ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် မုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၈-၇-၂၀၂၃) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ မုန့်ဟင်းခါးဖတ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်မှာ (၅) နှစ်ခန့်ရှိပြီဖြစ်ပြီး မိသားစု (၄) ဦးဖြင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ပိုင်ရှင်ကိုယ်တိုင်သည် လယ်သမားတစ်ဦးဖြစ်သည့်အတွက် ကိုယ်တိုင်စိုက်ပျိုးထွက်ရှိလာသည့်စပါးများမှ ကြိတ်ခွဲရရှိလာသောဆန်များကို မုန့်ဖတ်ပြုလုပ်၍ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် ဆန်ဟောင်းကိုသာအသုံးပြုရပါသည်။ ဆန်များကို တွင်းရေဖြင့် တစ်ညရေစိမ်ရပြီး တွင်းရေသည် ရေချိုဖြစ်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။ ရေစိမ်ထားသောဆန်ကို ရေဖြင့် ၄/၅ခါလောက် အနံ့ပျောက်အောင်ဆေးပေးရပါသည်။ ပြီးလျှင် ကြိတ်ဆုံဖြင့်ကြိတ်ရပြီး ကြိတ်၍ရသောမုန့်ရေကို ပိတ်ပါးစဖြင့်ထုပ်ကာ စဉ့်အိုးပေါ်တင်၍ နှစ်နာရီအကြာစစ်ထားရပါသည်။ ရေစစ်ထားသောမုန့်များကို မုန့်စစ်ကန်ထဲသို့ ပိတ်ပါးစခံ၍ မုန့်ကိုဖြန့်ထည့်ပြီး ရေပြန်စစ်ရကြောင်းသိရှိရပါသည်။ အပေါ်ယံရေများထွက်လာပါက ထိုရေများကိုခပ်ထုတ်ရပါသည်။ မုန့်နှစ်များခဲသွားပါက မုန့်နှစ်နုလေးများကို ခြင်းတောင်းထဲသို့ထည့်ပြီး မုန့်လုံးကိုလုံးပါ။ လုံးပြီး တစ်နာရီကြာအောင် မုန့်နှဲရပါမည်။ နှဲ၍ရလာသောမုန့်ကို ဖွဲခွံမီးဖိုကိုအသုံးပြု၍ ပြုတ်ဒယ်အိုး (၂) လုံးထဲသို့ထည့်ကာ ပြုတ်ရကြောင်းသိရှိရပါသည်။ ပြုတ်ရာမှ ထွက်လာသောမုန့်လုံးများကို ပုံစံခွက်ထဲသို့ထည့်ပြီး ရေဆူဆူတွင်ညှစ်ချရပါသည်။ ထိုမှသာ မုန့်ဟင်းခါးဖတ်များရရှိမည်ဖြစ်ပါသည်။
မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် ဆန်တစ်တင်းခွဲဝင် အိတ် (၂) အိတ်ကိုကြိတ်လျှင် မုန့်ဟင်းခါးဖတ် အချိန် (၁၀၀) ခန့်ရရှိကြောင်းသိရပါသည်။ မုန့်ဟင်းခါးဖတ်တစ်ပိဿာလျှင် လက်လီရောင်းဈေးအနေဖြင့် ၁၈၀၀ကျပ်ခန့်ရှိပြီး ပိဿာချိန် ၁၀ပိဿာဝယ်ယူပါက ၁၅၀၀ကျပ်ဈေးပေးချေရကြောင်းသိရှိရပါသည်။ ထုတ်ပိုးမှုအနေဖြင့် အင်ဖတ်များဖြင့်ထုပ်ပိုး၍ ရောင်းချကြောင်းသိရှိရပါသည်။
ဈေးကွက်အနေဖြင့် အလှူ၊ မင်္ဂလာဆောင်၊ သာရေး၊ နာရေး၊ အော်ဒါရှိသလို မြို့တွင်းဈေးကွက်အတွင်းမှ ဖောက်သည်များလည်း လာရောက်ဝယ်ယူရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)