မြန်မာနိုင်ငံဆီကုန်သည်များအသင်းက ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုစိစစ်ဖော်ထုတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့မှတာဝန်ရှိသူများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ကော့မှူးမြို့နယ်တွင် လက်လီ/ လက်ကားရောင်းချခွင့်ရရှိထားသည့် ဆီအရောင်းကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထုတ်ယူရရှိသည့်ဆီခွဲတမ်းများကို ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားသော ရည်ညွှန်းဈေးကိုအခြေခံ၍ သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ယူပြီး ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပေးရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက မိမိတို့၏ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချမှုများကို စဉ်ဆက်မပြတ် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်ဟုသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)