“(မိတ္ထီလာ/ရမည်းသင်း)ခရိုင် မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်မှု အညွှန်းကိန်း စစ်တမ်းကောက်ယူ”

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်‌ရေးလုပ်ငန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်မှု အညွှန်းကိန်းစစ်တမ်းအားကောက်ယူသွားမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊(မိတ္ထီလာ/ရမည်းသင်း)  ခရိုင်အနေဖြင့် လူကိုယ်တိုင် (၅၀) ဦး၊ Online မှ (၃၉) ဦး၊ စုစုပေါင်း (၈၉) ဦးအား လူကိုယ်တိုင် တိုက်ရိုက်မေးမြန်းခြင်းနှင့် Online မှ မေးမြန်းခြင်း နည်းလမ်း(၂)သွယ်ဖြင့် ၂၀၂၂ခုနှစ် မေလဆန်းမှစ၍ အညွှန်းကိန်း စစ်‌တမ်းကောက်ယူခဲ့ပါသည်။

           ထိုသို့ စစ်တမ်းကောက်ယူရာတွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ပြည်သူ (၃၉)ဦး၏ e-mail လိပ်စာများနှင့် Messenger များသို့ Online Survey Link အား ပေးပို့၍ Online မှ တဆင့် ကောက်ယူခဲ့ပြီး၊ တိုက်ရိုက်မေးမြန်းခြင်း (၅၀) ဦးအား (မိတ္ထီလာ/ရမည်းသင်း)  ခရိုင်အတွင်းရှိ လုပ်ငန်းအုပ်စုအလိုက်၊ နယ်ပယ်အလိုက် ခွဲခြမ်းစိတ်ဖြာ၍ မြို့နယ်အလိုက် တာဝန်ပေးအပ်ထားသော မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများမှ စနစ်တကျ သွားရောက်ကွင်းဆင်း ကောက်ယူခဲ့ပါသည်။

          စစ်တမ်းကောက်ယူရာတွင် ပြည်သူများသို့ စားသုံးသူအသိပညာပေးမှုလုပ်ငန်းများ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စားသုံးသူများ သိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးများနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေစသည့်အချက်များကို အခြေခံသည့် မေးခွန်း (၄၃)ခု ပါဝင်သော စစ်တမ်းမေးခွန်းလွှာအား စားသုံးသူပြည်သူများက မိမိတို့၏ထင်မြင်ယူဆချက်များအား လွတ်လပ်စွာဖြေကြားခဲ့ကြကြောင်းနှင့် လိုအပ်သောအကြံပြုချက်များကိုလည်း ထည့်သွင်းရေးသားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)