
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးအတွင်းရှိ ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိအား မေလ(၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒေသကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးအတွင်းရှိ ဆန်လက်လီ/ လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း ဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းလျက်ရှိကြောင်းတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား ဆန်များရောင်းချရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လစဉ်သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျှက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)