စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၃.၂.၂၀၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်(၂)ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်သိုမဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁၊ ပုဒ်မ ခွဲ(ခ)နှင့်(ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏အမျိူးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင်ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်