“သိန်းသန်းစိုး” ယိုမျိုးစုံ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ (၈) ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “သိန်းသန်းစိုး” ယိုစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မုံရွာခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန အတည်ပြုချက်ရယူလိုသည့် လုပ်ငန်းရှင်များရှိပါက မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေကြောင်း တဆင့်စကားပါးစေလိုကြောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးမှ ကုန်စည်များကို ဦးစားပေးကုန်စည် သတ်မှတ်၍ ကုန်အညွန်းအမှတ်အသား ပြည့်စုံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          “သိန်းသန်းစိုး” ယိုမျိုးစုံလုပ်ငန်းကို အမျိုးသမီးအလုပ်သမားဦးရေ(၁၅)ဦးဖြင့် လည်ပတ်ဆောင်ရွက်နေ‌ကြောင်း၊ ယိုစုံပြုလုပ်ရာတွင်အသုံးပြုသော ဇီးသီးကုန်ကြမ်းကို  ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်ရှိ ဇီးစိုက်တောင်သူများထံမှ ဝယ်ယူပြီး သံပုရာကုန်ကြမ်းကို မုံရွာမြို့ပေါ်ရှိ သီးနှံပွဲရုံများမှ ဝယ်ယူအသုံးပြုကြောင်း၊ ထွက်ရှိသော ကုန်ချောယိုစုံများကို စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခင်ဦးနှင့် ရေဦးမြို့နယ်များ၊ မြို့ပေါ်ဈေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချပါကြောင်း၊ ယိုစုံများ၏(၁)ထုပ်တန်ဖိုးမှာ လက်ကားဈေး (၃၅)ကျပ်-လက်လီဈေး(၄၀)ကျပ်ဖြစ်ပြီး စားသုံးသူအရောက်(၅၀)ကျပ်ဖြစ်ကာ ကျောင်းဖွင့်ရာသီဖြစ်၍ အဆင်ပြေနေကြောင်း၊ (၁)ရက်လျှင် ဇီးသီးယို(အစို) (၁၀၀၀)ထုပ်၊ အခြောက် (၂၅၀)ထုပ်နှင့် သံပုရာ (၂၅၀)ထုပ် ပြုလုပ်ရောင်းချလျှက်ိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)