ပါသည်။ အဆိုပါ ဥယျာဉ်ခြံတွင် နာနတ်သီးအား အဓိကထား၍  စိုက်ပျိုးကြပြီး  အိမ်တိုင်းနီးပါး စီးပွားဖြစ်   နာနတ်ယို     ထုတ်လုပ်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး‌‌ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ နာနတ်ယို ပြုလုပ်ရာတွင်  နာနတ်သီးမှည့်များအား  ခြစ်ဖြင့် အစိတ်သေးများ ပြုလုပ်ကာ     ရေ ၊ သကြား ၊ လီမွန် သီး၊ ပျားရည်၊  ဖက်တင် (pectin)  တို့ဖြင့် ရောသမမွှေပြီး  ပျစ်လာသည်အထိ ကျိုချက်ရကြောင်း ၊ ထို့နောက်  အအေးခံကာ (၂၅) ကျပ်သား ၊ (၅၀) ကျပ်သား ၊ (၁)ပိဿာ အထုပ် များပြုလုပ်ပြီး ‌‌‌ရောင်းချလျက်ရှိကြောင်း၊ (၂၅)ကျပ်သား တစ်ထုပ်လျှင် လက်လီ ဈေး   (၁၇၅၀)ကျပ်နှုန်း၊ (၅၀) ကျပ်သား တစ်ထုပ်လျှင် (၃၅၀၀)ကျပ်နှုန်း၊(၁)ပိဿာ တစ်ထုပ်လျှင် (၇၀၀၀) ကျပ်နှုန်းဖြင့်  ကဝမြို့နယ်တစ်ဝိုက်နှင့် အင်းတကော်မြို့၊ ပဲခူးမြို့နှင့် ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဘက်စုံအသုံးဝင်သော ပြည်မြို့၏မန်ကျည်းမှည့်ဈေးကွက်

   မန်ကျည်းမှည့်ကို မြန်မာလူမျိုးအများအပြားစားသုံးကြပြီး ဟင်းချက်ရာတွင်လည်းကောင်း၊ ဆေးဖော်ရာတွင်လည်းကောင်း၊ ဖျော်ရည်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ မန်ကျည်းပင်သည် နေရာအနှံ့အပြားတွင် ပေါက်ရောက်ကြပြီး အပင်ကြီးမျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော မန်ကျည်းပင်များမှာ မန်ကျည်းပေါက်ပင်၊ တောမန်ကျည်းပင်၊ တောင်မန်ကျည်းပင်နှင့် ဆေးမန်ကျည်းပင်များဖြစ်ကြပါသည်။ မန်ကျည်းပင်မှရရှိသော မန်ကျည်းရွက်နုများကို စားသုံး၍ရသကဲ့သို့ မန်ကျည်းမှည့်မတိုင်ခင် မန်ကျည်းသီးအစိမ်းကိုလည်း စားသုံးနိုင်သည့်အတွက် ယခုအချိန်တွင် မန်ကျည်းသီးစိမ်းကို ဈေးကွက်၌ ရောင်းချလျက်ရှိပါသည်။ ထိုမှတစ်ဆင့် မန်ကျည်းသီးအစိမ်းများရင့်မှည့်လာလျှင် မန်ကျည်းမှည့်အဖြစ် လူအများစားသုံးကြပါသည်။ မန်ကျည်းမှည့်သည် ဘက်စုံအသုံးဝင်ပြီး ပြည်ဈေးကွက်သို့ မန်ကျည်းသီးအမှည့်များကို မြို့နယ်စုံမှ တင်ပို့မှုရှိပြီး ဒေသအတွင်း လက်လီ/လက်ကားသမားများကဝယ်ယူ၍ ရောင်းချကြသည့်အပြင် ပိုလျှံသည့်မန်ကျည်းမှည့်များကို ရန်ကုန်မြို့၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ဘက်သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။

  မန်ကျည်းမှည့်ဈေးနှုန်းများအနေဖြင့် ဩဂုတ်လ (စတုတ္ထပတ်) တွင် တစ်ပိဿာလျှင် ပွဲရုံဈေး အနေဖြင့် (၃၀၀၀)ကျပ်နှင့် ဈေးများတွင် ရောင်းချသောမန်ကျည်းမှည့်လက်လီဈေးမှာ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် မန်ကျည်းသီးစိမ်းကိုလည်း တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                            

ဖရဲသီးဝယ်လိုအားကောင်း၍ ဈေးကောင်းရ

       ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်ရာသီအလိုက် သီးနှံများထွက်ရှိ ရောင်းချလျက်ရှိရာ ယခုနှစ် တွင် သီးနှံဈေးကွက်အတွင်း ဖရဲသီးဈေးကွက်၌ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိလျက် ရှိကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရပါသည်။

    ဖရဲသီးကို ပုံမှန်အားဖြင့် ပဲခူးမြို့နှင့်ပတ်ဝန်းကျင် ခရမ်းမြို့၊ ဝေါမြို့၊ ညောင်လေးပင်မြို့၊ ဒိုက်ဦးမြို့များတွင် စိုက်ပျိုးပြီး ယခုနှစ်တွင် စိုက်ပျိုးမှုနည်းသွားကြောင်း သိရှိရပါသည်။ ဖရဲကို ပဲခူး ဈေးကွက်နှင့်ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့နေရပြီး ယခုနှစ်တွင် သယ်ယူပို့ဆောင်စရိတ် မြင့်မားခြင်း၊ စိုက်ပျိုးထုတ်လုပ်စရိတ်မြင့်မားလာတာကြောင့် ယခင်နှစ်က ရောင်းချနေရသည့် ဈေးက အရွယ်အစားအလိုက် တစ်လုံး(၈၀၀) ကျပ်ကနေ (၄၀၀၀)ကျပ်အထိသာဈေးရခဲ့ပေမဲ့ ယခုနှစ်တွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုများကြောင့် ဖရဲအလုံးသေးတစ်လုံးကို (၂၀၀၀)ကျပ်ကနေ အလုံးကြီး တစ်လုံးကို (၆၀၀၀-၇၀၀၀)ကျပ်အထိ ဈေးရရှိနေကြာင်း သိရှိရပါသည်။

   ပဲခူးတိုင်းဒေသကြီးအတွင်း ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့သော်လည်း စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ အကျိုးအမြတ်ရရှိပြီး ဈေးနှုန်းဈေးကွက် မြင့်မားနေသော်လည်း ရောင်းအား ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးမြေမှ "လူဝကြီး" အာလူးကြော်လုပ်ငန်း

     အာလူးကြော်ရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှ ထွက်ရှိသော အာလူးများအား  ရွေးချယ်ဝယ်ယူ၍ လုပ်သားများဖြင့် အခွံခွါပြီး စက်ဖြင့်ပါးပါလှီးပါသည်။ အရောင်းအဝယ်ပေါ် မူတည်၍ အာလူးများအား အပါးပြားလှီးခြင်း၊ ဇကာကွက်လှီးခြင်းနှင့် အချောင်းလိုက်လှီးခြင်းဟူ၍ ပုံစံ (၃)မျိုး ဖြင့် ထုတ်လုပ်ပါသည်။ ပါးပါးလှီးထားသော အာလူးပြားများအား ရေနှင့်စင်အောင် ဆေးကာစက်ဖြင့် ရေစင်အောင် စစ်ထုတ်ပါသည်။ ထို့နောက် အကြော်အိုးထဲသို့ ထည့်၍ ကြော်ပြီး ဆီစစ်ကာ ဘူးသွပ်သွင်း၍ ဈေးကွက်အတွင်းရောင်းချပါသည်။ အာလူးကြော်လုပ်ငန်းဆောင်ရွက်ရန်အတွက် တစ်ရက်လျှင်  လုပ်သား (၉)ဦး ဖြင့်အာလူး (၃၀) ပိဿာ အိတ်၊ (၃၀) အိတ်ခန့် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပါသည်။ အာလူး (၃၀) ပိဿာဝင် တစ်အိတ်လျှင် အာလူးကြော် (၇)ပိဿာ နီးပါးခန့် ထွက်ရှိပြီး၊ စားသုံးဆီ (၁၀)ပိဿာ ခန့်အသုံးပြုရပြီး (၁၅၀၀၀ိ/)ကျပ်ခန့် အမြတ်ကျန်ရှိကြောင်း တွေ့ရှိရပါသည်။ လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် သိန်း(၅၀၀) ခန့်ရှိပြီး ၊ အာလူးကြော်များအား ပဲခူး၊ ရန်ကုန်နှင့် ပုသိမ်မြို့များသို့ ဖြန့်ချီရောင်းချပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

ရန်ကုန်မြို့၊ ဒညင်ကုန်းဈေးသို့တင်ပို့နေသော ကုန်စိမ်းများ

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ပုတီးကုန်းမြို့နှင့် ဝတ်ပုတ်နယ်နိမိတ်ရှိရွာများတွင် ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ များပြားစွာရှိပါသည်။ ထွက်ရှိလာသောဟင်းသီးဟင်းရွက်သီးနှံများကို ဝတ်ပုတ်မှတစ်ဆင့် တင်ပို့ရောင်းချနိုင်သောဈေးကွက်တစ်ခု တွင်ကျယ်စွာဖြစ်ပေါ်နေသောကြောင့်ဖြစ်ပါသည်။

    ဝတ်ပုတ်မြို့သည် မြို့အမည်မတွင်သော်လည်း ဟင်းသီးဟင်းရွက်ဈေးကွက်ဖြင့် စီးပွားဖြစ်ထွန်းနေသော နေရာဒေသတစ်ခုဖြစ်ပါသည်။ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် တည်ရှိသောကြောင့်  ရန်ကုန်မြို့၊ ဒညင်းကုန်းလက္ကားဈေးကြီးသို့ ကားဖြင့်တင်ပို့ရာတွင် လွယ်ကူပါသည်။  ဝက်ပုတ်တွင် ကုန်စိမ်းကောက်ဝယ်ယူသော ဒိုင်(၁၀)ဒိုင်ခန့်ရှိ၍ နေ့စဉ် ကုန်စိမ်းကားကြီးများဖြင့် ရန်ကုန်သို့တင်ပို့လျက်ရှိပါသည်။ ထွက်ရှိလာသော ဟင်းသီးဟင်းရွက်သီးနှံများမှာလည်း ကျောက်ဖရုံ၊ ရွှေဖရုံ၊ ဘူး၊ သခွား၊ ခရမ်း၊ ရုံးပတီ၊ ပဲတောင့်ရှည်၊ ပဲစောင်းလျားသီး၊ ကြက်ဟင်းခါးသီး၊ ခဝဲ၊ ဂေါ်ရခါး၊ နိုကိုဥ၊ နံနံ၊ မြင်းခွာရွက် စသည်ဖြင့် အမျိုးပေါင်း(၂၀)ကျော်မျှရှိသဖြင့် အမျိုးပေါင်းစုံလင်လှပါသည်။

    ဈေးကွက်တစ်ခု စီးပွားရေးဖြစ်ထွန်းလျှင် ယင်းနှင့်ဆက်စပ်သော ဈေးကွက်စီးပွားရေးမှာလည်းကပ်လျက် လိုက်ပါဖြစ်ထွန်းသည်မှာ ဈေးကွက်စီးပွားရေး၏ သဘောသဘာဝဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဆိုင်များလည်း တွင်ကျယ်စွာစီးပွားဖြစ်ထွန်းပါသည်။ ထို့ကြောင့် သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်ဒေသသည် ကုန်စိမ်းဈေးကွက်နှင့်အတူ စီးပွားရေးဟန်ချက်ညီညီဖွံ့ဖြိုးနေသော နေရာဒေသလေးတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း