စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီ အချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆွေးနွေးခဲ့ရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံဦးဇော်နေလင်းက ပဲကြော်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်အမှတ်တံဆိပ်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိရေးအတွက် ခရိုင်/ တိုင်းဒေသကြီးရုံးများသို့ အဆင့်ဆင့် ဆက်လက်တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ ပဲကြော်လုပ်ငန်းရှင်များအား စားသုံးသူများအတွက် ပဲကြော်သည် နေ့စဉ်စားသုံးခြင်းဖြင့် ပြည်တွင်းစားသုံးမှုများပြားသော ကုန်ပစ္စည်းတစ်ခုဖြစ်ပါ၍ ထုတ်လုပ် ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချပေးစေလိုကြောင်း၊ စားသုံးသူများတွင် မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်သော အခွင့်အရေးများရှိကြောင်း၊ စားသုံးသူများအနေဖြင့် အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ရယူတောင်းဆိုတတ်စေရန်နှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုကို မခံရစေရန်အတွက် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ကုန်စည်များပေါ်တွင် တိကျမှန်ကန်ရှင်းလင်းသည့် သတင်း အချက်အလက်များ ဖော်ပြပေးရေးအတွက် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကုန်စည် များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ၍ ကုန်အမှတ်တံဆိပ်ပြည့်စုံပြီး အရည်အသွေး မြင့်မားသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချခြင်း ပြုလုပ်ပါရန် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမင်းစည်သူမှ ပဲကြော်လုပ်ငန်းရှင်များအနေဖြင့် ပဲကြော်ရာတွင် ပဲကြီးကို ရေစိမ်ပြီး လှော်ရခြင်းဖြစ်သောကြောင့် စိမ်ထားသောရေများသည် အနံ့ဆိုးများထွက်ရှိခြင်းကြောင့် မိမိတို့အိမ်ဝန်းအတွင်းတွင် မြောင်းဖော်၍ထားရှိပြီး အပြင်သို့ မရောက်ရှိရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် အနံ့ပျောက်ဆေးများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း မီးကို အထူးဂရုစိုက်၍ သုံးစွဲသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)