ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကို အလေးပေး၍ စီးပွားရေးဝန်းကျင်ကောင်း များ ဖန်တီးလာနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသတွင်း စားသောက်ကုန် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော "ရွှေလှေ" ဇီးဖျော်ရည် လုပ်ငန်း၊ "အောင်ဆင်မင်း" (မတုတ်မ) လက်ဖက် နှင့်အကြော်စုံလုပ်ငန်း "ဆင်ချောင်း" ပုန်းရည်ကြီး လုပ်ငန်းနှင့် "HAPPY Myanmar" ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများအား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး မှ လုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်း၊ကုန်စည် (သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ လည်း မိမိတို့ ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့်တကွတင်ပြလျှောက်ထားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စိစစ်ပြန်ကြားပေး လျက်ရှိကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

           ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ ရွှေချောင်းကျေးရွာ (ကွက်သစ်)ရှိ "ဆင်ချောင်း"ပုန်းရည်ကြီး လုပ်ငန်းအား ကွင်းဆင်းလေ့လာရာတွင် သန့်စင်ပြီးသော ပဲပိစပ်များကို လိုအပ်သည့်အချိုးအဆ အတိုင်း ဆားထည့်၍  နောက်တစ်နေ့ နံနက် (၅:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ ပြုတ်ရပါကြောင်း၊ ပြုတ်ရည်များကို တစ်ညတာ အချဉ်ဓာတ်ရရှိရန် အလျဉ်ခံရပါကြောင်း၊ အလျဉ်ခံ၍ရသော ပဲပိစပ် အရည်အား နံနက်(၆:၀၀)နာရီ မှ နေ့လယ် (၁:၀၀)နာရီခန့်အထိ ကျိုချက်ရပါကြောင်း၊ မိမိတို့ လိုချင်သော အနေအထားရပါက အအေးခံ၍ ထုပ်ပိုးပါကြောင်း၊ ပြုတ်၍ ထွက်ရှိလာသော ပဲပိစပ်အခွံ အဖတ်များအား တိရစ္ဆာန်အစာအဖြစ် ပြန်လည်ရောင်းချပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၂၅)ကျပ်သား တစ်ဗူးလျှင်(၁၅၀၀/-)၊(၃၀)ကျပ်သားတစ်ဗူးလျှင် (၂၀၀၀/-)ရောင်းချပါကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူဒေသတွင်းနှင့်ရန်ကုန်၊ ပုသိမ်၊ မြန်အောင်၊ ဧရာဝတီသို့ ဖြန့်ဖြူးရောင်းချပါကြောင်း၊ အလုပ် သမားဦးရေ(၁၅)ဦးခန့်ရှိပါကြောင်း၊ လုပ်အားခမှာတစ်ဦးလျှင် (၄၀၀၀/၅၀၀၀/ ၆၀၀၀) ကျပ်ခန့် ပေးပါကြောင်း၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပါ ကြောင်း၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် ဖော်ပြရန်သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံမှုမရှိသေးသဖြင့် နမူနာပုံစံများတင်ပြလျှင် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးမည်ဖြစ်ပြီး အကယ်၍ ဈေးကွက်အတွင်း ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ မပါရှိပါက ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)