ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှု၊ အသုံးဝင်ပုံ

Powered by Drupal

            ကြက်သွန်ဖြူကို English အခေါ် garlic  ရုက္ခဗေဒ အမည် Allium sativum ဖြစ်ပါသည်။ ကြက်သွန်နီ onion ၏ မိသားစု Alliaceae ထဲမှာ ပါဝင်တဲ့ မျိုးစိတ်တစ်ခုဖြစ်ပါသည်။ အစိမ်းစားလျှင် ပူစပ်စပ် အရသာရှိသည့် ကြက်သွန်ဖြူသည် ချက်ပြုတ်လိုက်တဲ့အခါမှာတော့ ချိုသော အရသာရှိပါသည်။ ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်တဲ့ ကြက်သွန်မိတ်နဲ့ အဖူး၊အပွင့်များကိုလည်း စားသုံး၍ရပါသည်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားသုံးလျှင် ဆေးဖက်ဝင်ပါသည်။ မချက်ပြုတ်ထားသော ကြက်သွန်ဖြူအစိမ်းကို စားသုံးခြင်းဖြင့် သွေးကြောများအတွင်း သွေးခဲခြင်းနှင့် သာမန်ထက်ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေသော်လည်း အများအားဖြင့် ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တွင် အများအပြား စိုက်ပျိုးပေါက်ရောက်သည်။ ထိုင်းနိုင်ငံသည် ၎င်းတို့ပြည်တွင်းထုတ်စားသောက်ကုန်လုပ်ငန်းမျိုးစုံအတွက် ပြည်ပမှ ကြက်သွန်ဖြူ အများအပြား ဝယ်ယူလေ့ရှိရာ ယခင်က မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ အဓိကဝယ်ယူခဲ့သဖြင့် တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းခဲ့သော်လည်း ၂၀၁၄ ခုနှစ်ခန့်မှ စတင်ကာ တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူများကို အများအပြား ဝယ်ယူတင်သွင်းခဲ့သဖြင့် မြန်မာ့ကြက်သွန်ဖြူ စျေးကွက်ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

          ကြက်သွန်ဖြူအပင်သည် ပင်ပျော့ ပင်ငယ်တစ်မျိုးဖြစ်သည်။ ၁ ပေခန့်ထိ ရှည်သည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင်ရှိပြီး အနည်းငယ်မာကျော၍ အဝိုင်းငယ်ပုံသဏ္ဌာန်ရှိသည်။ ၎င်းမှအမြစ်များ ဖြာထွက်သည်။  အရွက်များ မြေပေါ်သို့ စုထွက်သည်။ ရှည်လျားသေးသွယ်၍ ပြားချပ်သော အကြောပြိုင်ရွက်များဖြစ်ပြီး  စိမ်းပြာရောင်ရှိသည်။ အပွင့်ပန်းခိုင်မှာ လုံးဝိုင်းပြီး ပန်းပွင့်များ စုပေါင်းနေသည်။ ပြာသို/တပို့တွဲတွင် ပွင့်သည်။ ဥ အဖြူရောင်ရှိပြီး သေးငယ်သည်။ ကျယ်ပြန့်သော ဘဲဥပုံဖြစ်သည်။ တစ်ဥတည်း သို့မဟုတ် အတက်များဖြင့် စုပေါင်းနေပြီး အခွံပါးဖြင့် ဖုံးအုပ်ထားသည်။

          ကြက်သွန်ဖြူကို စိုက်ခင်းမြေပြုပြင်ခြင်းတွင် ထယ်နှစ်စပ်ထိုး၍ မြေညက်သည်အထိ ထွန်မွှေပေးပြီးနောက် ၄.၅x ၆ ပေရှိဘောင် အကန့်များ ပြုပြင်ရမည်။ မြေဩဇာကို တစ်ဧကလျှင် နွားချေး လှည်း ၁၀ စီး ခန့် မျှတစွာချသင့်သည်။  စိုက်ပျိုးရာတွင် မြေပြန့်တွင် သီတင်းကျွတ်လမှ တန်ဆောင်မုန်းလအတွင်း စိုက်၍ တောင်ကုန်းဒေသတွင် တပို့တွဲမှ တပေါင်းလအတွင်း စိုက်ကြသည်။ စိုက်ပျိုးရာ၌ ဥမှ ခွဲယူရရှိသော ဖွံ့ဖြိုးသည့် အတက်ငယ်ကလေးများကို စိုက်ကွက်အကန့်များတွင် ထွန်ခြစ်ဖြင့် ၆ လက်မအကွာ မြောင်းကလေးများဆွဲ၍ တစ်ခုနှင့် တစ်ခု ၃-၄ လက်မခြား စိုက်ရသည်။  အပင်ပြုစုရာတွင် စိုက်ပြီး ပထမ နှစ်လအတွင်း ၁၅ ရက်လျှင်တစ်ကြိမ် ရေပေးသွင်းရန်လိုပြီး လက်ပေါင်း ၂ ကြိမ်မျှ လိုက်ပေးရမည်။ နောက်ပိုင်းတွင် ကြက်သွန်ဥများ စတင်ကြီးထွားပြီဖြစ်၍ တစ်ပတ် သို့မဟုတ် (၁၀) ရက်လျှင် တစ်ကြိမ်ခန့် ရေပေးသွင်းရမည်။ ရိတ်သိမ်းရာ၌ ရက်ပေါင်း ၁၂၀ ခန့်ရှိလျှင် ကြက်သွန်များ ရင့်မာစပြုပြီး ပန်းပွင့်များ ထွက်လာသည်။ သို့သော်လည်း ဥ အထွက်ကို မထိခိုက်နိုင်ချေ။ ကြက်သွန်များ မဖော်မီ မြေပွအောင် ရေသွင်းပေးရမည်။ တူးဖော်ပြီးနောက် အစည်းများ စုပုံထားရသည်။ ထို့နောက် ဆေးကြော၍ အမြစ်ပိုင်းနှင့် အဖျားပိုင်းများ ဖြတ်တောက်က အရိပ်၌ ညီညာစွာဖြန့်၍ အခြောက်ခံထားရသည်။ ကြက်သွန်ဖြူတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်သိန်း(၂၀)ကျော် ကုန်ကျပါသည်။

          ကြက်သွန်ဖြူကို ကမ္ဘာတဝှမ်းမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်၊ ဟင်းအနှစ်အဖြစ် ချက်ပြုတ် စားသောက်ကြပါတယ်။ ချက်ပြုတ်တဲ့ နည်းပေါ်မူတည်ပြီးတော့ အနံ့ပြောင်းလဲသွားတတ်ပါတယ်။ ကြက်သွန်ဖြူ နုနုများကို သကြား၊ ဆား၊ ဟင်းခပ်အမွှေးအကြိုင်များဖြင့် ရောနှောကာ ၃ ပတ်မှ ၆ ပတ် ကြာအောင်အချဉ်တည်ကာ ကြက်သွန်ဖြူသနပ်အဖြစ်လည်း ပြင်ဆင်စားသုံးကြပါတယ်။ အာရှတိုက်မှာ ကြက်သွန်မိတ်ကို သေးသေးလှီးကာ ကြက်ဥ၊ အသား၊ ဟင်းရွက်များနှင့်ရောမွှေကြော်ကာ ပြင်ဆင်စားသုံးလေ့ရှိကြသလို ဆန်ပြုတ်ထဲမှာလည်း ဟင်းခပ်အဖြစ်ထည့်ကာ စားသုံး ကြပါတယ်။ မြန်မာလူမျိုးများကတော့ ကြက်သွန်ဖြူကြော်ထားသည့် ကြက်သွန်ကြော်ကို လက်ဖက်နှင့် တွဲဖက် စားသုံးကြသလို၊ ဟင်းများတွင် ဖြူးကာလည်း စားကြပါသည်။ ကြက်သွန်ဖြူ အစိမ်းကို ခေါက်ဆွဲသုပ်၊ ကြာဇံသုပ် ၊ ထမင်းသုပ်၊ လက်သုပ်စုံများဖြင့် တွဲဖက်စားသုံးကြပါတယ်။ ကြက်သွန်ဖြူကို စားသုံးပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ၊ အအေးမိခြင်း ၊ ကင်ဆာရောဂါနဲ့ ကိုလက်စထရောများခြင်းကို ကာကွယ်ပေးပါသည်။ ဒါ့အပြင် ကြက်သွန်ဖြူက သွေးထဲမှာရှိတဲ့ အချိုဓာတ် (သကြားဓာတ်) ကိုထိန်းညှိပေးတဲ့အတွက် ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ပါသည်။ အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုးရောဂါမဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုးရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူစားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့်ဆိုင်သော အဆုတ်အအေးမိ၊ အဆုတ်ပွသော ရောဂါများပျောက်ကင်းစေနိုင်သည်။ အအေးမိခြင်း နှင့် တုတ်ကွေးဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်းတို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင်သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါများတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေးအဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲ နှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါဝေဒနာရှင်များအတွက် ဆေးအနေဖြင့်သော်လည်းကောင်း၊ အစာအဟာရအဖြစ်သော်လည်းကောင်း မှန်မှန်စားသုံးပါက ဖြစ်ပွားမှုနှုန်းနှေးကွေးပြီး တဖြည်းဖြည်း သက်သာစေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကိုပွားစေသည်။ မြစ်ပွားနာ(ခေါ်) ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းနည်းစေရန်အတွက် ကြိုတင်ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့်ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော်စားဝင် အင်အားပြည့်ဖြိုးစေနိုင်ပါသည်။ သွေးတွင်းတွင်ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျည်း၊ နှလုံးရောဂါများအတွက် လွန်စွာသင့်လျော်ပါသည်။

          အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တာမို့ ဘယ်လိုဘဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးဖြစ်တာကြောင့် ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေခြင်းကြောင့် ကြက်သွန်ဖြူကို စားသုံးသင့်ပါကြောင့် လေ့လာသိရှိရပါသည်။ သို့သော် ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ပမာဏများများစားမိတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ ခံတွင်းပူတာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။ ဒီဆိုးကျိုးတွေက များများစားလေ ပိုဆိုးလေလေပဲ ဖြစ်ပါ တယ်။ နောက်တစ်ချက်အနေဖြင့် ကြက်သွန်ဖြူက သွေးကျဲစေတဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် နဂို သွေးမတိတ်ရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေသူတွေက ပမာဏများများစားတာကို ရှောင် သင့်ပါတယ်။ ဒီအချက်ကြောင့်ပဲ ခွဲစိတ်မှု လုပ်စရာရှိတဲ့သူတွေဆိုရင် မခွဲခင် (၂)ပတ်အလိုတည်းက ကြက်သွန်ဖြူစားတာကို ရပ်ထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ပုံမှန်အတိုင်း ချက်ပြုတ်စားတဲ့ထဲမှာပါတာက ပြဿနာမဟုတ်ပေမယ့် အလွန်အကျွံစားတာကို ဆင်ခြင်သင့်ပါတယ်။ အစာအိမ်ရောဂါရှိသူတွေအနေနဲ့လည်း အစာအိမ်နာနေတဲ့အချိန်မှာ ကြက်သွန်ဖြူ စားတာကို ရှောင့်သင့်ပါကြောင်း On Doctor  Healthcare App မှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)