မင်းဘူးမြို့မဈေးအတွင်း Mobile Lab Van ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၀၁၉ မတ်လ ၂၅ ရက်နေ့တွင်ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိများခန့်အပ်တာဝန်ပေးပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်မပြုဆိုးဆေးနှင့် တာရှည်ခံဆေးများ သတ်မှတ်ပမာဏထက်ပိုမိုပါဝင်သဖြင့် စားသုံးရန်မသင့် ကြေငြာထားသည့် စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၂၄.၁.၂၀၂၂)ရက်နေ့ နံနက် (၀၉:30)အချိန်တွင် မင်းဘူးခရိုင်နှင့် မင်းဘူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးအတွင်းရှိ စားသောက်ကုန်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကုန်ပစ္စည်းနမူနာများကောက်ယူ၍ Mobile Lab Van ဖြင့်နမူနာ (၂၉)မျိုးအား ဓါတ်ခွဲစစ်ဆေးခဲ့ပြီး တာရှည်ခံဆေးများသတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေသည့် ကျောက်ဖရုံယို၊ ကွမ်းသီးစိတ်၊ ပိတ်ဆွယ်တို့အား စားသုံးသူများ အန္တရာယ်ဖြစ်နိုင်သည့်အတွက် ဈေးကွက်အတွင်းမှ သိမ်းယူဖျက်ဆီးခဲ့ပြီး ရောင်းချသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း၊ ချွတ်ဆေးများ၊ တာရှည်ခံဆေးများသုံးစွဲခြင်းမပြုစေရေး အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            မင်းဘူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် တာဝန်ရှိသည့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်း၊ ဓါတ်ခွဲစစ်ဆေး၍ အန္တရာယ်ရှိကုန်စည်များအား ချက်ချင်းသိမ်းဆည်းဖျက်ဆီးခြင်း၊ ရောင်းချသူများအား အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထိုသို့ဆောင်ရွက်ခြင်းဖြင့်  စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး