ရေစကြိုမြို့ဂုဏ်ဆောင် ဒေသထွက်ထန်းသီးမုန့်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့်အဖွဲ့သည် (၁၃.၁.၂၀၂၂) ရက်နေ့၊ နေ့လည်(၃:၀၀)နာရီအချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ရေစကြိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ “မနု ထန်းသီးမုန့်” ထုတ်လုပ်နေသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ထန်းသီးမုန့်ထုတ်လုပ်ရောင်းဝယ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိနိုင် မည့်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးနှင့်အညီ မကွေးဆိုလျှင် ပဲယို၊နှမ်းယို၊ ကျောက်ပန်းတောင်း ဆိုလျှင် အာလူးကြော်၊ ညောင်ဦးဆိုလျှင် ပုန်းရည်ကြီးဟူ၍ မြို့နှင့်ထွက်ကုန်များ ယှဉ်တွဲ၍ လူသိ များသလို ရေစကြိုဟုဆိုလျှင် ထန်းသီးမုန့်ကို ပြေးမြင်ရမည်ဖြစ်ပြီး ယခင်ကရန်ကုန်မြို့၊ အင်းလျားလိပ် ဟော်တယ်၌ ရေစကြိုထန်းသီးမုန့်ကို ရောင်းချခဲ့ရာ နိုင်ငံခြားသားများလွန်စွာကြိုက်နှစ်သက်ကြောင်း လုပ်ငန်းရှင်ကပြောကြားခဲ့ပါသည်။ ထန်းသီးမုန့်ပြုလုပ်မည်ဆိုလျှင် အဓိကအနေဖြင့် ဆန်၊ ထန်းလျှက် (သကာရည်)၊ ဆား၊ ကြက်ဥနှင့် အချဉ်ဖောက်စေရန် အုန်းမှုတ်ခွက်နှင့်အဓိကထန်းသီးမှည့်အနှစ် တို့လိုအပ်ကြောင်း သိရှိရပါသည်။

          ထန်းသီးမုန့် ပြုလုပ်ရာတွင် ဆန်အနေဖြင့် ပေါ်ဆန်းဆလတ်နှင့် မနောသုခကို သုံးချိုး တစ်ချိုးရော၍ ရေစင်အောင်ဆေးပြီး (၁)နာရီခန့်ရေစိမ်ရကြောင်း၊ ထိုသို့ရေစိမ်ပြီးနောက် ဆန်ကို ကြိတ်စက်ဖြင့် ကြိတ်၍ထွက်ရှိလာသည့် မုန့်နစ်ရည်အား ထန်းလျှက်(သကာရည်) အေးခဲထားသော ထန်းသီးမှည့်အနှစ်တို့နှင့်ရောမွှေရကြောင်း၊ သန့်ရှင်းစေရန်အတွက် ဇကာစစ်ခါ စဉ့်အင်တုံအတွင်းသို့ ထည့်၍ အုန်းမှုတ်ခွက်ဖြင့် နာနာမွှေခါ(၇)နာရီခန့်  အုန်းမှုတ်ခွက်ထည့်စိမ်၍ နှပ်ထားရပြီး ရေနွေး ပွက်ပွက်ဆူနေသော ပေါင်းဖို ပေါ်တင်၍ (၂၅) မိနစ်ခန့်ပေါင်းလျှင် ထန်းသီးမုန့်ရပြီ ဖြစ်ကြောင်း မုန့်ပေါ်မှကြက်ဥဖြန်းပေးရကြောင်း၊ ထန်းသီးမှည့်လှိုင်လှိုင်ပေါ်သည့် ဝါဆိုလမှသီတင်းကျွတ်၊ တန်ဆောင်မုန်းထိ လက်ဆတ်သည့်ထန်းသီးမှည့်အနှစ် များများထည့်နိုင်သော်လည်း ထန်းသီးမှည့် ရှားပါးသည့်ကာလများအတွက် အေးခဲထားသည့် ထန်းသီးမှည့်အနှစ် အနည်းငယ်သာထည့်နိုင် ကြောင်း၊ ထန်းသီးမှည့်ထည့်၍ပြုလုပ်သည့် မုန့်မှာပို၍အရသာကောင်းမွန်ပြီး ပို၍နူးညံ့ကြောင်း၊ အချို့လုပ်ငန်းရှင်များအနေဖြင့် နည်းပညာအခက်အခဲကြောင့် ထန်းသီးမှည့်အနှစ်အစား ပွဆေးများ သုံး၍ ထုတ်လုပ်လာကြသဖြင့် ထန်းသီးမုန့် အရည်အသွေးလည်းကျဆင်းလာသည့် အတွက် Qualityပိုင်းကို အထူးထိန်းသိမ်းရန်လိုအပ်ကြောင်း လုပ်ငန်းရှင်ဒေါ်နုမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထန်းသီးမုန့်(၁)ပေါင်းပြုလုပ်ရန် ဆန် (၅) ဗူး၊ ထန်းလျှက် (သကာရည်) (၅၀) ကျပ်သား၊ ဆား (၁) ကျပ်ခွဲသား၊ ကြက်ဥ (၁)လုံးနှင့် နို့ကျဲ (၁၀)ကျပ်သား ထည့်၍ (၂၅) မိနစ် ပေါင်းရကြောင်း၊ ကျက်လျှင် ကြက်ဥ (၁) လုံးအပေါ်မှဖြန်းပေးရကြောင်း၊ အုန်းသီးကို ခြစ်၍ ဆုံဆီသန့်နှင့်ကြော်ခါ မုန့်ပေါ်မှ အုန်းဆံကြော်၊ ဆီ၊ သကြားနှင့် ဖရုံယို ဖြူးပေးကြောင်း၊ တန်ဖိုးအားဖြင့် (၉၀၀၀/-) ကျပ် ခန့်ကုန်ကျကြောင်း၊ မုန့်(၁)ပေါင်းလျှင် (၂)ပိဿာခွဲခန့်ထွက်ရှိကြောင်း၊ ထန်းသီးမုန့်(၁) ပိဿာကို (၅၀၀၀/-)ကျပ်ရောင်းရပါကြောင်း၊ (၁) ပေါင်းလျှင် (၁၂၅၀၀/-) ကျပ် ရရှိပြီး ဖောက်သည်အနေဖြင့် (၁)ပေါင်းလျှင် (၁၀၀၀၀/-)ပေးရကြောင်း၊  အကျိုးအမြတ် အနေဖြင့် ကိုယ်တိုင်ရောင်းလျှင် (၃၅၀၀/-)ကျပ်ရရှိပြီး ဖောက်သည်ယူရောင်းသူများအနေဖြင့် (၂၅၀၀/-) ကျပ်မြတ်ကြောင်း၊ နေ့စဉ် မုန့်(၁၅ မှ ၂၀)ပေါင်းခန့် ပြုလုပ်ရောင်းချလျက်ရှိကြောင်းနှင့် မွေးနေ့ကိတ်ကဲ့သို့ မွေးနေ့ထန်းသီး မုန့်များလည်း ပုံစံအမျိုးမျိုးဖြင့် အော်ဒါပြုလုပ်ပေးနေရကြောင်း  လုပ်ငန်းရှင်၏ပြောကြားမှုအား သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)