“ကွမ်းခြံကုန်းမြို့နယ်အတွင်းရောင်းချသောဆေးဆိုင်များအားကွင်းဆင်းစိစစ်ခြင်း”

Powered by Drupal

                ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စိစစ်ခြင်းများကို တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ စစ်ဆေးခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ  မေလ(၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အတွင်း ရောင်းချနေသော ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမ ဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးမင်း၊  စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး  ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက်များအတွင်း ရောင်းချနေသော ဆေးဆိုင်များဖြစ်သည့် ကံကြီးမကျီးရပ်ကွက်ရှိ ဦးစံရွှေ+ ဒေါ်တင်အိ ဆေးဆိုင်၊ ထွန်းဝေ ဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက်ရှိ အေးမေတ္တာ ဆေးဆိုင်၊ ကောင်းမြတ်ချမ်းသာ ဆေးဆိုင်၊ ရာပြည့်ဆေးဆိုင် တို့တွင် ရောင်းချနေသော ဆရာဝန်ညွှန်ကြားချက် မပြည့်စုံသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆေးဆိုင် ပိုင်ရှင်တစ်ဉီးချင်းစီ ဆရာဝန်ညွှန်ကြားချက် မပြည့်ဝသော  အိမ်သုံးဆေး သောက်ဆေးတို့အား ရောင်းချရာတွင် အညွှန်းအမှတ် ပြည့်စုံသော ဆေးများကိုသာ ရောင်းချကြရန်၊ ဆေးများကို ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဆေးဝါးများ ပြတ်လပ်မှုမရှိ စေရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်း စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)