ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်၏ မွေးမြူရေးအစာလိုအပ်ချက် ဆက်လက်မြင့်တက်လျက်ရှိ

     ဗီယက်နမ်နိုင်ငံ၌ ပြည်သူများ၏ နေ့စဉ်စားသုံးမှုပုံစံ ပြောင်းလဲလာမှုနှင့်အတူ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု တိုးတက်လာခဲ့ရာ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၏ တိရစ္ဆာန်မွေးမြူရေး အစာ ဝယ်လိုအားသည်လည်း ဆက်လက်မြင့်တက်လျက်ရှိသည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီး ဌာန လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (Foreign Agricultural Service  ̶  FAS) က အစီရင်ခံဖော်ပြထားပါသည်။  

          ဗီယက်နမ်၏ မွေးမြူရေးအစာလိုအပ်ချက်သည် ၂၀၂၅ ပြက္ခဒိန်နှစ်အတွင်း တန်ချိန် ၂၈.၇ သန်းအထိ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ်တွင် ၂၉.၅ သန်းသို့ ဆက်လက်မြင့်တက်နိုင်ကြောင်း ဩဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်သော သုံးလပတ် အစီရင်ခံစာ၌ FAS က ဖော်ပြခဲ့သည်။

          ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန် ငါး၊ ပုစွန် ထုတ်လုပ်မှုမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ် ပါက ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၄.၉ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၂.၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အမေရိကန်နိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ပစိဖိတ်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်စုံ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု စာချုပ်အဖွဲ့ (CPTPP) ၏ အဖွဲ့ဝင်နိုင်ငံများသည် ဗီယက်နမ်၏ ရေထွက်ကုန်တင်ပို့ရာ အဓိကဈေးကွက်များဖြစ်သည်။

          ဗီယက်နမ်နိုင်ငံတွင် စီးပွားရေးကုမ္ပဏီကြီးများနှင့် လုပ်ကွက်ငယ်တောင်သူများ အကြား မိတ်ဖက်လုပ်ကိုင်မှု တိုးတက်လာခြင်းနှင့်အတူ သမားရိုးကျ မိသားစုလယ်ယာလုပ်ငန်းမှ စက်မှု လယ်ယာ ကုန်ထုတ်လုပ်မှုပုံစံသို့ ပြောင်းလဲလာခြင်းတို့၏ တွန်းအားအရ ဝက်မွေးမြူမှုပမာဏ သည် ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ကြက်ဘဲမွေးမြူရေးလုပ်ငန်းတွင်လည်း မည်သည့် ကြီးမား သောရောဂါမျှ ကျရောက်ခြင်းမရှိပဲ အစဉ်တစိုက် တိုးတက်လျက်ရှိရာ ကြက်ဘဲအကောင်ရေသည် ၂၀၂၄ ခုနှစ် ဇွန်လကထက် ၂၀၂၅ ခုနှစ် ဇွန်လတွင် ၄ ရာခိုင်နှုန်း တိုးတက်မှုရှိသည်ဟု ခန့်မှန်းထား ကြောင်း FAS ဌာနက ပြောဆိုထားသည်။

          ဗီယက်နမ်သည် ပီလောပီနံနှင့် ဖွဲနုတို့ကဲ့သို့သော ပြည်တွင်းမွေးမြူ‌ရေးလုပ်ငန်းတွင် သုံးစွဲ သည့် ထုတ်ကုန်များတင်ပို့မှုကို တိုးမြှင့်လျက်ရှိနေချိန်၌ ၎င်း၏ ပြောင်းသီးနှံထုတ်လုပ်မှုမှာမူ ကျဆင်းလျက်ရှိနေခဲ့သည်။ ဤအခြေအနေက မွေးမြူရေးအစာအတွက် ပြောင်းနှင့် သီးနှံကြိတ် ဖတ်အခြောက် (Distiller’s Dried Grains with Solubles  ̶  DDGS) များ တင်သွင်းရန် ဝယ်လိုအား ကို မြင့်တက်စေလျက်ရှိသည်။

          သို့ဖြစ်ရာ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွင်း ဗီယက်နမ်အနေဖြင့် ပြောင်းသီးနှံတန်ချိန် ၁၂.၃ သန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း၊ ပြည်တွင်း ပြောင်းထွက်ရှိမှုမှာမူ ယခင်နှစ်၌ တန်ချိန် ၄.၃ သန်း ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၄.၁ သန်းသို့ လျော့ကျနိုင်ကြောင်း၊ ၂၀၂၄-၂၅ ခုနှစ်အတွက် ပြောင်းသီးနှံ အသုံးပြုမှုမှာ မွေးမြူရေးအစာအဖြစ် သုံးစွဲမှု တန်ချိန် ၁၄.၃ သန်း အပါအဝင် စုစု ပေါင်း တန်ချိန် ၁၅.၈ သန်းခန့်ရှိနိုင်ကြောင်း၊ ဗီယက်နမ်၏ နှစ်စဉ် ပြောင်းသီးနှံသုံးစွဲမှုပမာဏတွင် မွေးမြူရေးအစာသည် ၈၅ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း ဗီယက်နမ်သည် သီးနှံကြိတ်ဖတ်အခြောက် တန်ချိန် ၇၅၀၀၀၀ ကို တင်သွင်းခဲ့ရာ ယခင်နှစ် ကာလတူ၌ တင်သွင်းမှုထက် ၁၃ ရာခိုင်နှုန်း ပိုမိုလာခဲ့ ကြောင်း World Grain သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

Source: World Grain, 8 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အာရှဈေးကွက်အသစ်များသို့ ဆန်တင်ပို့ရန် ထိုင်းကုန်သည်များ ကြိုးပမ်း

      ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဘီးယား၊ ဂျပန်နှင့် ဟောင်ကောင် ဒေသများသို့ ဆန်တင်ပို့မှုများ မြှင့်တင်ရန် အစီအစဉ်အား ကြေညာခဲ့သည်။

   ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jatuporn Buruspat က ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှုအပေါ် ထင်မြင်ယူဆ ချက်များကို ဆွေးနွေးရန်အတွက် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် အစည်းအဝေး ကျင်းပခဲ့ ကြောင်း၊ အစိုးရချင်း သဘောတူညီမှု စာချုပ်အောက်တွင် တင်ပို့ရန် ကျန်ရှိနေသည့် ဆန်တန်ချိန် ၂၈၀၀၀၀ ကို တင်ပို့မှုအရှိန်မြှင့်တင်ရန်အတွက် တရုတ်အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနအား ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

   ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းစပယ်ဆန်အတွက် ဝယ်လိုအားများလာသော ဈေးကွက်ဖြစ်သည့် ဟောင်ကောင်အပြင် ဆန်ဖြူနှင့် ပေါင်းဆန်တို့ကို အဓိကဝယ်ယူသည့်နိုင်ငံများဖြစ်သည့် ဂျပန်၊ ဆော်ဒီအာရေးဘီးယားနှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အဓိကဈေးကွက်များတွင် အရောင်းမြှင့်တင်ရန်အတွက်လည်း အာရုံစိုက်လျက်ရှိကြောင်း သိရှိရ သည်။

   ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခု နှစ်သည် ကမ္ဘာ့ဆန်ပိုလျှံမှုနှင့် ဝယ်လိုအားကျဆင်းမှုကြောင့် စိန်ခေါ်မှုများသည့် နှစ်တစ်နှစ်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

   ယခင်နှစ်၌ ဆန်တန်ချိန် ၄ သန်း တင်သွင်းခဲ့သော အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ဆန်ပမာဏအနည်းငယ်သာ ဝယ်ယူရန် ခန့်မှန်းထားကြောင်း၊ ယခုအတောအတွင်း ဆန်ဈေးနှုန်း များသည် တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်နှင့် ၂၀ ဘတ်အကြားရှိရာမှ ၁၀.၅၀ ဘတ်အထိ တစ်ဟုန် ထိုး ကျဆင်းသွားကြောင်း သိရှိရသည်။

    Mr Chookiat က ၎င်းတို့ပြိုင်ဘက်နိုင်ငံများအနေဖြင့် ထိုင်းဆန်နှင့် ၎င်းတို့၏ ထုတ်ကုန် များအကြား အရည်အသွေးကွာဟမှုကို ကျဉ်းမြောင်းစေသည့် ဆန်အရည်အသွေးများ တိုးတက် လာပြီဖြစ်ကြောင်း၊ ထိုင်းဆန်များသည် ဆက်လက်ဈေးနှုန်းမြင့်တက်နေမည်ဆိုပါက ဝယ်သူများ အနေဖြင့် အခြားဆန်များကို ပြောင်းလဲဝယ်ယူနိုင်‌ကြောင်း ပြောကြားခဲ့သည်။

    ၎င်းတို့အနေဖြင့် ဈေးကွက်နည်းဗျူဟာများနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများကို မြှင့် တင်ရမည်ဖြစ်ပြီး အထူးသဖြင့် တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသများကဲ့သို့ အလားအလာရှိ ဈေးကွက်များတွင် အာရုံစိုက်ရန်လိုအပ်ကြောင်း၊ အာရှတွင် လူကြိုက်များမှု မြင့်တက်လာသော နူးညံ့သည့်ဆန်ကို ပိုမိုနှစ်သက်လာသည်နှင့်အညီ ၎င်းတို့၏ ထုတ်ကုန်အမျိုးအစားများကို မျိုးစုံ ဖြန့်ချိရမည်ဖြစ်ကြောင်း သိရှိရသည်။

  ထိုင်းဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Charoen Laothamatas က ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းစေရန် ၁ ဒေါ်လာလျှင် ဘတ်ငွေ ၃၃ - ၃၄ ဘတ်နှုန်းဖြင့် တည်ငြိမ်အောင်ထိန်းသိမ်း ထားသင့်ကြောင်း အစိုးရသို့ အကြံပြုခဲ့သည်။ ငွေလဲနှုန်း မတည်ငြိမ်မှုသည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၏ ဈေးကွက်ဆုံးဖြတ်ချက်များကို ထိခိုက်နိုင်ကြောင်း၊ ဆော်ဒီအာရေးဘီးယား နိုင်ငံရှိ လုပ်သားစခန်းများတွင် စားသုံးသည့် ဆန်အမာစျေးကွက်ရရှိမှုနှင့် ဂျပန်သို့ ဆန်ပို့ကုန် ခွဲတမ်း တိုးမြှင့်ရရှိရေး အစိုးရ အနေဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အီရတ်နိုင်ငံသည်လည်း ထိုင်းဆန်အတွက် အလားအလာရှိသော နောက်ထပ်စျေးကွက်တစ်ခုဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဘတ်ငွေ ၇၅.၆ ဘီလီယံတန်ဖိုးရှိသော ဆန်တန်ချိန် ၃.၇၃ သန်းကို တင်ပို့ခဲ့ရာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် တန်ချိန် အားဖြင့် ၂၇.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၆.၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅ သန်းခန့် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

Source: Bangkok Post, 11 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ပြည်တွင်းဈေးကွက်သို့ စားအုန်းဆီတိုးမြှင့်ရောင်းချရန် ထုတ်သူလုပ်များအား အင်ဒိုနီးရှားအစိုးရ တွန်းအားပေး

     အင်ဒိုနီးရှားပြည်တွင်း၌ ဈေးနှုန်းများ လျော့ကျစေရေးအတွက် ပြည်တွင်းဈေးကွက်သို့ စားအုန်းဆီ ရောင်းချမှု အစီအစဉ် (Domestic Market Obligation-DMO) အရ ပျမ်းမျှဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိသည့်ပမာဏကို တိုးမြှင့်ရန် စားအုန်းဆီထုတ်လုပ်သူများအား ကုန်သွယ်မှု အာဏာပိုင်များက တွန်းအားပေးလျက်ရှိသည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးရေးဌာနမှ ဒါရိုက်တာ Mr. Nawandaru Dwi Putra က ဩဂုတ်လ ၁၁ ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနအရ သိရပါသည်။

    ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားမှ ထုတ်လုပ်သူများသည် ပို့ကုန်ပါမစ် ရရှိရန်အတွက် ၎င်းတို့၏စားအုန်းဆီကို ပြည်တွင်း၌ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးသည့် အစီအစဉ်ကို လိုက်နာကြရသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီဈေးနှုန်းများကို ထိန်းချုပ် ရန် ရည်ရွယ်လျက် ရက်သတ္တသုံးပတ်ကြာ စားအုန်းဆီတင်ပို့မှုပိတ်ပင်ခြင်းကို အင်ဒိုနီးရှားအစိုးရ က လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။ ယင်းနောက်ပိုင်း တွင် ပြည်တွင်းစျေးနှုန်းများကို စီမံခန့်ခွဲရန်အတွက် DMO အစီအစဉ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

    DMO အစီအစဉ်အရ ယခုနှစ် နှစ်ကုန်အထိ တစ်လလျှင် စားအုန်းဆီ တန်ချိန် ၁၇၅,၀၀၀ ရောင်းချမှုကို ထိန်းသိမ်းထားရန် လွန်ခဲ့သည့် ရက်သတ္တပတ်၌ စားအုန်းဆီထုတ်လုပ်သူများသို့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်ဟု Mr. Nawandaru က ဩဂုတ် လ ၁၁ ရက်နေ့တွင် ဝန်ကြီးဌာနများအဆင့် အစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့သည်။

   DMO အစီအစဉ်အရ ဧပြီလမှ ဇွန်လအတွင်း စားအုန်းဆီရောင်းချမှုမှာ တစ်လလျှင် ပျမ်းမျှ တန်ချိန် ၁၅၇,၅၀၀ အောက်သာရှိသော်လည်း ဇူလိုင်လတွင် ၂၀၄,၅၅၉ တန်အထိ ရောင်းချပေးမှု တိုးတက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    DMO အစီအစဉ်သည် ပို့ကုန်တင်ပို့မှုများနှင့် နိုင်ငံတကာဈေးကွက်အတွင်း စားအုန်းဆီ ကြမ်းစျေးနှုန်းများနှင့် များစွာဆက်စပ်နေသည်ဟု သိရှိနားလည်ထားပါကြောင်း၊ သို့သော် စားအုန်း ဆီ ထုတ်လုပ်သူအားလုံးအနေဖြင့် ပြည်တွင်း၌ စားအုန်းဆီပေးသွင်းမှု လုံလောက်မှုရှိစေရေး သေချာခိုင်မာမှုရှိစေရန် ၎င်းအစီအစဉ်၌ တန်ချိန် ၁၇၅,၀၀၀ အထိ ရောင်းချပေးရမည် ဆိုသည်ကို အမှန်တကယ် သိရှိနားလည်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အစိုးရအနေဖြင့် DMO အစီအစဉ်တွင် ထည့်သွင်းထားသော "Minyakita" အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် ဟင်းချက်ဆီစျေးနှုန်းကို လျှော့ချလိုကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ယင်းအမှတ်တံဆိပ်ဖြင့် ရောင်းချသည့် စားအုန်းဆီ တစ်လီတာ၏ဈေးနှုန်းသည် သတ်မှတ်ထားသည့် အမြင့်ဆုံးနှုန်းထား အင်ဒိုနီးရှားရူပီးယား ၁၅,၇၀၀ (အမေရိကန်ဒေါ်လာ ၀.၉၇ သို့မဟုတ် မလေးရှားရင်းဂစ် ၄.၀၉) ၏ အထက်၌ ရောက်ရှိနေခဲ့ကြောင်းနှင့် ဩဂုတ် ၁၁ ရက်နေ့တွင် တစ်လီတာလျှင် ရူပီးယား ၁၆,၆၉၉ အထိမြင့်တက်ခဲ့ကြောင်း Mr. Nawandaru က ပြောကြားခဲ့ပါသည်။

    စားအုန်းဆီထုတ်လုပ်သူများ အနေဖြင့် အဆိုပါ DMO အစီအစဉ်အရ ရောင်းချရမည့် ပမာဏကို ပြည့်မီအောင်ဆောင်ရွက်ခြင်းမရှိခဲ့ပါက မည်ကဲ့သို့အရေးယူခံရမည်ဆိုသည်နှင့် အချက် ပတ်သက်၍ မေးမြန်းမှုအပေါ် အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏  ပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာမှတ်ချက်ပြု ဖြေကြားခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 11 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တင်သွင်းမှု ဆိုင်းငံ့သော်လည်း သွင်းကုန်အခွန် တိုးမြှင့်မည်မဟုတ်ဟု ဖိလစ်ပိုင်ဘဏ္ဍာရေး အတွင်းဝန် ပြောကြား

       ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တင်သွင်းမှုဆိုင်းငံ့ထားခြင်းကြောင့် နိုင်ငံ၏ အခွန်ဘဏ္ဍာရရှိမှု အပေါ် သက်ရောက်နိုင်ခြေ အလားအလာရှိနေသော်လည်း ဆန်တင်သွင်းမှုများအပေါ် အခွန်တိုး မြှင့်မည့်အစီအမံများ လတ်တလော ချမှတ်ရန် မရှိသေးကြောင်း ဘဏ္ဍာရေးဦးစီးဌာနက ပြောကြား ထားပါသည်။

  အခွန်ဘဏ္ဍာရ‌ငွေ အနည်းငယ်ကျဆင်းမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း မည် သည့် ပြတ်လပ်မှုမျှမဖြစ်ပေါ်ပဲ ရည်မှန်းထားသည့် အခွန်ဝင်ငွေပမာဏကို လွှမ်းခြုံရရှိနိုင်မည်ဟု အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း၊ ဆန်တင်သွင်းမှုကို ဆိုင်းငံ့ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ စပါးရိတ်သိမ်းရာသီ ကျရောက်နေသည့်အတွက်သာဖြစ်ကြောင်း၊ သမ္မတ၏ ဆုံးဖြတ်ချက်တွင် တင်သွင်းမှုဆိုင်းငံ့ရန်သာပါရှိပြီး၊ အခွန်တိုးမြှင့်သွားမည့်အစီအစဉ် ပါဝင်ခြင်း မရှိ ကြောင်း ဘဏ္ဍာရေးအတွင်းဝန် Ralph Recto က ပြောကြားခဲ့ပါသည်။

  သို့ရာတွင် ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ပြန်လည်ဖယ်ရှားပေးချိန်၌ အခွန်တိုးမြှင့် စည်း ကြပ်ရန်သင့်မသင့်ကိစ္စရပ်အပေါ် သုံးသပ်မှုများလုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ စိုက်ပျိုးထုတ်လုပ်သည့် လယ်သမားများ၊ စားသုံးသူပြည်သူများနှင့် ဈေးနှုန်းဖောင်းပွမှုမှ ဖြစ်ပေါ် လာနိုင်သည့် နိုင်ငံ့စီးပွားရေးအခြေအနေ ဟူသော ကဏ္ဍသုံးရပ်အတွက် ပြေလည်မှုရရှိအောင် အခြားသော နည်းလမ်းများကိုလည်း အသုံးပြုဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဌာနမှ အတွင်းဝန် Arsenio Balisacan ကပြောဆိုခဲ့ပါသည်။

          အစောပိုင်းကာလ၌ အကောက်ခွန်ဗျူရိုမှ ကော်မရှင်အကြီးအကဲ Ariel Nepomuceno က ၎င်းတို့အနေဖြင့် အခွန်ဝင်ငွေကို လျာထားသည့်အတိုင်း ပြည့်ဝစွာရရှိစေရေး အကောင်းဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများလည်းရှိကြောင်း၊ လက်ရှိ ကာလတွင် ဆန်တင်သွင်းမှုအပေါ်  အခွန် ၁၅ ရာခိုင်နှုန်းစည်းကြပ်လျက်ရှိရာမှ ၁၅ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အကြားသို့ တိုးမြှင့်ကောက်ခံပါက အဆိုပါဆိုင်းငံ့ကာလအတွက် အခွန်ရငွေဆုံးရှုံးမှု များကို ခုနှိမ်သက်သာရာရစေမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

   ဘဏ္ဍာရေးအတွင်းဝန် Mr. Recto ကမူ ဆန်တင်သွင်းမှုအား ယခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ ရက်ပေါင်း ၆၀ ဆိုင်းငံ့ခြင်းသည် သီးနှံရိတ်သိမ်းချိန်ကာလ၌သာ သက် ရောက်မှုရှိမည်ဖြစ်ပြီး  အဆိုပါကာလထက် ကျော်လွန်၍ တိုးမြှင့်သတ်မှတ်မည် မဟုတ်ကြောင်း၊ ၎င်းအနေဖြင့် အခွန်ဝင်ငွေ အမြောက်အမြား ဆုံးရှုံးမည်ဟု မျှော်မှန်းထားခြင်းမရှိကြောင်း၊ နိုင်ငံ၏ ဆန်ပြတ်လပ်မှုသည် တန်ချိန် ၄.၆ သန်းဖြစ်ပါက လိုအပ်သောပမာဏကို ဆိုင်းငံ့ကာလမတိုင်မီ တင်သွင်းခြင်း သို့မဟုတ် စပါးရိတ်သိမ်းရာသီကုန်ဆုံးသည့် နှစ်ကုန်ပိုင်းတွင် ချိန်ညှိတင်သွင်းခြင်း ကို လုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

Source : The Philippine Star, August 12, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှား၏ ဇူလိုင်လစားအုန်းဆီလက်ကျန် ၁၉ လအတွင်း အမြင့်ဆုံးရောက်ရှိ

      မလေးရှားနိုင်ငံ၌ ဇူလိုင်လအတွက် စားအုန်းဆီသိုလှောင်မှုလက်ကျန်ပမာဏသည် ၁၉ လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ရှေ့လာမည့်လများတွင် ထုတ်လုပ်မှုမြင့်မားလာမည့် အခြေ အနေရှိခြင်းက ဖိအားများသက်ရောက်ခံနေရသော စားအုန်းဆီဈေးနှုန်းများကို မြင့်တက်လာမှုမရှိ အောင် ထိန်းချုပ်ထားဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောဆိုလျက်ရှိသည်။

     အင်ဒိုနီးရှားနိုင်ငံ၏ နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သူဖြစ်သော မလေးရှားနိုင်ငံတွင် ထုတ်လုပ်မှု အမြင့်ဆုံးကာလဖြစ်သည့် စက်တင်ဘာ-အောက်တိုဘာ လများ မတိုင်မီ၌ စားအုန်းဆီထုတ်လုပ်မှုမှာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး သိုလှောင်မှုလက်ကျန် ပမာဏသည်လည်း များပြားလာမည်ဟု BIMB Securities နှင့် Apex Securities ငွေကြေးနှင့် စတော့ရှယ်ယာ ကုမ္ပဏီ ၂ ခုက ပြောဆိုထားကြသည်။

    ဒီပါဝလီပွဲတော်ရာသီ မတိုင်မီ အကြိုကာလ၌ အိန္ဒိယနိုင်ငံ၏ ဝယ်ယူစုဆောင်းမှုနှင့်အတူ အရှေ့မြောက်မုတ်သုံလေ စတင်ဝင်ရောက်ချိန်မှ နှစ်ကုန်ပိုင်းအထိ ကာလအတွင်း ထုတ်လုပ်မှု နှေးကွေးလာခြင်းအရ မလေးရှား၏ စားအုန်းဆီသိုလှောင်မှုလက်ကျန်သည် အောက်တိုဘာလမှ စတင်၍ လျော့ကျလာမည်ဖြစ်သည်ဟု BIMB Securities က ပြောဆိုခဲ့သည်။

          ဩဂုတ် ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သော မလေးရှားအစိုးရ၏ အချက်အလက်များအရ စားအုန်းဆီတင်ပို့မှုမှာ တိုးတက်သော်လည်း ထုတ်လုပ်မှုပမာဏက ပိုမိုများပြားလျက်ရှိနေသဖြင့်   ဇူလိုင်လကုန်တွင် စားအုန်းဆီလက်ကျန် သိုလှောင်ထားရှိမှုမှာ တန်ချိန် ၂.၁၁ သန်းဖြင့် ၅ လ ဆက် တိုက် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

    ရေခဲမုန့်မှသည် ခေါင်းလျှော်ရည်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍစုံတွင် အသုံးပြုလျက်ရှိသော စားအုန်းဆီ၏ ဈေးနှုန်းများသည် ဇူလိုင်လဆန်းပိုင်းကပင် တစ်တန်လျှင် ရင်းဂစ် ၄၀၀၀ ကျော် ဝန်းကျင်၌ တည်ရှိနေခဲ့သည်။ ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက်၌ နောက်ဆုံးအရောင်း အဝယ်ပြုလုပ်ခဲ့သော ၃ လတာအတွက် စံပြုစာချုပ်ဈေးနှုန်းမှာ တစ်တန်လျှင် ၄၃၇၂ ရင်းဂစ်နှုန်း ဖြစ်သည်။

     အမေရိကန်နိုင်ငံ၌ ဇီဝဒီဇယ်၏ ဝယ်လိုအားခိုင်မာနေမှုနှင့် အခြားသော ဟင်းသီးဟင်းရွက် ဆီများနှင့် နှိုင်းယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်နေမှုအရ စားအုန်းဆီဈေးနှုန်းများသည် တစ် တန်လျှင် ရင်းဂစ် ၄၀၀၀ အထက်၌ ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရကြောင်း၊ ၎င်းနှုန်း ထားသည် ဈေးနှုန်းအပေါ် အကဲဆတ်သော ဝယ်ယူသူများကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်၏ ဇီဝဒီဇယ် ဝယ်လိုအား ခိုင်မာမည့် အလားအလာနှင့် ထုတ်လုပ်မှုနည်းပါးနိုင်ခြေအရ ပဲပုပ်ဆီ၏ ဈေးနှုန်းများသည် ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း၊ ပဲပုပ်ဆီနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းသက်သာမှု ကွာဟချက်မှာ ပိုမိုကျယ်ပြန့်လာသော်လည်း ထုတ်လုပ်မှုတိုးတက်ခြင်းက သိုလှောင်မှုလက်ကျန်ကို တိုးပွားစေလျက်ရှိရာ စားအုန်းဆီ၏ ဈေးနှုန်းမြင့်တက်မှုသည် အကန့် အသတ်ဖြင့်သာရှိနေကြောင်း  Apex Securities ကုမ္ပဏီက ပြောဆိုခဲ့သည်။

Source: The Edge Malaysia, 12 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပွဲတော်ရာသီဝယ်လိုအားအရ ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်နိုင်သည်ဟု အိန္ဒိယကုန်သည်အသင်း ပြောဆို

      အိန္ဒိယနိုင်ငံ၌ ပွဲတော်ရာသီ ဝယ်လိုအားကြောင့် ကုလားပဲဈေးနှုန်းများသည် မကြာမီကာလ အတွင်း မြင့်တက်လာဖွယ်ရှိသည်ဟု အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က ဩဂုတ် လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် ၎င်း၏ အပတ်စဉ်အစီရင်ခံစာ၌ ‌ဖော်ပြပါသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှု ကျဆင်းလာမှုအရ ပဲစင်းငုံဈေးနှုန်းများသည်လည်း ကာလတိုအတွင်း မြင့်တက်လာနိုင်ကြောင်း၊ အလားတူ ရောင်းလိုအား အကျပ်အတည်းကြောင့် မတ်ပဲ ဈေးနှုန်းများသည်လည်း မြင့်တက်လာမည့် အရိပ်အခြေရှိနေကြောင်း အဆိုပါ အသင်းက ပြောကြားထားသည်။

     ပရီမီယံအဆင့် အရည်အသွေးကောင်းမွန်သော ကုန်လက်ကျန် ရရှိရန်ခက်ခဲမှုနှင့် ပွဲတော် ရာသီမတိုင်မီ ကြိုတင်ဝယ်ယူ စုဆောင်းမှုများကြောင့် ကုလားပဲဈေးနှုန်းများသည် ကာလတို အတွင်း မြင့်တက်လာမည်ဟု IPGA အသင်းက ခန့်မှန်းထားခြင်းဖြစ်သည်။ ရှေ့လာမည့် ဟိန္ဒူ ရိုးရာပွဲတော်များအတွက် ကုလားပဲခွဲခြမ်းနှင့် ပဲမှုန့်တို့အပေါ် ဝယ်လိုအားသည် ဆက်လက်တည်ရှိ နေပြီး စက်တင်ဘာလ၌ ပိုမိုအားကောင်းလာမှုနှင့်အတူ ဈေးနှုန်းများမြင့်တက်စေရန် အထောက်အပံ့ပြုလျက်ရှိသည်။ သို့ရာတွင် ပဲသိုလှောင်မှု လုပ်ကိုင်သူများနှင့် တောင်သူများလက်ဝယ်၌ ကုလားပဲလက်ကျန်မှာ အကန့်အသတ်ဖြင့်သာရှိကြောင်း၊ ရှေ့လာမည့် ကာလလတ်အတွင်း စားတော်ပဲဝါများကို စတင်၍ တင်သွင်းခွင့်ပြုလိမ့်မည်ဟု မျှော်မှန်းချက်အရ ကုလားပဲဈေးနှုန်းမှာ များစွာမြင့်တက်ဖွယ်မရှိကြောင်း၊ ဩဂုတ်လ ၉ ရက် စနေနေ့တွင် ကုန်ဆုံးသော ရက်သတ္တပတ် အတွင်း နိုင်ငံတစ်ဝန်းရှိ အဓိကဈေးကွက်များ၌ ကုလားပဲဈေးနှုန်းများမှာ အတက်အကျ မျိုးစုံ ပြောင်းလဲနေခဲ့ကြောင်း IPGA က ဖော်ပြထားသည်။

    ပွဲတော်မတိုင်မီ ကနဦးကြိုတင်စုဆောင်းထားရှိရန် လိုအပ်ချက်အရ ဖြစ်ပေါ်လေ့ရှိသော ဝယ်လိုအားသည် ယခင်သီတင်းပတ်တွင် အချို့သောဈေးကွက်များ၌ နည်းပါးနေခဲ့ပြီး ဈေးကွက် တစ်ခုလုံး ခြုံငုံကြည့်ပါက အရောင်းအဝယ် ကျဆင်းနေခဲ့သည်။ အဆိုပါ ရက်သတ္တပတ်အတွင်း မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် Indore မြို့ ဈေးကွက်၌ ကုလားပဲ ၁၀၀ ကီလိုဂရမ်၏ ဈေးနှုန်းများသည် ယခင်အပတ်အောက် ရူပီး ၅၀ ခန့် လျော့နည်းလျက် ၆၄၂၅ ရူပီးမှ ၆၄၅၀ ရူပီး အကြားနှုန်းထားဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မဟာရဋ္ဌပြည်နယ် Akola မြို့ ဈေးကွက်တွင်မူ ကုလားပဲ ၁၀၀ ကီလိုဂရမ်၏ ဈေးနှုန်းများသည် ယခင်အပတ်ထက် ၂၅ ရူပီးခန့် ပိုမိုလျက် ၆၄၅၀ ရူပီးမှ ၆၄၇၅ ရူပီး အကြားနှုန်းထား ရှိနေခဲ့ကြောင်း IPGA ၏ အချက်အလက်များအရ သိရသည်။

    ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိမှုမှ ဈေးကွက်သို့ ဝင်ရောက်မှုမှာ ကျဆင်းလျက်ရှိရာ ပဲစင်းငုံ ဈေးနှုန်းများသည် မကြာမီကာလအတွင်း အနည်းငယ်မျှ မြင့်တက်လာမည်ဟု IPGA က ခန့်မှန်း ထားသည်။ ထို့အပြင် ရှေ့လာမည့် အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ဖြန့်ဖြူးပေးနိုင်ရေးအတွက် တမီနာဒူ မြို့ပြထောက်ပံ့ရေးကော်ပိုရေးရှင်း အနေဖြင့် ပဲစင်းငုံ သို့မဟုတ် ကနေဒါပဲနီလေးကို တန်ချိန် ၆၀၀၀၀ ခန့်အထိ တင်ဒါခေါ်၍ ဝယ်ယူမည်ဖြစ်ရာ ဈေးကွက်အရောင်းအဝယ် သွက်လက်လာမည့် အခြေအနေ ရှိနေသည်။

    လက်ရှိကာလတွင်မူ ပဲစင်းငုံဈေးနှုန်းများသည် ထပ်မံကျဆင်းဖွယ်မရှိပဲ ၁၀၀ ကီလိုဂရမ် လျှင် ပျမ်းမျှနှုန်းထား ရူပီး ၆၂၀၀ မှ ၆၂၅၀ အတွင်း အနိမ့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ပြည်တွင်းထွက် ပဲစင်းငုံများ ဝင်ရောက်မှု နည်းပါးလာပြီဖြစ်၍ ဈေးကွက်အနေဖြင့် အောက်တိုဘာလတိုင်အောင် မြန်မာနိုင်ငံမှတင်သွင်းလာသော ပဲစင်းငုံများအပေါ် အမှီပြုနေရဖွယ် ရှိကြောင်း၊ အာဖရိကဒေသမှ အသစ်စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံများမှာ အောက်တိုဘာလမှသာ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာနိုင်ကြောင်း IPGA အသင်းက ပြောဆိုထားသည်။

    ဩဂုတ်လ ၉ ရက်နေ့၌ ကုန်ဆုံးသော ရက်သတ္တပတ်အတွင်း အိန္ဒိယပြည်တွင်းရှိ အဓိက ဈေးကွက်များတွင် ဝယ်လိုအားကွဲပြားခြားနားမှုအရ ပဲစင်းငုံဈေးနှုန်းများသည် အမျိုးမျိုးကွဲပြား လျက်ရှိသော်လည်း အနိမ့်ဈေးဖြင့်သာ ဆက်လက်ရောင်းဝယ်မှု ဖြစ်ပေါ်နေခဲ့သည်။ မဟာရဋ္ဌ ပြည်နယ် Solapur မြို့၌ ပဲစင်းငုံ ၁၀၀ ကီလိုဂရမ်လျှင် ယခင်အပတ်ထက် ရူပီး ၅၀ ပိုမိုလျက် ရူပီး ၆၄၀၀ မှ ၆၈၀၀ အကြားနှုန်းထားသို့ မြင့်တက်ခဲ့သော်လည်း Delhi မြို့တော်တွင်မူ ရူပီး ၁၀၀ လျော့ကျလျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၆၈၀၀ မှ ၆၈၅၀ နှုန်းထားသို့ ကျဆင်းခဲ့ကြောင်း သိရှိ ရသည်။

    ယခုနှစ် မိုးသီးနှံရာသီ၌ ရာသီဥတု ဆိုးရွားမှုကြောင့် မိုးမတ်ပဲစိုက်ပျိုးမှုအပေါ် ထိခိုက်မှုများ ရှိပြီး ရောင်းလိုအား ကျပ်တည်းနေမှုအရ မတ်ပဲဈေးနှုန်းများသည် ကာလတိုအတွင်း မြင့်တက်လာ နိုင်သည်ဟု IPGA ကုန်သည်အသင်းက ခန့်မှန်းထားသည်။ မဒ္ဒရာပရာဒေ့ရှ်နှင့် ဥတာပရာဒေ့ရှ် ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်းက မတ်ပဲစိုက်ဧရိယာများကို ထိခိုက်ပျက်စီးစေခဲ့ ပြီး အခြားသော မတ်ပဲစိုက်ပျိုးသည့် နယ်မြေဒေသများမှာမူ ရာသီဥတု ခြောက်သွေ့မှုကို ကြုံတွေ့ နေရသည်။ ထို့အပြင် ယခုနှစ် မိုးမတ်ပဲ စိုက်ပျိုးမှုမှာ ဩဂုတ် ၁ ရက်နေ့အထိ ဟက်တာ ၁.၈၆ သန်း စိုက်ပျိုးပြီးစီးခဲ့ပြီး ယခင်နှစ် ကာလတူ စိုက်ပျိုးမှုနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းခန့် လျော့နည်းနေ ကြောင်း အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

     မြန်မာနိုင်ငံမှ မတ်ပဲ ကုန်သေတ္တာအသစ်များ ဝင်ရောက်လာမှုနှင့်အတူ သိုလှောင်ထားသူ များ အနေဖြင့် ဈေးနှုန်းအမြင့်ဆုံး အခြေအနေကို ကျော်လွန်ခဲ့ချိန်၌ အမြတ်အစွန်းကျန်ရှိစေရေး အတွက် ဈေးကွက်သို့ ထုတ်ရောင်းခဲ့ကြသောကြောင့် ယခင်သီတင်းပတ်၌ မတ်ပဲဈေးနှုန်းများ ကျဆင်းခဲ့သည်ဟု IPGA အသင်းက ဖော်ပြထားသည်။ ဩဂုတ် ၉ ရက်နေ့၌ ကုန်ဆုံးသော ရက် သတ္တပတ်တွင် ဥတာပရာဒေ့ရှ်ပြည်နယ် Lalitpur မြို့၌ မတ်ပဲ ၁၀၀ ကီလိုဂရမ်၏ ဈေးနှုန်းများ သည် ယခင်အပတ်အောက် ရူပီး ၃၅၀ လျော့နည်းလျက် ရူပီး ၆၅၀၀ မှ ၇၁၅၀ အကြားနှုန်းထားဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

Source: Informist Media, 11 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုနှစ်စဉ် လျာထားချက်ထက် လျော့နည်းမည်ဟု မျှော်လင့်

      HANOI ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် 2025 ခုနှစ် ပထမနှစ်ဝက်တွင်အားကောင်းနေသော်လည်း ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် တစ်နှစ်တာ ရည်မှန်းချက် US$ 8ဘီလီယံထက် လျော့နည်း သွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။  
      စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လတွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်ရှိပြီး ယခင်လထက် ၅၀ ရာခိုင်နှုန်း ကျော်မြင့်တက်လာကြောင်းသိရသည်။ယင်းကြောင့်ယခုနှစ်ပထမခြောက်လအတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုစုစုပေါင်းသည် ကန်ဒေါ်လာ ၃.၀၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ခက်ခဲသော ကာလတစ်ခုပြီးနောက်အလားအလာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ပြောကြား ခဲ့သည်။ 
    အသီးအနှံများအထွက်နှုန်း ကောင်းမွန်ပြီးသော်လည်း ထောက်ပံ့ရေးကွင်းဆက်များ ဆက်လက်ရပ်တည်ရန် မကြာခဏ ရုန်းကန်နေရပါသည်။ ၎င်းသည်စျေးနှုန်းဖိအားများ၊ ရိတ်သိမ်း ပြီးနောက်ပိုင်းဆုံးရှုံးမှုများနှင့် ဈေးကွက်ဖြန့်ဖြူးမှုတွင် ပိတ်ဆို့မှုများဖြစ်ပေါ်စေသည်။ သစ်သီးဝလံ  နှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုအနေဖြင့် တရုတ်နှင့်အမေရိကန် တို့အပေါ်မှီခိုနေရဆဲဖြစ်ပြီး စည်းမျဉ်း အပြောင်းအလဲများသို့မဟုတ်ကုန်သွယ်မှုမူဝါဒအပြောင်းအလဲ များနှင့် ကြုံတွေ့နေရသည်။
    သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Nguyen Quang Hieuက ဇွန်လကုန်တွင် ဗီယက်နမ်ဆန်တင်ပို့သူများသည် လိုင်ချီးတန်ချိန် ၄၅၀၀၀ ခန့်တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်၆၀ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် မကြာသေးမီက ဒူးရင်းစိုက်ဧရိယာနှင့် ထုပ်ပိုးမှုဆိုင်ရာ ကုတ်နံပါတ်များကို မကြာသေးမီက အတည် ပြုခဲ့ပြီးကျွဲကောခြံများကို စစ်ဆေးရန်အတွက် ကျွမ်းကျင်သူများကို ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံသို့ စေလွှတ်ကာ တရားဝင် တင်ပို့မှုဆိုင်ရာ သဘောတူညီချက်တစ်ခုသို့ ဦးတည်သွားဖွယ်ရှိကြောင်း သိရှိခဲ့သည်။       ဆက်လက်ပြီး ဗီယက်နမ်နိုင်ငံမှ လိုင်ချီးများကို တရုတ်နှင့်မက္ကဆီကိုနိုင်ငံတို့မှ ထုတ်ကုန် များနှင့်တိုက်ရိုက် နှိုင်းယှဉ်လေ့ရှိကြောင်း သူမက မှတ်ချက်ပြုခဲ့သည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိရန် Hong သည် အစိုးရအား Ha Noi ဓာတ်ရောင်ခြည်ပေးသည့် စင်တာတစ်ခု တည်ထောင်ရန်နှင့် ပို့ကုန် လမ်းကြောင်းများ ကွဲပြားစေရန် ဂျပန်နှင့်တောင်ကိုရီးယားတို့နှင့် စျေးကွက်ညှိနှိုင်းမှု အရှိန်မြှင့်ရန် တိုက်တွန်း ပြောကြားခဲ့သည်။ 
     Vina T&T Group ၏ CEO Nguyen Dinh Tung သည် ရိတ်သိမ်းခြင်းမပြုမီ တစ်လနီးပါးတွင် အမေရိကန်သို့ ကြိုတင်မှာယူမှုများကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် တင်ပြချက် တစ်ရပ်လိုအစီရင်ခံခဲ့ပြီး အမှတ်တံဆိပ်ဂုဏ်သတင်းနှင့်ယုံကြည်စိတ်ချရမှုများအတွက် ဂုဏ်ပြုကြောင်း ၎င်းက ပြောကြားခဲ့ သည်။ ဗီယက်နမ်သစ်သီးများသည် နိုင်ငံတကာ အမှတ်တံဆိပ်အသိအမှတ်ပြုမှု အားနည်းနေသေးကြောင်း၎င်းကအသိအမှတ်ပြုခဲ့သည်။နယူးဇီလန်၊အမေရိကန်နှင့်တောင်ကိုရီးယားတို့ကဲ့သို့ နိုင်ငံများသည် သစ်သီးဆိုင်ရာ အထောက်အထားများ ခိုင်ခိုင်မာမာ ဆက်စပ်နေသော်လည်း ဗီယက်နမ်၏ ပရီမီယံထွက်ကုန်များသည် ကမ္ဘာနှင့်အဝှမ်းတွင် တံဆိပ်ခတ်ခံနေရဆဲဖြစ်ကြောင်း ၎င်းက  ထောက်ပြခဲ့သည်။

DOCA(မန္တလေး)


 

Ethiopian လေကြောင်းလိုင်းသည် နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ ရရှိ

       အာဖရိက၏ ထိပ်တန်းလေကြောင်းလိုင်းဖြစ်သည့် Ethiopian Airlines သည် ဇူလိုင်လ ၇ ရက်နေ့တွင် ကုန်ဆုံးသည့် 2024/2025 ဘဏ္ဍာနှစ်တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ ရရှိခဲ့ကြောင်း သြဂုတ်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Ethiopian Airlines ၏ အမှုဆောင် အရာရှိချုပ် Mesfin Tasew က ဝင်ငွေသည် ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားခဲ့သည်။ စီအီးအို၏ အဆိုအရ၊ နိုင်ငံတကာခရီးသည် ၁၅.၂ သန်းနှင့် ပြည်တွင်းခရီးသည် ၃.၉ သန်းတို့ ပါဝင်သော ခရီးသည် ၁၉.၁ သန်းကို သယ်ယူပို့ဆောင်ခြင်းဖြင့် ဝင်ငွေများရရှိခဲ့ပြီး ကုန်စည်တန်ချိန် ၇၈၅,၀၀၀ ခန့် တင်ဆောင်နိုင်ခဲ့သည်။ လေကြောင်းလိုင်း သည် ယခုနှစ်အတွင်း နိုင်ငံတကာခရီးသည်ဝန်ဆောင်မှုခြောက်ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လေကြောင်းလိုင်း၏ကွန်ရက်သည် နိုင်ငံတကာခရီးနေရာ ၁၄၅ ခုအထိ တိုးချဲ့သွားခဲ့ကြောင်း CEO က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်း၏ တိုးတက်မှုနှင့် အမြတ်အစွန်းကို မြှင့်တင်ရန ်အတွက် ခရီးသည်တင် လေယာဉ်အသစ် ၁၃ စင်းကိုလည်း စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံပိုင် လေကြောင်းလိုင်းသည် ခရီးသည်ဦးရေ တိုးလာနေမှုကို လိုက်လျော ညီထွေဖြစ်စေရန်အတွက် ၂၀၂၆ ခုနှစ်တွင် လေယာဉ် အစင်း ၂၀ ကို ထပ်မံထည့်သွင်းရန် စီစဉ် ထားကြောင်း CEO က ထုတ်ဖော်ပြောကြားခဲ့သည်။ အီသီယိုးပီးယားလေကြောင်းလိုင်းအတွက် အဓိကအချက်အချာဖြစ်သည့် Addis Ababa Bole အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တစ်နှစ ်လျှင် ခရီးသည် ၂၅ သန်းကို မကြာမီ ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း မီးမောင်းထိုး ပြရင်း လေကြောင်းလိုင်းသည် တိုးပွားလာနေသော ခရီးသည်များကို ကိုင်တွယ်ရန်အတွက် Addis Ababa အရှေ့တောင်ဘက် ၄၅ ကီလိုမီတာအကွာတွင် ကြီးမားသောလေဆိပ်စီမံကိန်းကို တည်ဆောက် နေသည်ဟု Tasew မှ ပြောကြားခဲ့သည်။

         DOCA(ရန်ကုန်)

၂၀၂၅ခုနှစ်ပထမနှစ်ဝက်တွင်အ​မြတ်ငွေဒေါ်လာ ၄၈.၇ ဘီလီယံရရှိခဲ့သော ဆော်ဒီရေနံကုမ္ပဏီကြီး Aramco

      Saudi Aramco ဟု လူသိများသော ဆော်ဒီအာရေးဘီးယား ရေနံကုမ္ပဏီသည် ယခုနှစ် ပထမနှစ်ဝက်အတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၈.၇ ဘီလီယံရရှိခဲ့ကြောင်း သြဂုတ်လ ၅ ရက်နေ့က ကြေညာချက်အရသိရသည်။ ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်၊ အသားတင် အမြတ်ကို ခိုင်မာသောငွေသား စီးဆင်းမှု၊ တသမတ်တည်း အစုရှယ်ယာရှင်များ၏ ပေးချေမှုများ နှင့် ခြွင်းချက်ထောက်ပံ့မှု ယုံကြည်စိတ်ချရမှုတို့က ပံ့ပိုးပေးထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ သည်။ Saudi Aramco သည် ဒုတိယသုံးလပတ်အတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၂၂.၇ ဘီလီယံကို မှတ်ပုံတင်ထားပြီး ကုမ္ပဏီသည် အခြေခံအမြတ်ငွေ ၂၁.၁ ဘီလီယံဒေါ်လာနှင့် စွမ်းဆောင်ရည်ဆက်စပ်အမြတ်ဝေစု ဒေါ်လာ ၂၁၉ သန်းတို့ကိုလည်း တတိယသုံးလပတ်တွင် ပေးချေရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။ စျေးကွက်အခြေခံအချက်များခိုင်မာနေဆဲဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ရေနံဝယ်လိုအားသည် ပထမနှစ်ဝက်ထက်တစ်နေ့လျှင် စည်ပေါင်းနှစ်သန်းကျော်ပိုမိုမြင့်မားရန် မျှော်မှန်းကြောင်း Aramco ဥက္ကဌနှင့် CEO Amin H. Nasser ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DOCA(ရန်ကုန်)

လတ်ဗီးယားနိုင်ငံသည် ရေကြီးမှု၊ သီးနှံပျက်စီးမှုများကြားတွင် စိုက်ပျိုးရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့

      ယခုနှစ် စပါးရိတ်သိမ်းမှုကို အနှောက်အယှက်ဖြစ်စေခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၌ နိုဝင်ဘာ ၅ ရက်အထိ အရေးပေါ်အခြေ အနေ ကြေညာခဲ့ကြောင်း သြဂုတ်လ ၅ ရက်နေ့ကကြေညာချက်အရသိရသည်။ လတ်ဗီးယား စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စိုစွတ်သော ရာသီဥတုအခြေ အနေကြောင့် ဒေသအများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ရိတ်သိမ်းချိန်နှောင့်နှေးခြင်းနှင့် သီးနှံ အထွက်နှုန်းများ သိသိသာသာလျော့ကျသွားခြင်းတို့ ဖြစ်ပွားစေခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီး ဌာန ၏ထုတ်ပြန်ချက်အရသိရသည်။ လတ်ဗီးယားနိုင်ငံမှ အဓိကတင်ပို့သည့် စိုက်ပျိုးရေး ထွက်ကုန ဖြစ်သည့် ကောက်ပဲသီးနှံများသည် အထူးအခက်တွေ့နေရသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ထောက်ပံ့ရေး စာချုပ်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းသည် ကဏ္ဍ၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး နိုင်ငံ၏ ပို့ကုန်တင်ပို့မှု တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို ထိခိုက် နိုင်စေကြောင်း သတိပေးသည်။ အစိုဓာတ်လွန်ကဲမှုကြောင့် ကောက်နှံများ၊ ပဲပင်များ၊ အာလူးနှင့် အခြားသီးနှံများ ပုပ်သိုးခဲ့ပြီး ဧရိယာများစွာတွင် သီးနှံများ အညှောင့်မပေါက်နိုင် သို့မဟုတ် ပျက်စီးခြင်းတို့ဖြစ်ပေါ်စေကြောင်းသည်။ စာချုပ်ပါတာဝန်ဝတ္တရားရှိသည့် လယ်သမား အများ အပြားသည် ယခုအခါ ၎င်းတို့ကို မဖြည့်ဆည်းနိုင်တော့ဘဲ ဥပဒေနှင့်ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ် များကို ဖော်ထုတ်နိုင်သည်ဟု ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။ သီးနှံဆုံးရှုံးမှုကြောင့် အချိန်မီ အခွန်မဆောင်နိုင်သော တောင်သူများကို နိုင်ငံတော်အခွန်ဦးစီးဌာနမှ ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့် ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ဘဏ်များအပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ဆိုင်းငံ့ငွေရင်းပေးချေမှုများ၊ အတိုးပြန်လည်ညှိနှိုင်းခြင်းနှင့် ပြစ်ဒဏ်မပေးဘဲ အချိန်ဇယားဆွဲခြင်း ကဲ့သို့သော ထိခိုက်ခံစားရသော တောင်သူလယ်သမားများကို သက်သာခွင့်များပေးနိုင်မည် ဖြစ်ကြောင်းလည်းသိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ