စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာရှိ တပင်ရွှေထီးစပါးရောင်းဝယ်ရေးသို့ (၁၉.၁.၂၀၂၂) နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် တပင်ရွှေထီး စပါးရောင်းဝယ်ရေး၏ ပိုင်ရှင် ဦးဒလစ်(ခေါ်)ဦးညဏ်ထွန်းမှ မိမိတို့စပါးရောင်းဝယ်ရေးသည် မအူပင်မြို့နယ်ရှိ တောင်သူများ စပါး အရည်အသွေးကောင်းရင် ကောင်းသလို အရည်အသွေးနိမ့်လျှင် နိမ့်သလို သင့်တင့်မျှတသော ဈေးကောင်းပေး၍ ဝယ်ယူသဖြင့် မအူပင်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု အများစုက တောင်သူများ လာရောက်ရောင်းချကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်သော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေး နည်းပညာများဖြင့် စိုက်ပျိုးထုတ်လုပ်စေပြီး မျိုးကောင်းမျိုးသန့် စပါးများကို ဈေးကောင်းပေး၍ သက်ဆိုင်ရာ ဆန်၊စပါးကုမ္ပဏီများဖြင့် ချိတ်ဆက်ရောင်းဝယ်မှု ပြုလုပ်လျှက် ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
လက်ရှိဝယ်ယူနေသောဈေးများမှာ မနောသုခစပါးတင်း(၁၀၀)လျှင် (၆၉၀၀၀၀)ကျပ်၊ ဆင်းသုခစပါးတင်း(၁၀၀)လျှင် (၆၉၀၀၀၀)ကျပ်၊ နှံကားစပါးတင်း(၁၀၀)လျှင် (၆၄၀၀၀၀)ကျပ် အရောင်းအဝယ် ဖြစ်နေပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အရည်အသွေး မြင့်စပါးများ သိုလှောင်နိုင်ရန်အတွက် သိုလှောင်ရုံကို စပါးများ မသိုလှောင်မှီ သန့်ရှင်းရေး ဆောင်ရွက်၍ ပိုးသက်ဆေးများဖြန့်ဝေခြင်း စပါးများသိုလှောင်စဉ် လေခေါင်းတိုင်များ ထားရှိပေး ခြင်းဖြင့် စပါးအရည်အသွေးများ ပိုမိုကောင်းမွန်၍ အရည်အသွေးမြင့် ဈေးကွက်ဝင်ဆန်များ ရရှိလာနိုင်မည့် အကြောင်းများကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။