မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၆.၁.၂၀၂၂ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်း တို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ရည်မှန်းချက်တာဝန် (၄) ရပ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြားဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် စသည်တို့ကို ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေမှု အခြေအနေများ၊ စားသုံးသူပြည်သူများအနေဖြင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေးစသည့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)