အစားအသောက်နှင့် ဖော်မလင်

Powered by Drupal

             ဖော်မလင်သည် မက်သနော်နှင့် ရေတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် ဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ ဖော်မလင်သည် အရည်၊ အစိုင်အခဲ၊ ဓာတ်ငွေ့အသွင်ဆောင်နိုင်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ ဖော်မလင်ကို သေဆုံးပြီးသောလူများနှင့် သေဆုံးပြီးသော သက်ရှိသတ္တဝါတို့ ပုပ်ပွမှုမရှိစေရန် စိမ်သည့်နေရာတွင် အသုံးပြုပါသည်။ ထို့အပြင် ဖော်မလင်ကို ပိုးသတ်ရာတွင်လည်းကောင်း၊ ကုန်လှောင်ရုံများ သန့်ရှင်းမှုပြုလုပ်ရာတွင်လည်းကောင်း၊ ပိုးမွှားများနှိမ်နှင်းရာတွင်လည်းကောင်း၊ ပိုးချည်၊ ဆိုးဆေး၊ မှန်များပြုလုပ်ရာတွင်လည်းကောင်း၊ အလှကုန်များ တာရှည်ခံအောင်ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

           ယခုအခါ ဖော်မလင်ကို ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်နှင့် အသားငါးအစရှိသည့် စားသောက်ကုန်များတွင် တာရှည်ခံစေရန် တရားမဝင်အသုံးပြုမှုများ ရှိလာပါသည်။ ဖော်မလင်ကို စားသောက်မိခြင်းကြောင့် အစာအိမ်၊ အူသိမ်စသော အစာအိမ်လမ်းကြောင်းဆိုင်ရာတို့ကို ထိခိုက်စေနိုင်ပါသည်။ အစာအိမ်ရောင်ခြင်း၊ အူသိမ်ရောင်ခြင်း စသည်တို့ဖြစ်ပေါ်လာခြင်းကြောင့် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း ဝေဒနာများ ခံစားလာရနိုင်ပါသည်။

          ထို့အပြင် ဖော်မလင်သည် အရေပြားနှင့် ထိတွေ့မိပါက အရေပြားရောင်ရမ်ခြင်းနှင့် အရေပြားတွင် ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ခန္ဓာကိုယ်ထဲတွင် ဖော်မလင်ရှိနေပါက ခန္ဓာကိုယ်ထဲရှိ ကလီစာများကို ထိခိုက်စေပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ ပြန်ထွက်လာပါကလဲ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် ဖော်မလင်သည် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ဆိုးဆိုရွားရွား ထိခိုက်စေနိုင်ပါသည်။ ဖော်မလင်ပါသည့် အစားအစာများသည် လူ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် သတိပြု ရှောင်ရှားသင့်ပါသည်။

        အသားငါးစသည်တို့တွင် ဖော်မလင်အသုံးပြုထားပါက အကြေးခွံများ မာနေခြင်း၊ ညှီနံမရဘဲရှိခြင်း၊ ယင်နားမှုမရှိခြင်းများ ဖြစ်နေတတ်ပါသည်။ ပင်လယ်စာများတွင် မာနေပြီး ဖြူနေတတ်ပါသည်။ မုန့်ဖတ်များတွင် ဖော်မလင်အသုံးပြုထားပါက ပျော့ပျောင်းမှုမရှိဘဲ မုန့်ဖတ်ထဲသို့ ရေနွေးထည့်လိုက်ပါက ဆေးနံထွက်လာမည်ဖြစ်သည်။ ဖော်မလင်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အသီးများကို မစားမီ ရေတွင် တစ်နာရီခန့် စိမ်ပြီးမှ စားသုံးသင့်ပါသည်။ အသီးအရွက်များနှင့် အသားငါးများကို ဆားရည်ထဲတွင် ဆယ်မိနစ်ခန့် စိမ်ပြီးမှ ချက်ပြုတ်စားသောက်ပါက ဖော်မလင်ကို ရာနှုန်းပြည့်နီးပါးဖယ်ရှားနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

DOCA(ရှမ်း)