
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးဟောပြောပွဲကို ၁၅.၃.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ မိမိဌာန၏ လုပ်ငန်းတာဝန်များနှင့် စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၊ စားသုံးသူရေးရာ ကော်မတီတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် နည်းလမ်းများ၊ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်ပုံ နည်းလမ်းအဆင့်ဆင့်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်သူများက သိရှိလိုသည့် ဆွေးနွေးတင်ပြချက်များကို မြို့နယ် စားသုံးသူရေးရာဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ နယ်မြေကွင်းဆင်းဝန်ထမ်း ၂၈ ဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၆ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)