မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ “ဆီကြော်”မုန့်လုပ်ငန်းနှင့်”လဒူးမုန့်”၊ “မလိုင်မုန့်” လုပ်ငန်းရှင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်ချက်အရ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေးအတွက် (၁၁.၁.၂၀၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ ဒေသတွင်းမုန့်လုပ်ငန်းများဖြစ်သော ဆီကြော်မုန့်လုပ်ငန်းနှင့် လဒူး၊ မလိုင်မုန့်လုပ်ငန်းများသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထည့်သွင်းရမည့်အချက်များအား ဆွေးနွေးခဲ့ပြီး မိမိတို့ဌာနသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြနိုင်ရေး လာရောက်အကူအညီတောင်းနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာပါရှိပါက မကွေးမြို့တွင် သာမက မြန်မာနိုင်ငံတစ်ဝှမ်းတင်ပို့ရောင်းချနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်မှ ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အသင့်စားမုန့်အမျိုးမျိုးတွင် ထည့်သွင်းရမည့်အချက်များအားလည်းကောင်း၊ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များနှင့်တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြပါကြောင်းသိရှိရပါသည်။

          ဤကဲ့သို့ ဒေသတွင်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်းအားဖြင့် လုပ်ငန်းရှင်တို့၏ ထုတ်လုပ်မှုအပိုင်း၊ ဖြန့်ဖြူးရောင်းချမှု အပိုင်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြလာမှုများရှိလာမည်ဖြစ်သည့်အပြင် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလာနိုင်မည်ဖြစ်၍ ဈေးကွက်ဝေစုပိုမိုရရှိကာ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး