ဝန်ဆောင်မှုကဏ္ဍအကြောင်း သိကောင်းစရာ

Powered by Drupal

         ဝန်ဆောင်မှုဆိုသည်မှာ လှုပ်ရှားမှုလုပ်ဆောင်ချက်များ၊ ဖြစ်စဉ်များ၊ စွမ်းဆောင်ရည် လုပ်ဆောင်ချက်များကိုခေါ်သည်။ ဝန်ဆောင်မှုကိုရယူရာတွင်  လုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် လည်းကောင်း၊ Series အလိုက်သော်လည်းကောင်းရယူသည်။ ဝန်ဆောင်မှုသည် ထိတွေ့ ကိုင်တွယ်၍မရ၊ Customer Service employees တို့ကြားအပြန်အလှန်ဆက်သွယ်မှုရှိသည်။ ဝန်ဆောင်မှုသဘောတရားသည် ရှုပ်ထွေးနက်နဲသည့်အပြင် သိသာထင်ရှားစွာ ဖော်ပြရန် ခက်ခဲ ပါသည်။ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုကို ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှု သဘောသဘာဝကို အထူးသိရှိနည်းလည်ထားရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ဝန်ဆောင်မှုပေးရာတွင် ပြည်သူအား ဗဟိုပြုပြီး လုပ်ငန်းဆောင်ရွက်ရန်ဖြစ်ပါသည်။ ပြည်သူများ၏ လိုလားချက်နှင့်အကျိုးစီးပွားများကို အချိန်နှင့်တစ်ပြေးညီ သိရှိဆောင်ရွက်ပေးနိုင်ရေးကို ဦးတည်ပြီး နိုင်ငံ့ဝန်ထမ်းများက အမြဲအဆင့်သင့်ဖြစ်နေစေရန်၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရန်၊ တာဝန်သိခြင်း၊ တာဝန်ခံခြင်း၊ တီထွင်ကြံဆလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ စိတ်ဆန္ဒထက်သန်ခြင်းစသည့် အရည်အသွေးများဖြင့် ဝန်ဆောင်မှုပေးရန်လိုအပ် ပါသည်။

          ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပညာရှင်များက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ အချို့ပညာရှင်များက ထိတွေ့ကိုင်တွယ်၍မရသည့် စီးပွားရေးဆောင်ရွက်ချက်များအားလုံးကို ဝန်ဆောင်မှုဟုခေါ်သည်ဟု ဖွင့်ဆိုကြသည်။ ဝန်ဆောင်မှုပေးသူ Service Provider နှင့် လက်ခံသုံးစွဲသူ Customer ကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုဖြစ်သည်။ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အမျိုးအစား(၂)မျိုး ခွဲခြားလေ့လာနိုင်ပါသည်။ ယင်းအမျိုးအစား(၂)မျိုးမှာ ထိတွေ့ကိုင်တွယ်၍မရသောဝန်ဆောင်မှု (intangibility) နှင့် ထုတ်လုပ်မှုနှင့်စားသုံးမှုတစ်ပြိုင်တည်း ဖြစ်တည်သည့်ဝန်ဆောင်မှု (simultaneity) ဟူ၍ ဖြစ်ပါသည်။ ထိတွေ့ကိုင်တွယ်မှုမရသည့် ဝန်ဆောင်မှုသည်ရုပ်ဝတ္ထုများကဲ့သို့ ထိတွေ့ကိုင်တွယ်သည့်လုပ်ငန်းဆောင်ရွက်မှုသက်သက်မျှသာ ဖြစ်ပါသည်။တစ်ပြိုင်တည်းဖြစ်တည်သည့်ဝန်ဆောင်မှု စားသုံးသူနှင့်ဝန်ဆောင်မှု ဖြည့်ဆည်းသူတို့ ပါဝင်၍ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

          ဝန်ဆောင်မှုအမျိုးအစားများမှာ ပညာရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ စသည်တို့ဖြစ်သည်။ ယင်းဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် အချို့ဝန်ဆောင်မှုများသည် လုပ်သားအင်အားကို ပိုမို အသုံးပြုကြရပြီး အချို့ဝန်ဆောင်မှုများသည် စားသုံသူများ၏လိုအပ်ချက်အတိုင်း ပိုမိုလုပ်ဆောင်ပေးရသည့်လုပ်ငန်းများဟူ၍ ခွဲခြားနိုင်ပါသည်။

          ဝန်ဆောင်မှုအရည်အသွေးကို အခြေအနေ(၂)ခုနှင့်သုံးသပ်နိုင်ပါသည်။ တစ်ခုမှာ နောက်ဆုံး ရလာသည့် ရလဒ်နှင့်ဆုံးဖြတ်နိုင်ပြီး နောက်တစ်ခုမှာ ခံယူနေတဲ့အချိန် (moment of truth) အတွင်းတွင် ဝန်ဆောင်မှုအရည်အသွေးကို ဆုံးဖြတ်နိုင်ပါသည်။ စားသုံးသူနှင့်ဆက်သွယ်သည့် အချိန်တွင် ဖြစ်ပေါ်သည်။ ဝန်ဆောင်မှုအရည်အသွေးရှိပါက စားသုံးသူစိတ်ကျေနပ်မှုကို ဖြစ်ပေါ် စေသည်။ ဝန်ဆောင်မှုအရည်အသွေးမရှိပါက စားသုံးသူစိတ်ကျေနပ်မှုရရှိနိုင်မည် မဟုတ်ပါ။

          ဝန်ဆောင်မှုလုပ်ငန်းများအတွင်း စားသုံးသူစိတ်ကျေနပ်မှုရရှိသည်အထိ ပြန်လည်လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုအရည်အသွေးကို စားသုံးသူများက အချက်(၅)ချက်ဖြင့် တိုင်းတာကြသည်။ ယုံကြည်အားထားနိုင်မှု တုံ့ပြန်ဆောင်ရွက်ပေးနိုင်မှု၊ ယုံကြည်စိတ်ချရမှု၊ ကိုယ်ချင်းစာနာမှု၊ မြင်သာသည့်အချက်အလက်များဖြင့် တိုင်းတာနိုင်သည်။ ဝန်ဆောင်မှုတစ်ခုကို ရယူရာတွင် စားသုံးသူများသည် မျှော်လင့်ချက်များဖြစ်ပေါ်သည်။ မျှော်လင့်ချက်ကို ဝန်ဆောင်မှု ရယူပြီးသည်အချိန်တွင် အမှန်တကယ်ရရှိသည့်ဝန်ဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်ရာတွင် မျှော်လင့်သည့်အတိုင်းရရှိပါက စိတ်ကျေနပ်မှုရရှိမည်ဖြစ်ပါသည်။

          စားသုံးသူကာကွယ်ရေးဉပဒေအရ လုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သတ်၍ သတင်းအချက်အလက်များကို မှန်ကန်ပြည့်စုံစွာပေးခြင်း၊ လိုအပ်ချက်နှင့် ပြည့်စုံခြင်း၊ သတ်မှတ်ကာလအတွင်းဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းစသည့် အာမခံချက်များကို ပေးအပ်ရမည်ဖြစ်ပါသည်။ ယင်းအာမခံချက်များအတိုင်း လုပ်ငန်းရှင်မှ ကုန်စည်/ဝန်ဆောင်မှုပေးရန် ပျက်ကွက်ပါက စားသုံးသူသည် လျော်ကြေးပေးရန်၊ ကုစားခွင့်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိပါသည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်/ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကော်မရှင်၏ သဘောတူညီချက်နှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန ၊အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သောအစီအမံများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ဘေးအန္တရာယ်ရှိ သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရေး အသိပညာပေး ကြေညာခြင်း၊ သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် အညီ လိုက်နာစေရေး ကြီးကြပ်ကွပ်ကဲခြင်း တားမြစ်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ပြည်သူများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဝန်ဆောင်မှုပေးလုပ်ငန်းများ၌ ဆောင်ရွက်သည့်လုပ်ငန်းသဘော သဘာဝသိရှိစေရန် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပို့ချပေးသည်။ ဝန်ထမ်းများကလည်း လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများအောင်မြင်စွာ တိုးတက်ကောင်းမွန်လာသည်။

          စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအထဲမှ ဝန်ဆောင်မှုကဏ္ဍတစ်ခုအား ဖော်ပြရမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားဖော်ပြဆောင်ရွက်ခြင်းသည် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပုဒ်မ ၄၁၊ ပုဒ်မခွဲ(၈)ချက်ကို အလေးထားဆောင်ရွက်လာ‌ ကြောင်းတွေ့ရှိရသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သောကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအမျိုးအစား၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ်  ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြ ရန်သတ်မှတ်ထားသော အချက်အလက်များတို့ကို မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့်အခြားဘာသာတစ်ခုခုဖြစ်စေ တွဲလျက်ဖော်ပြထားရသည့်အတွက် စားသုံးသူ များအတွက် လုံခြုံစိတ်ချရမှုဖြစ်စေပါသည်။

          ဝန်ဆောင်မှုသည် စားသုံးသူပြည်သူများ၏အကျိုးစီးပွားကိုဆောင်ရွက်ခြင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုနှင့် စားသုံးသူကို တစ်ပြိုင်တည်း လုပ်ဆောင်ခြင်းဖြင့် စားသုံးသူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျန်းမာသောဘဝကို နေထိုင်နိုင်မည်ဖြစ် ပါသည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရန် မိမိရုံးဌာနသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အကောင်းဆုံးသော ဝန်ဆောင်မှုပေးနိုင်ရေး ဝန်ထမ်းများက တွေ့ဆုံဆွေးနွေးခြင်း၊ ပြုလုပ်မည့်ကုန်စည် အပေါ် လိုအပ်သည့် အချက်အလက် များအား ရှင်းလင်းခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

          သို့မှသာ ကုန်စည်ထုတ်လုပ်သည့်စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်အား ဈေးကွက်အတွင်းသို့ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းဆောင်ရွက်နိုင်သည်။ ဈေးကွက်အတွင်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိသော ကုန်စည်တို့ကိုသာလျှင် စားသုံးသူများက ရွေးချယ် ဝယ်ယူ၍ စိတ်ချယုံကြည်စွာသုံးစွဲလာကြသည်။ ဖော်ပြချက်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပေးသောဝန်ဆောင်မှုသည် ပြည်သူအတွက် အကျိုးရှိသော၊ ကောင်းမွန်သော၊ ယုံကြည်အား ထားနိုင်မှုရှိသော ဝန်ဆောင်မှုဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်၏ကုန်စည်သည် စားသုံးသူက စိတ်ချ ယုံကြည်စွာသုံးစွဲနိုင်မှု လိုက်နာခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ပေးနိုင်မှု ဝန်ဆောင်မှုအဆင့်ဆင့် ဆောင်ရွက်ကြသည်။ နောက်ဆုံးစားသုံးသူများသည် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည် ကုန်စည်ကို ရွေးချယ်ပြီး စိတ်ချယုံကြည်စွာဖြင့် သုံးစွဲခွင့်ရသည့်အတွက် စိတ်ကျေနပ်မှုအပြည့်အဝ ရရှိစေပါသည်။ ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှုကြောင့်အောင်မြင်မှုရှိသော ဝန်ဆောင်မှုအရည်အသွေးကောင်းပြီး စားသုံးသူစိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေသည့် ဝန်ဆောင်မှုတစ်ခုဖြစ်စေရေးအတွက် လုပ်ငန်းရှင်နှင့် စားသုံးသူများအားလုံး လိုက်နာဆောင်ရွက်နိုင်ရန်နှင့် သိရှိစေရန် ဖော်ပြအပ်ပါသည်။

DOCA(မွန်)