စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ စားသုံးဆီတင်သွင်း သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူတစ်ဦးချင်းဆီစားသုံးမှုမြင့်မားလျက် ရှိသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီစားသုံးမှုပုံစံ ပြောင်းလဲကျင့်သုံးရန် လိုအပ်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်၍ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွား ရမှာ ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျော့ချဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း၊ ကုမ္ပဏီအလိုက် တင်သွင်းရမည့်ပမာဏ လျာထားသတ်မှတ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို ဝန်ကြီးဌာနမှ ချမှတ်ပေးသည့်မူဘောင်အတွင်းမှ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ စားသုံးဆီများကို အရည်အသွေးဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ တင်သွင်းပြီး ဈေးကွက်၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရေးကို စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် Supply Chain တစ်လျှောက်ရှိ သက်ဆိုင်ရာ Stakeholder များအားလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးဆီ တင်သွင်း သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက် သင့်သည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ကြပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်လျှောက် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့သူများအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ တင်သွင်းမှုကို နှစ်အလိုက် လျော့ချခြင်း၊ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုကို အားပေး မြှင့်တင်ခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များကို စနစ်တကျထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ခြင်း၊ Consumer Pack ဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဦးစားပေး ဆောင်ရွက် ခြင်းအားဖြင့် ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့်ကောင်း များ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန