အသင့်စား စားသောက်ကုန် (Ready To Eat) များအကြောင်း တစေ့တစောင်း

Powered by Drupal

      ပြောင်းလဲလာတဲ့ခေတ်စနစ်အရ  နေ့စဉ်နေထိုင်စားသောက်ဖို့ ချက်ပြုတ်မှုတွေ အတွက် အချိန်မပေးနိုင်သူတွေ၊ အလုပ်ပင်ပန်းနွမ်းနယ်မှုတွေအပြင် အိမ်အလုပ်ကြောင့် ဝန်ပိနေတဲ့ အိမ်ရှင်မတွေအတွက်တော့ အသင့်စားစားသောက်ကုန် (Ready To Eat)  တွေဟာ အဆင်ပြေ လွယ်ကူစေတဲ့ လက်စွဲကုန်စည်တွေဖြစ်လာပါတယ်၊ ယခင်ကတော့ (Ready To Eat) ကုန်စည် ဆိုရင် စည်သွပ်ဗူး၊ ဘာလချောင်ကြော်နဲ့ ငါးရံ့ခြောက်မီးကင် အစရှိတာတွေလောက်သာရှိခဲ့ပေမဲ့  ယခုဆိုရင်တော့  ချဉ်ပေါင်ကြော်၊ ငါးပိရည်၊ တို့စရာ မှအစ အသီးအနှံမျိုးစုံအထိကို  (Ready To Eat) အသင့်စား စားသောက်ကုန်အဖြစ် တွေ့ရှိလာ ရပြီး အမှတ်တံဆိပ်မျိုးစုံနဲ့ ဈေးကွက်မှာ နေရာယူလာပြီ ဖြစ်ပါတယ်၊ (Ready To Eat) ကုန်စည်တွေဟာ အချိန်နဲ့ လူပင်ပန်းမှုသက်သာစေတဲ့ ကုန်စည် တွေဖြစ်လို့ အလုပ်ချိန် များပြားလွန်းတဲ့သူတွေ အထူးသဖြင့် အလုပ်တဖက်နဲ့ အိမ်ရှင်မတွေအတွက် အားထားစရာဖြစ်လာပါတော့တယ်၊ ဈေးကွက်ဝယ်လိုအားများပြားလာတာနဲ့အညီ ထုတ်လုပ်သူ တွေကလဲ (Ready To Eat) ကုန်စည်အမျိုးမျိုးကို အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်လာကြပါတယ်၊ ဒီလိုထုတ်လုပ်မှုများပြားလာတဲ့ ကုန်စည်အမှတ်တံဆိပ်တွေ ထဲကမှ ဘေးကင်းပြီးစိတ်ချရတဲ့ကုန်စည်တွေကို ရွေးချယ်ဝယ်ယူစားသုံး တတ်ဖို့ကလည်း လွန်စွာ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်လာပါတယ်။ ဒီတော့ဘယ်လိုအချက်အလက်တွေ ပါတဲ့ (Ready To Eat) ကုန်စည်ကို ဝယ်ယူအသုံးပြုရမလဲဆိုတာကို စားသုံးသူတွေ သိထားဖို့ရာ လိုအပ်ပါတယ်၊ (Ready To Eat) ကုန်စည်တွေမှာ သက်တမ်း ကြာကြာ ထားလို့ရတဲ့ကုန်စည်တွေရှိသလို သက်တမ်းကြာကြာထားမရတဲ့ကုန်စည်တွေလဲ ရှိတဲ့ အတွက် သက်တမ်းဖော်ပြမှုပါဝင်ဖို့အလွန်အရေးကြီးပါတယ်၊ ဘယ်နေ့ဘယ်ရက်က စတင်ထုတ်လုပ်ထားတယ် ဘယ်နေ့ဘယ်ရက်မှာကုန်ဆုံးမယ် ဆိုတာမျိုးကိုသိမှ လတ်ဆတ်မှုကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက် ကတော့ ပါဝင်ပစ္စည်းဖော်ပြမှုဖြစ်ပါတယ်၊ ဘယ်လိုပါဝင်ပစ္စည်းတွေပါဝင်တယ်ဆိုတာကို သိရှိထားမှသာ ကိုယ်နဲ့ဓါတ်တည့်မှုရှိခြင်း/မရှိခြင်း နှင့်  ဘေးထွက်ဆိုးကျိုးရှိနိုင်/မရှိနိုင်ကို သတိထားဆင်ခြင်နိုင်မှာဖြစ်ပါတယ်၊  (Ready To Eat) ကုန်စည်မှ မဟုတ်ပါဘူး ဘယ်ကုန်စည်ကိုဘဲဖြစ်ဖြစ် ဝယ်ယူ စားသုံးတဲ့အခါမှာ အမှတ်တံဆိပ်၊ အမျိုးအမည် ၊ သက်တမ်း ၊  ပါဝင်ပစ္စည်းနဲ့ ဘယ်လို ထားသိုသိမ်းဆည်းစားသုံးရမယ်ကအစ ဘေးထွက် ဆိုးကျိုးနဲ့ တားမြစ်ထားတဲ့တာရှည်ခံဆေးများ ပါဝင်မှု ရှိ/ မရှိ ကိုအဆုံး သေချာလေ့လာ စိစစ်ပြီးမှ ဝယ်ယူ သုံးစွဲသင့်တာဖြစ်ပါတယ်၊ (Ready To Eat) ကုန်စည်တွေကြောင့် တစ်ဖက်မှာ အချိန်ကုန် သက်သာခြင်း၊ လူပင်ပန်းမှု သက်သာခြင်း ဆိုတဲ့အကျိုးကျေးဇူး တွေရှိနိုင်သလို တစ်ဖက် မှာလည်း အချို့သော (Ready To Eat) ကုန်စည်များတွင် တာရှည်ခံဆေးများ ပါဝင်မှုရှိနိုင်ခြင်း၊ လတ်ဆတ်သန့်ရှင်းမှုလျော့နည်းနိုင်ခြင်းများ ကြောင့် ရေရှည်တွင် ကျန်းမာရေး ထိခိုက်မှုရှိနိုင်ခြင်းကဲ့သို့သော ဆိုးကျိုးများလည်း ရှိလာနိုင်ပါတယ်  ဒါကြောင့် စားသုံးသူ ပြည်သူတွေအနေနဲ့  အသင့်စား စားသောက်ကုန် (Ready To Eat) တွေကို ဝယ်ယူတဲ့အခါမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မှီတယ်လို့ စိတ်ချရတဲ့ ကုန်စည် အမှတ်တံဆိပ်တွေကိုသာ အသိဉာဏ် ပညာဖြင့် ချင့်ချိန်ရွေးချယ် စားသုံးသင့်ပါကြောင်း အသိ သတိပေး တင်ပြလိုက်ရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

Photo - Credit (Google)