စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရေး အသက်မွေးပညာသင်တန်းကျောင်းသို့ အသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် (၄-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမ(၁၀)ဦး၊ သင်တန်းသူ/ သင်တန်းသား (၂၂)ဦး၊ စုစုပေါင်း (၃၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) ကိုဖွင့်လှစ်ထားကြောင်းနှင့် ၎င်းနောက် တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူတော်များဖြစ်ရန်အတွက် အတတ်ပညာများလိုအပ်ပြီး လူကောင်းများဖြစ်ရန်အတွက်မှု အသိပညာများစွာသိရှိရမည်ဖြစ်ကြောင်း၊ လူတော်လူကောင်းဖြစ်ရန်အတွက် အတတ်ပညာရောအသိပညာပါ နှစ်မျိုးလုံးသိရှိရန်လိုအပ်ကြောင်း၊ စားသုံးသူများတွင် စားသုံးသူအခွင့်အရေးများရှိ၍ ၎င်းအခွင့်အရေးများကိုသိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကိုရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများမရှိဘဲ နောင်အနာဂတ်၌ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် သတင်းအချက်အလက်များပြည့်စုံစွာရယူနိုင်မှ သာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်၍ စိတ်ကျေနပ်မှုများရရှိမည်ဖြစ်ကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မှန်ကန်ပြည့်စုံသော အထောက်အထားများနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ တာဝန်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း၊ စားသုံးသူများအား ကုန်စည်များဝယ်ယူသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သည့်အစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်နှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)