ကျိုက်လတ်မြို့နယ်၊ ဒေသထွက်ကုန် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေး

Powered by Drupal

          ကျိုက်လတ်မြို့နယ်တွင် Covid-19 ကာလအတွင်းဒေသ ထုတ်ကုန်လုပ်ငန်းများထုတ်လုပ်မှု နှေးကွေးလျက်ရှိရာ ပြန်လည်ဦးမော့လာစေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးစိုးမင်းထိုက်သည် ငါးရံ့ခြောက်ဖုတ်လုပ်ငန်း ရှင်အသင်းများနှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးပွဲတွင်မြို့နယ်တာဝန်ခံကလက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်အခက်အခဲများ၊ ဈေးနှုန်း‌ဈေးကွက်အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားမေးမြန်းခဲ့ရာ အသင်းဥက္ကဌ ဦးဇော်မင်းဦးက ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် ယခင်နှစ် ငါးရံ့ကုန်ကြမ်းဝယ်ဈေးမှာတစ် ပိဿာလျှင်(၄၇၀၀/၄၈၀၀)ကျပ်ဈေးသာရှိပြီး  ယခုနှစ်တွင်(၅၈၀၀/၆၀၀၀)ကျပ်ထိ ဈေးမြင့်တက်လာပါကြောင်း၊ ယခင်နှစ်ကာလများက ကုန်ကြမ်းကို မြို့ပေါ်မှာ အထိုင်ဖြင့်ဝယ်ယူရရှိပြီး ယခုနှစ်တွင် အင်းချောင်းများရှိသည့် ခမုံကျေးရွာ၊ ဖောင်ရိုးဆိပ်ကျေးရွာများသို့ ကွင်းဆင်းဝယ်ယူနေရပါကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် ထုတ်လုပ်နိုင်မှု ကုန်ကြမ်း တစ်နှစ်စာ ပျှမ်းမျှ ပိဿာ (၁၀,၀၀၀)ခန့် ဝယ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင်   လိုချင်သည့်  ငါးအရွယ်အစားမရသဖြင့်   ပိသာ (၅,၀၀၀) ခန့်သာ ဝယ်ယူထားရှိကြောင်း၊ တပို့တွဲလဝက်ခန့်တွင် ငါးခွဲလို့ရမည့် အရွယ်အစားဖြစ်လာမှာဖြစ်၍ ကျန်အချိန်ပိဿာ ၅,၀၀၀ ကို စောင့်ဆိုင်းဖြည့်တင်းဝယ်ယူရမှာဖြစ်ကြောင်းဆွေးနွေးပါသည်။

          ဆက်လက်၍ အတွင်းရေးမှူး ဦးထွန်းထွန်းကငါးရံ့ အချိန် ၁၀ပိဿာခွဲလျှင် ဈေးကွက်ဝင် ငါးရံ့ခြောက်ဖုတ် ၁ ပိဿာ ရရှိကြောင်း၊ ယခင်နှစ်က ငါးခွဲလုပ်သားခ ငါး အချိန်ပိဿာ (၁၀) ခွဲလျှင် ကျပ် (၃၀၀၀) ၊ယခုနှစ်တွင် ကျပ် (၄၀၀၀) ပေးရကြောင်း၊ ကုန်ကြမ်းဝယ်ယူစရိတ်၊ သယ်ယူစရိတ်၊ လုပ်သားစရိတ်၊ ထုပ်ပိုးစရိတ်နှင့် ထုပ်ပိုးပစ္စည်းစရိတ်အဖက်ဖက်က ဈေးမြင့်တက်လာသလို ဈေးကွက်ဖြန့်ဖြူးရာတွင်လည်း ယခင်နှစ်များကဲ့သို့ နယ်စုံ တင်ပို့ရောင်းချ၍ မရသဖြင့် ဒေသတွင်းနှင့်ရန်ကုန်ဈေးကွက်၊ City Mark များကိုသာ အဓိကထားပြီးရောင်းချနေရကြောင်း၊ ယခင်နှစ်က (၆)ကျပ်သားတစ်ဘူးကို ကျပ် (၅၀၀၀) ၊(၁၂)ကျပ်သားတစ်ဘူးကို ကျပ် (၁၀၀၀၀) ရောင်းချခဲ့ပြီး ယခုအခါ ယင်းဈေးဖြင့် တွက်ချေမကိုက်သဖြင့် ဈေးမြင့်တင်ရောင်းချမှသာလျှင် တွက်ချေကိုက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များတင်ပြဆွေးနွေးမှုအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုဘဲ အလေးချိန်အား (၆)ကျပ်သား အစား (၅)ကျပ်သား၊ (၁၂)ကျပ်သား အစား (၁၀)ကျပ်သား လျော့၍ မူလဈေးနှုန်းအတိုင်းရောင်းချပါက ဖြစ်နိုင်ချေရှိ/မရှိစဉ်းစားစေချင်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ လျော့နိုင်သမျှလျော့နည်းအောင် ကြိုးစားထုတ်လုပ်ရန်နှင့် တွက်ချေကိုက်သော လုပ်ငန်းများဖြစ်စေရေး၊ ဈေးကွက်တင်ပို့ရာတွင်လည်း ကုန်အညွှန်းအမှတ်အသားများအား သတ်မှတ်ချက်နှင့်အညီမှန်ကန်စွာဖော်ပြပါရှိရေး၊ ဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက အလေးချိန်လျော့၍ မူလဈေးနှုန်းအတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ ငါးရံ့ခြောက်ဖုတ် လုပ်ငန်းရှင်အသင်းမှ လုပ်ငန်းရှင်(၁၁)ဦးတက်ရောက်  ခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီ)