မကွေးတိုင်းဒေသကြီး၏ ပြည်ပပို့ တန်ဖိုးမြှင့်ထုတ်ကုန်မြန်မာ့နှမ်းလှော်မှုန့် (White Sesame Powder) ထုတ်လုပ်မှု အခြေအနေ

Powered by Drupal

           နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာအိန္ဒိယအင်ဒိုနီးရှားတရုတ်နှင့် အာဖရိက စသည့် အပူပိုင်းဒေသတို့တွင်  ဆီထွက်သီးနှံအဖြစ် ကျယ်ပြန့်စွာစိုက်ပျိုးသောအရေးပါသည့် သီးနှံ တစ်မျိုး ဖြစ်ပါသည်။ မြန်မာ့နှမ်းသည် နိုင်ငံတကာ ဈေးကွက်နယ်ပယ်တွင် နေရာရရှိထားသော ပြည်ပပို့ကုန်  ပစ္စည်းများအနက် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်းသန့်စင်ပြီး နိုင်ငံတကာဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချခြင်းထက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန်(နှမ်းလှော်မှုန့်) အဖြစ် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ပို၍တွက်ခြေကိုက်ပြီး ဈေးနှုန်းပိုမိုရရှိကာ နှမ်းလှော်မှုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအတွက် အကျိုးများစွာ ဖြစ်ထွန်းစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

            ယခင်က မြန်မာ့နှမ်းများကို နှမ်းတန်ဖိုးမြှင့် နှမ်းလှော်မှုန့်ပြုလုပ်ရာတွင် သဘာဝအတိုင်း ထင်းမီးကို အသုံးပြုကြောင်း၊ လုပ်ငန်းစတင်ချိန်က နှမ်းလှော်ဖို စက်ရုံ ၂ ရုံ ၃ ရုံမျှဖြင့် ထုတ်လုပ် လာနိုင်ရာမှ ယခုအခါ ပြည်တွင်းစက်မှုဇုန်တွင် နှမ်းလှော်မှုန့်ထုတ်လုပ်သော စက်ရုံများ အပြိုင်အဆိုင် တိုးချဲ့ထုတ်လုပ်လာသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့  အပြိုင်အဆိုင် အရည်အသွေးကောင်းအောင် ဖန်တီးထုတ်လုပ်လာကြသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ မဟူရာ Energy ကုမ္ပဏီ၏ MD ဖြစ်သူ ဦးဖိုးနီ သည်လည်း မြန်မာ့နှမ်းလှော်မှုန့်များကို ၂၀၁၁ ခုနှစ်မှ စတင်၍ ကိုရီယား နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ မည်သည့်နိုင်ငံ၏ နည်းပညာကိုမျှ အ‌ခြေခံ၍ ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ နှမ်းလှော်ထုတ်လုပ်ပုံ၊ ထုတ်လုပ်နည်း အဆင့်ဆင့်တို့ကို ဒေသတွင်း အတွေ့အကြုံရှိသော သင်ဆရာ၊ မြင်ဆရာများကြောင့်လည်းကောင်း၊ မိမိဖြတ်သန်း လာရသော လုပ်ငန်းအတွေ့အကြုံများ ကြောင့်လည်းကောင်း မိမိတို့၏ Value added ပြုလုပ်ထားသော နှမ်းလှော်မှုန့်သည် ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ပုံကို MDဖြစ်သူ ဦးဖိုးနီက ရှင်းပြပါသည်။ ၂၀၁၁ ခုနှစ်တွင် မကွေးမြို့၊ ဆားတိုင်ကန်ကျေးရွာတွင် နှမ်းလှော်ဖို တည်ထောင်ကာ  လုပ်သားအင်အား (၁၀)ဦးနှင့် စတင်ခဲ့ပြီး ရန်ကုန်မြို့ရှိကုမ္ပဏီခွဲမှ တောင်ကိုရီးယား နိုင်ငံသို့ နှမ်းလှော်မှုန့် (၂၀)kg အိတ်၁ လုံး၊ ၂လုံးကို စမ်းသပ် တင်ပို့ခဲ့ရာမှ ယခုအချိန်တွင် နှမ်းလှော်မှုန့် တင်ပို့သည့် Exporter အဖြစ် အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ယခုအခါ လုပ်သားဦးရေ (၃၅)ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားပြီး ပို၍အလုပ်ဖြစ်ကာ ၁လလျှင် တန်ချိန် ၂၀၀ နီးပါးခန့် တင်ပို့နိုင်ပြီဖြစ်ရာ စတင်ထုတ်လုပ်သည့် အချိန်မှ ယခုကာလအထိ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်သည့် ကွန်တိန်နာ အလုံးရေ ၆၀၀ခန့် ရှိလာပြီ  ဖြစ်သည့်အတွက် တစ်နှစ်ထက်တစ်နှစ် တိုး၍ ပိုမိုတင်ပို့လာနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

           ကိုးရီးယားဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်း တစ်မယ်ဖြစ်သော အရည်အသွေး ပြည့်မီသည့် နှမ်းလှော်မှုန့်ကို ရရှိရန် ကုန်ကြမ်း နှမ်းဖြူကိုသာ  အသုံးပြုရကြောင်း နှမ်းရိုင်းမှ နှမ်းလှော်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို ဤသို့ ရှင်းပြခဲ့ပါသည်။ “Quality  ကောင်းသော နှမ်းလှော်မှုန့် ရဖို့အတွက် ကုန်ကြမ်းအနေနဲ့ နှမ်းဖြူကို အများဆုံးသုံးကြောင်း၊ နှမ်းဖြူကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော  မကွေး၊  မန္တလေး၊   ကျောက်ဆည်၊  မြင်းမူ၊  ချောက်နဲ့  စလင်း  စသည့်ဒေသများမှ  အဓိကရရှိကြောင်း၊ အရည်အသွေးကို  ပို၍ကောင်းအောင် ဈေးကွက်မပျောက်အောင် ထုတ်လုပ်နိုင်ရန်  အမြဲတမ်း ဂရုစိုက် နေရ ကြောင်း၊ မြေပဲခွံမီးနှင့် လှော်ရသည့်အတွက် အခက်အခဲများစွာရှိကြောင်း၊ ယခင်ကဆိုရင် နှမ်းလှော်မှုန့်မှာ မီးခိုးနံ့ကျန်တာမျိုး၊ နွေရာသီနေ့လည်ခင်းတွေမှာ လုပ်သားများချွေးဒီးဒီးကျအောင် လုပ်ဆောင်ခဲ့ရာမှ ယခုဆိုရင် မီးခိုးနံ့ကင်းစင်ပြီး လုပ်သားများ သက်တောင့်သက်သာရှိလာတဲ့ အဆင့်ရောက်အောင် မြန်မာ့ နည်း မြန်မာ့ဟန်နဲ့ တီထွင်ခဲ့ရကြောင်း၊ နှမ်းလှော်မှုန့် ပြုလုပ်ရန် ပထမဆုံး ကုန်ကြမ်းနှမ်းကို ဇကာချပြီး ရေနဲ့ ဆေးကြောရကြောင်း၊ နောက် စိတ်ကြိုက်အရွယ်အစားရအောင် စက်နဲ့ ရွေးချယ်ပြီး  မီးနဲ့လှော် ရကြောင်း၊ ထို့နောက်အအေးခံပြီး အမှုန့်ကြိတ်ရကြောင်း ” မဟူရာ Energy ကုမ္ပဏီ၏ MDဖြစ်သူ ဦးဖိုးနီ က ထုတ်လုပ်ပုံတို့ကို အသေးစိတ်ရှင်းပြပါသည်။ ယခုအခါတွင် ကုန်ကြမ်းနှမ်းတွင် Acid ပါဝင်မှု ၃%  ထက် မပိုစေရန်မိမိပိုင် ရွှေဟင်္သာပွဲရုံမှ  ဂရုစိုက်ဝယ်ယူရကြောင်း၊  စေတနာထား၍ Quality  ကောင်းအောင် နည်းစနစ်ကျနစွာ ထုတ်လုပ်ခြင်းကြောင့် Reject  မရှိဘဲ နှစ်စဉ် တန်ချိန်တိုး၍ တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း စသည့် ၎င်းတို့ကုမ္ပဏီ၏ကြိုးပမ်းမှုများကိုလည်း မျှဝေပေး ခဲ့ပါသည်။ မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်း တင်ပို့ရာတွင် အခွန် ၆၀% ပေးဆောင်ရပြီး နှမ်းလှော်မှုန့်ကို တင်ပို့ရာတွင် ၉ % သာ အခွန် ပေးဆောင်ရသည့်အတွက် နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်း နှမ်းလှော်မှုန့်ကို ပိုမိုဝယ်ယူလိုကြောင်း သိရှိရပါသည်။ သို့ဖြစ်၍  ပြည်ပဝယ်လိုအား ဈေးကွက်ရှိသော နှမ်းလှော်မှုန့်များကို   Exporter ကုမ္ပဏီ များအနေဖြင့်လည်း ပို၍တွက်ချေကိုက်သည့်အတွက်  နှမ်းလှော်မှုန့်ထုတ်လုပ် တင်ပို့သူ ပြည်တွင်းလုပ်ငန်းရှင်များ အပြိုင်အဆိုင် တိုးပွားလာရခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

             ပို့ကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရာတွင် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီ လုပ်ငန်းရှင်များ စိတ်ကြိုက်ငွေပေးချေမှုနည်းလမ်းများနှင့် လိုင်စင်ခွင့်ပြု ထုတ်ပေးလျက်ရှိပါ ကြောင်း၊ Letter of Credit (LC) စနစ် နှင့် Telegraphic Transfer (TT) စနစ် ဟူ၍ ငွေပေးချေမှုစနစ် (၂)မျိုး ရှိရာ Letter of Credit (LC)စနစ်နဲ့ ငွေပေးချေရာတွင် တစ်ဘက် ကုန်ဝယ်သူကို မိမိကုန်ရောင်းသူ ဘက်ကယုံကြည်စိတ်ချရမှုရှိမှသာပြုလုပ်၍ရသည့်  စနစ်မျိုးဖြစ်ပါကြောင်း၊ ပစ္စည်းကို တင်ပို့ပြီးမှ ဘဏ် အချင်းချင်း ချိတ်ဆက်၍ (၃)လ အတွင်း ငွေပေးချေသည့် စနစ်ဖြစ်သည့်အတွက် ရောင်းဝယ်ရာတွင် ငွေရနောက်ကျသည့် အခြေအနေ နှင့် တစ်ခါတစ်ရံတွင် ငွေကြေးလိမ်လည်မှု ခံရသည့် အခြေအနေမျိုးကြုံတွေ့နိုင်ကြောင်း၊  TT စနစ်ကို  ပို့ကုန်ကြိုတင်ရငွေဟု သုံးနှုန်းလေ့ရှိကြပြီး  ဝယ်သူနှင့် ပို့ကုန် လုပ်ငန်းရှင် စာချုပ် ချုပ်ဆိုပြီး  ၁ပတ် သို့မဟုတ် ၁၀ ရက်အတွင်း ငွေပေးချေရသည့် စနစ်ဖြစ်ကြောင်း၊ ဤစနစ်တွင် တစ်ဘက်ကုန်ဝယ်သူက ကုန်ရောင်းချသူကို ယုံကြည်မှုအရ ကြိုတင်ငွေလွှဲ ပို့ပေးထားခြင်းဖြစ်ကြောင်း၊  ငွေရောက်ပြီးမှသာလျှင် ကုန်စည်ကို သင်္ဘောပေါ်တင်ပေး ရသည့် စနစ်ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ငွေလည်ပတ်မှု ဒုက္ခမှကင်းဝေးသည့် အားသာချက် အပြင်ငွေကြေးဆုံးရှုံးမှုလည်းမရှိသည့်အတွက် TT စနစ်ဖြင့် အရောင်းအဝယ်လုပ်ကြ သည်က များကြောင်း၊  မဟူရာ Energy ကုမ္ပဏီ အနေဖြင့် ဝယ်ယူသူများ၏ တောင်းဆိုမှုပေါ် မူတည်၍ စနစ် (၂)မျိုးလုံး အသုံးပြု ကာ အရောင်းအဝယ် ပြုလုပ်ပေးသော်လည်း TT စနစ်ကို အသုံးပြုသည်က များကြောင်းသိရှိရပါသည်။ နှမ်းလှော်ဆီမွှေးထုတ်လုပ်ရန် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့ နှမ်းလှော်မှုန့်ကို အဓိကတင်ပို့လျက်ရှိပြီး  နှမ်းလှော်ဆီမွှေးကို  အမွှေးဆီအဖြစ်    အသီးအရွက်များ သုပ်စားရာတွင်   အနည်းငယ်မျှသာ ထည့်၍ အသုံးပြုကြကြောင်း၊ ရိုးရိုးဆီဖြင့် ချက်ပြုတ်ရာတွင် ဆီဝေခြင်း၊ အထားခံနိုင်မှု အနေဖြင့်လည်း  ၁ နှစ်         ကျော်လျှင်အနံ့ အရသာမကောင်းခြင်း စသည်တို့ ဖြစ်စေသော်လည်း  နှမ်းလှော်ဆီမွှေးသည် ရေငွေ့ ပါဝင်မှုနှုန်း ၀.၀၂%သာ ရှိသည့်အတွက် ၃နှစ်အထိ အထားခံကြောင်းသိရှိရပါသည်။  

            နှမ်းလှော်ဆီမွှေး စားသုံးခြင်းဖြင့် ကင်ဆာရောဂါနှင့် အခြားရောဂါများဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ခြင်း၊ အသည်း၏ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း နှင့် ခန္ဓာကိုယ် အတွင်း အဆီချေဖျက်မှုကိုတိုးမြှင့်ပေးခြင်း စသည့်အချက်များကြောင့်  စားသုံးသူတို့၏ ကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေကြောင်း၊   ထို့ကြောင့်   ရိုးရိုးဆီများနှင့် နှိုင်းယှဉ်သော် နှမ်းလှော်ဆီမွှေးသည် ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော အထူးသင့်လျော်သည့် ဆီ တစ်မျိုးဖြစ်ကြောင်း၊  ကမ္ဘာ့နှမ်းလှော်ဆီ ဈေးနှုန်းဈေးကွက် အခြေအနေကို လေ့လာကြည့်ပါက  နှမ်းလှော်ဆီ ၁ ပိဿာ လျှင် မြန်မာငွေ ကျပ် (၃၀၀၀၀ - ၄၀၀၀၀) ဝန်းကျင်ခန့် ဈေးရှိရာ ကမ္ဘာ့နှမ်းလှော်ဆီ ဈေးကွက် အနေဖြင့်လည်း အလွန်မြင့်မားကြောင်း၊  ပြည်တွင်းပဲ၊ နှမ်း ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်း အတက်အကျ ရှိကြောင်းသိရှိရပါသည်။  ယခုအခါတွင်    မြန်မာနိုင်ငံ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများရှိ စူပါမားကက်ကြီးများတွင် နှမ်းလှော် ဆီမွှေးကို ဝယ်ယူရရှိနိုင်သော်လည်း ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးလိုက်စားသည့် လူနည်းစုအနေဖြင့်သာ ဝယ်ယူအသုံးပြုလာကြကြောင်း သိရှိရပါသည်။

            တန်ဖိုးမြှင့်ထုတ်ကုန် မြန်မာ့နှမ်းလှော်မှုန့် (White Sesame Powder)သည် ပြည်ပ ဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်းတစ်မယ်ဖြစ်သော်လည်း ပြည်တွင်းနှမ်းလှော်မှုန့် ထုတ်လုပ်မှု ပမာဏနည်းသောကြောင့်   ပြည်ပဈေးကွက်၏ လိုအပ်ချက်ကို ပြည့်မီ‌အောင် တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း၊  တန်ဖိုးမြှင့် (Value Added) ပြုလုပ်ထားသော မြန်မာ့ပို့ကုန်များ ပိုမို ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေတန်ဖိုး ပိုမိုတိုးပွားစေခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ကုန်သည်ပွဲစားများ၊ Exporter ကုမ္ပဏီများ စသည့် supply chain တစ်လျှောက်ရှိ ပါဝင်သူအသီးသီး အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေသည်ကို လေ့လာသိရှိရပါသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများအဖြစ် မြန်မာ့ပို့ကုန်များ ထုတ်လုပ်တင်ပို့နိုင်ကြစေရန်သာမက မိမိတို့ ပြည်တွင်းရှိ စားသုံးသူပြည်သူများအတွက် နေ့စဉ် မီးဖိုချောင်၌ စားသောက်ရာတွင် ပါလေရာ ဖြစ်သည့် အဟာရ ဓာတ်ပြည့်ဝသော နှမ်းလှော်ဆီကို ပြောင်းလဲသုံးစွဲနိုင်သည့် အသိုက်အဝန်းတစ်ခု ဖြစ်လာစေရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(မကွေး)

a