စားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့် ရောနှောရောင်းချခြင်းများမပြုလုပ်ကြရန် အလေးနက်တိုက်တွန်းအပ်ကြောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့် ပေးထားသည့် စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုတို့အား စိစစ်ဖော်ထုတ်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၄ခုနှစ်၊မေလ(၉)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးဦးသိန်းဇော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်ဝင်း၊ စည်ပင်သာယာရေးမြို့မဈေးတာဝန်ခံ ဦးဝင်းမြင့်နှင့် ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီလက်လီ၊ လက်ကားအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှု ဦးမြင့်လှိုင်က ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပမှ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများတင်သွင်းနိုင်ရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူများဝယ်ယူသုံးစွဲနိုင်ရေး၊ စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်စရိတ်နှင့် အမြတ်(၂)ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့်ရောနှောရောင်းချခြင်းများ၊ သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)