
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ယခုနှစ်နွေစပါး (၂၁၃၈၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားဧကအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးနွေစပါးများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေအား သိရှိနိုင်ရန် မတ်လ(၁၉)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာ ကွင်းအမှတ် (၃၇၁) ဦးပိုင်အမှတ် (၁၅/၁၆) ဦးမြင့်ဦးပိုင် လယ်မြေမှ နွေစပါး (၁၅)ဧက စိုက်ပျိုးထားပြီး (၅)ဧကအား ရက်(၉၀)စပါးမျိုးကို ဒီဇင်ဘာလ (၁၅)ရက်နေ့ စိုက်ပျိုးခဲ့ပြီး ယခုအအချိန်တွင် ရင့်မှည့်နေကြောင်း တွေ့ရှိရသဖြင့် မေးမြန်းရာ ၎င်းလယ်ကွက်အား ဧပြီလဆန်းပိုင်းတွင် ရိတ်သိမ်းတော့မည် ဖြစ်ကြောင်း သိရှိရပြီး ကျန်(၁၀)ဧက အနက်(၅)ဧကမှာ ရက်(၉၀)စပါးမျိုး ဖြစ်ပြီး ဇန်နဝါရီလ ကုန်ပိုင်းမှ စိုက်ပျိုးရာ ဧပြီလကုန်တွင်မှ ရိတ်သိမ်းရမည်ဖြစ်ကြောင်းနှင့် (၅)ဧကအား စိုက်ပျိုးရေး ဦးစီးဌာနမှ စံပြကွက်အဖြစ် အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးထား ကြောင်း သိရှိရသည်။
အဆိုပါ ကမာပါကျေးရွာမှ ဦးမြင့် ဦးပိုင်ဆိုင်သော လယ်မြေသည် ယခင်နှစ် နွေစပါးရိတ်သိမ်း ချိန်က တစ်ဧကလျှင် (၁၁၅)တင်း ထွက်ရှိခဲ့ပြီး ယခုနှစ်မိုးစပါးရာသီတွင် ပေါ်ဆန်းဆန် စပါးမျိုးစိုက် ပျိုး၍ ရိတ်သိမ်းရာတွင် (၈၅)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိ ဦးကြည်စိန်ထံမှ သိရသည်။ ယခင်နှစ်ထက် မနည်းသောနှုန်းထားဖြင့် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်အဖြစ် သတ်မှတ်လုပ်ကိုင်သော လယ်မြေကို သဘာဝမြေဩဇာသုံး၍ စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် ယခုကဲ့သို့ စပါးမျိုးများကို မိုးစပါး၊ နွေစပါး (၂)သီးခွဲ၍ စိုက်ပျိုး ခြင်းကြောင့် တောင်သူများ သိပ္ပံဝင်ငွေတိုးပွားပြီး ဒေသအတွက် ဝမ်းစာဖူလုံသည့်အပြင် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချနိုင်ခြင်းကြောင့် စပါးမစိုက်ပျိုးနိုင်သော မြို့နယ်များအတွက် ဝမ်းစာရရှိနိုင်ခြင်းအကျိုးများရနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)