ရခိုင်ပြည်နယ်အတွင်း (၁/၂၀၂၂) ကြိမ်မြောက် စားသုံးသူရေးရာ‌ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Powered by Drupal

          ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၂ ခုနှစ်၊ မေလ(၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင် (၁/၂၀၂၂)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၅)ဦး ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပရခြင်းမှာ စားသုံးသူပြည်သူများအား ထိရောက်စွာကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

            ပထမဦးစွာ ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဌ ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဉပဒေ/နည်းဉပဒေများ ပြဌာန်းပြီး စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမှာ နိုင်ငံအတွက် လွန်စွာကောင်းမွန်ကြောင်း၊ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရကုန်စည်များတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ Manufacture date၊ Expire dateနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်များ စသည့်အချက်များ ပါရှိမှသာ စားသုံးသူပြည်သူများအနေဖြင့် သိရှိနားလည်နိုင်မည်ဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ အကျိုးကို ရှေးရှု၍ပီပီပြင်ပြင် ဆောင်ရွက်လျက်ရှိသည့်အတွက် အခြားသောဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။

              ဆက်လက်၍ ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးတင်ဇော်ထွန်းက မိမိတို့ဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့်အညီ စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ထားရှိပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ တိုင်ကြားလာသည့် အမှုများရှိပါက ကော်မတီသို့တင်ပြ၍ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဉပဒေ/နည်းဉပဒေစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

               ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များမှလည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက်(၁၀:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)