
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ (၂၃.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အခမ်းအနားသို့ ဘင်ခရာပန်းပွားအဖွဲ့များ၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်း မိန်းကလေးငယ်များနှင့် အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့်ဇနီး၊ ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အလှမယ်များမှ ချည်ထည်ဝတ်စုံ၊ လက်စကအင်္ကျီ၊ မြန်မာလုံချည်၊ ဆံပင်ပြင်ဆင်မှုနှင့် ဝတ်စားဆင်ယင်မှုအား တစ်ပါတည်း ပြင်ဆင်ထုံးဖွဲ့လာကြပြီး အသက်(၁၅နှစ်မှ ၂၅နှစ်အတွင်း)ရှိ အမျိုးသမီးငယ်(၄၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အခမ်းအနားတွင် သနပ်ခါးယဉ်ကျေးမှုနှင့် ပတ်သက်သည့် Video Clip ပြသခြင်း၊ မြန်မာ့သနပ်ခါးအား ဂုဏ်ပြု သောအားဖြင့် အဆိုအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ 1st Runner Up၊ 2nd Runner Up ဆုများနှင့် တက်ရောက်လာကြသူများအနက်မှ People Choice Award ဆု(၁)ဦးအား ရွေးချယ်ချီးမြင့်ခဲ့ပါသည်။ ထို့အပြင် ဆောင်းပါး(အလွတ်တန်း)ပြိုင်ပွဲဆုများအဖြစ် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင် နှစ်သိမ့် ဆု(၁၊ ၂)တို့အားလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဇနီး၊ ဝန်ကြီးများနှင့် ဇနီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၅၀၀)ခန့် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မကွေး)