ရန်ကုန်တိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားအား စည်းကားခမ်းနားစွာကျင်းပပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံးသည် (၁၅-၃-၂၀၂၄) ခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ အစည်းအဝေးခန်းမတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်ဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စုစုပေါင်းလူဦးရေ (၃၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အတွက် သတ်မှတ်ထားသော “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟူသည့် ဆောင်ပုဒ်နှင့်ပတ်သက်သည့် Video Clip ကို ဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့များကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ စားသုံးသူအသိပညာပေးလုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနစ်နာမှုများကိုကာကွယ်ပေးနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်စေလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ စားသုံးသူအခွင့်အရေးများကိုကာကွယ်ပေးနိုင်ရန် စီးပွားရေးရာဝန်ကြီးဦးဆောင်သည့် စားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက တာဝန်ခံဌာနအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက အခြားဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ ခင်းကျင်းပြသထားသည့် စားသုံးသူအသိပညာပေးပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပထမပိုင်းအခမ်းအနားအစီအစဉ် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

        ဒုတိယပိုင်းအခမ်းအနားအစီအစဉ်စတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အခမ်းအနားကျင်းပရသည့်ရည်ရွယ်ချက်နှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တိုင်ကြားမှုများအား Video Clip ဖြင့် ပြသခဲ့ပါသည်။ ထို့နောက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်က AI နည်းပညာနှင့်ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုးကလည်း AI နည်းပညာအကြောင်းသိကောင်းစရာများကို ဆက်လက်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြီး ဆုလက်ဆောင်များချီးမြှင့်ကာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)