ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၂၀၂၂-၂၀၂၅)သက်တမ်းအတွက် အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို (၂၅.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးနှင့်ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ဖယ်ခုံ၊ လဲချားနှင့် မိုးနဲမြို့နယ်များမှ မြို့နယ်ဆန်စက်အလုပ်အမှုဆောင်များ၊ မျိုးစေ့ကုမ္ပဏီနှင့် အခြောက်ခံစက်ကုမ္ပဏီမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးရဲထွန်းမှ အသင်း၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပါတယ်။ တက်ရောက်လာသော မျိုးစေ့ကုမ္ပဏီ၊ အခြောက်ခံစက်ကုမ္ပဏီများမှလည်း မျိုးစေ့နှင့်အခြောက်ခံစက်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် တက်ရောက်လာသော ပြည်နယ်အလုပ်အမှုဆောင်များ၊ မြို့နယ်အလုပ်အမှုဆောင်များမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၂၀၂၂-၂၀၂၅) သက်တမ်းအတွက် အလုပ်အမှုဆောင်အမည်စာရင်းများကို ရွေးချယ်တင်မြောက်ခြင်း၊ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အသင်းကို အလုပ်အမှုဆောင် (၂၇) ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။
DOCA(ရှမ်း)