ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ဝယ်ယူရရှိစေနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ (၁၉-၁၁-၂၀၂၃) ရက်နေ့မှစ၍ ဖွင့်လှစ်ရောင်းချခဲ့ရာ ယခုအချိန်၌ (၄)လခန့်ရှိနေခဲ့ပြီဖြစ်ပါသည်။
အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ စီပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ထုတ်လုပ်နိုင်ခြင်းအတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ထိုသို့ဒေသထုတ်ကုန်များထုတ်လုပ်ရောင်းချသည့် အရောင်းစင်တာသို့ (၁၆-၃-၂၀၂၄) ရက်နေ့တွင် UNECMM Vocatiol School မှ သင်တန်းသား/ သင်တန်းသူ (၁၀၀) ကျော်လာရောက်လေ့လာခဲ့ကြပါသည်။ ထိုသို့လေ့လာရာတွင် UNECMM Vocational School မှ MD ဦးနိုင်ထက်လင်းက သင်တန်းကျောင်းမှ သင်တန်သားများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များရောင်းချနေမှုကို သိစေချင်၍ လာရောက်လေ့လာစေခြင်းဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ဝယ်ယူရရှိနိုင်သဖြင့် အလွန်ပင်ကျေနပ်မိပါကြောင်းပြောကြားခဲ့ပြီး လိုအပ်ပစ္စည်းများကိုလည်း ဝယ်ယူအားပေးသွားကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေကလည်း ပြည်အရောင်းစင်တာကို ပြည်မြို့၏ မြို့လယ်ဖြစ်သော ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ရှိ ဗိုလ်ရှုခံအဆောက်အဦတွင် ပိတ်ရက်မရှိဘဲ နံနက် (၈း၀၀)နာရီအချိန်မှ ည(၈း၀၀)နာရီအချိန်ထိ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် စုံလင်စွာရောင်းချပေးသည့်အတွက် လက်ဆောင်ပေးရန်သော်လည်းကောင်း၊ ကိုယ်တိုင်သုံးစွဲရန်အတွက်သော်လည်းကောင်း ဝယ်ယူနိုင်ကြောင်းပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)