ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်သို့တင်ပို့ရန်အတွက် ကမ္ဘောဒီးယား၏ ဒူးရင်းပြုပြင်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကုမ္ပဏီမျက်စိကျနေ

တရုတ်နိုင်ငံစိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Zhengzhou Chen’s Sun သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် တရုတ်သို့တင်ပို့ရန်အတွက် ဒူးရင်းသီးပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်းသိရပါသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Xuemei Chen က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ Hun Manet နှင့် နိုဝင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌တွေ့ဆုံစဉ် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့်သစ်သီးလုပ်ငန်းတွင် ကြီးမားသောအလားအလာရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် အထူးသဖြင့် ဒူးရင်းပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်းပြောကြားခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ပြီး ဝင်ငွေမြင့်တက်စေကာ လူနေမှုဘဝမြင့်တက်စေနိုင်ကြောင်းသိရသည်။ Hun Manet က ကမ္ဘောဒီးယားစိုက်ပျိုးရေးကဏ္ဍတွင် ကုမ္ပဏီ၏စိတ်ဝင်စားမှုကို ကြိုဆိုကြောင်းနှင့် ယှဉ်ပြိုင်မှုရှိသော နိုင်ငံတကာဈေးကွက်များအတွက် များစွာသော စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်ရန် ကမ္ဘောဒီးယား၏ အလားအလာရှိမှုကိုပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်က ကုမ္ပဏီအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းမိတ်ဖက်များနှင့် နီးကပ်လုပ်ဆောင်ရန်နှင့် အသေးစိတ်ဆွေးနွေးရန် စေ့စပ်ပေးခဲ့ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ပဈေးကွက်များသို့ ထုတ်ကုန်များ တိုးချဲ့တင်ပို့ရန်စီစဉ်

အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga က ဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များအား ပြည်ပသို့ဈေးကွက်တိုးချဲ့မှုအရှိန်မြှင့်တင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ Sambuaga က တင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်သင့်ကြောင်း ၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာတစ်လွှားတွင် ကုန်သွယ်ရေး ကိုယ်စားလှယ် ၄၆ဦးရှိကြောင်းသိရပါသည်။ ၁၉ဦးမှာ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ (ITPC)၊ ကုန်သွယ်ရေးသံမှူး ၂၄ဦး၊ ကုန်သွယ်ရေးအတိုင်ပင်ခံတစ်ဦးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ၁ဦးတို့ဖြစ်ကြောင်းသိရပါသည်။ Sambuaga က အင်ဒိုနီးရှား၏ ကုန်သွယ်ရေးကိုယ်စားလှယ်များသည် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကူညီရန်အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းအချက်အလက်များအရ နိုင်ငံသည် ၂၀၂၀ခုနှစ်၊ မေလမှစ၍ ၄၄လဆက်တိုက် ကုန်သွယ်ရေးပိုငွေရခဲ့ကြောင်းသိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း အင်ဒိုနီးရှားထုတ်ကုန်များတင်ပို့မှု စဉ်ဆက်မပြတ်တိုးချဲ့ရန်အတွက် အစီအစဉ်ရှိနေကြောင်းသိရပါသည်။
Source : Antara News
DOCA(ရန်ကုန်)

Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့

Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့လိုက်ကြောင်း Omoda & Jaecoo ဗီယက်နမ်က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဈေးနှုန်းများကို ပြည်တွင်းတပ်ဆင်မှုမတိုင်မီ ယခုလနှောင်းပိုင်းတွင် ဖော်ပြရန် မျှော်လင့်ရကြောင်းသိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားမှ ယာဉ်များတင်သွင်းမှုအပြင် Omoda & Jaecoo ဗီယက်နမ်သည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီး ၂၀၀၀၀၀ ထုတ်လုပ်နိုင်သည့်စက်ရုံကို Thai Binh ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိကြောင်းသိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၈၀၀ရှိသည့် ထိုစက်ရုံသည် ၂၀၂၆ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး ဗီယက်နမ်၏ မော်တော်ယာဉ်လုပ်ငန်းကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်မည်ဖြစ်ကာ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးနိုင်မည်ဟုသိရပါသည်။ Omoda C 5 နှင့် အခြားမော်ဒယ်များအား ပြည်တွင်းတပ်ဆင်ခြင်းသည် ကုန်ကျစရိတ်များလျှော့ချရန်၊ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် ဗီယက်နမ်သုံးစွဲသူများ၏လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ကူညီနိုင်မည်ဟုသိရပါသည်။ ၎င်းသည် Cherry Group နှင့် ဗီယက်နမ်၏ GELEXIMCO Group တို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်မဟာဗျူဟာမြောက် မှတ်တိုင်တစ်ခုဖြစ်ပြီး မော်တော်ယာဉ်လုပ်ငန်းတွင် တည်ငြိမ်ပြီး ကျယ်ပြန့်သောအနာဂတ်ဆီသို့ ဦးတည်စေကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)

ကက်ရှ်မီးယား ပန်းသီးတင်ပို့မှုသည် နီပေါနှင့် ဘူတန်နိုင်ငံများသို့ပါရောက်ရှိ

Srinagar တွင် လက်ရှိတင်ပို့နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ နီပေါနှင့်ဘူတန်သို့ပါ ကက်ရှ်မီးယားမှ ပန်းသီးများအား တင်ပို့မှုတိုးချဲ့မှုသည် ကက်ရှ်မီးယားပြည်တွင်း သစ်သီးဝလံစိုက်ပျိုးသူများအပေါ် အကောင်းမြင်လာစေသည်။ Sopore Fruit Mandi သည် ကျန်နိုင်ငံများသို့ ပန်းသီးတင်သော ထရပ်ကားများကို နေ့စဉ်ပို့ဆောင်ပေးခြင်းဖြင့် ကျန်ကုန်သွယ်မှုအတွက် ဗဟိုအချက်အချာအဖြစ် ပေါ်ပေါက်လာခဲ့သည်။ Sopore Fruit Mandi ၏ ဥက္ကဋ္ဌ Fayaz Ahmad Malik ၏ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့မှုပမာဏထက်နည်းသော်လည်း ဘူတန်နှင့် နီပေါတို့မှ တင်သွင်းသူများအနေဖြင့် ကက်ရှ်မီးယားပန်းသီးမျိုးကွဲများကို စိတ်ဝင်စားမှုတိုးလာနေကြောင်းသိရသည်။ နီပေါသည် တသမတ်တည်းတင်သွင်းသူဖြစ်ပြီး ဘူတန်သည် မကြာသေးမီက ဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး အဆိုပါပန်းသီးများအတွက် အလားအလာရှိသော ဝယ်လိုအားကိုပြသခဲ့ကြောင်း Malik က မှတ်ချက်ပြုခဲ့သည်။ ဝယ်လိုအားတိုးလာခြင်းကြောင့် နှစ်နိုင်ငံစလုံးတွင် အလားအလာရှိသော ဈေးကွက်ချဲ့ထွင်မှုကိုမျှော်လင့်ထားကြပြီး လာမည့်နှစ်များတွင် ပို့ကုန် ၅၀%ကျော်တိုးလာမည်ဟုခန့်မှန်းထားသည်။ ဘူတန်သည် ကက်ရှ်မီးယားနှင့် အမေရိကန်နှစ်နိုင်ငံလုံးမှ လတ်ဆတ်သော ပန်းသီးများကိုတင်သွင်းရန် စိတ်ဝင်စားကြောင်း မှတ်ချက်ပြုခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် ဘင်္ဂလားဒေ့ရှ်သည် Sopore Fruit Mandi မှ မတ်ထရစ်တန်ချိန် ၃သန်းကျော်ဝယ်ယူတင်သွင်းလျက်ရှိသော တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်သည်။ နီပေါနိုင်ငံမှ အရောင်းကိုယ်စားလှယ် Surjit Kumar သည် ကတ်ရှ်မီးယားပန်းသီးများ၏ အရသာနှင့်အရည်အသွေးကို အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ကာ နီပေါနိုင်ငံအတွင်း ဝယ်လိုအားကြီးထွားလာမှုကို မီးမောင်းထိုးပြခဲ့သည်။
Source : Kashmir Monitor
DOCA(ရန်ကုန်)

ယခုနှစ် ပထမ ၁၀လတွင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ကြေးရှိသော ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှု ကမ္ဘောဒီးယားရရှိ

ယခုနှစ် ပထမ ၁၀လတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိသော ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၄၆ခုကိုခွင့်ပြုခဲ့ပြီး အလုပ်အကိုင် ၂၆၆၀၀၀ ဖန်တီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ စီမံကိန်းအသစ်များသည် အဓိကအားဖြင့် အဝတ်အထည်၊ ခရီးသွားအသုံးအဆောင်နှင့် ဖိနပ်ကဏ္ဍ၊ ဟိုတယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုက်ဒရိုလျှပ်စစ်ပါဝါရုံများ၊ ရေချိုဆိပ်ကမ်းများ၊ ဆိုလာပါဝါစက်ရုံများ၊ စိုက်ပျိုးရေး၊ ဖျော်ဖြေရေးပန်းခြံများ၊ ကားတာယာစက်ရုံးများ၊ SEZ များနှင့် အခြေခံအဆောက်အအုံတို့တွင်ဖြစ်ကြောင်းသိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၂၂၆သန်းတန်ကြေးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁ခုကိုဆွဲဆောင်နိုင်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန၏ သင့်လျော်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဥပဒေတို့သည် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရာ၌ အဓိကအချက်များဖြစ်ကြောင်းနှင့် အထူးသဖြင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးကြီးထွားမှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့တွင် ကူညီရာ၌ အလွန်အရေးပါကြောင်းပြောကြားခဲ့ပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

အာရှသို့ တင်ပို့မှုအရှိန်မြှင့်တင်ရန် ဗီယက်နမ်လုပ်ငန်းများအား ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် တိုက်တွန်း

ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက ဗီယက်နမ်လုပ်ငန်းများသည် အာရှသို့ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုပြုလုပ်ရေးအားထုတ်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် ထောက်ပံ့မှုကွင်းဆက်အသစ်တွင် ပါဝင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ နိုဝင်ဘာလ ၅ရက်နေ့တွင် ကျင်းပခဲ့သော အာရှဈေးကွက်များသို့ ကုန်သွယ်မှုမြှင့်တင်ရေးကွန်းဖရန့်တွင် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဘက်ပေါင်းစုံကုန်သွယ်ရေးမူဝါဒဦးစီးဌာန၏ အာဆီယံဒေသ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Quyen Anh Ngoc က စီးပွားရေးလုပ်ငန်းများအား အခွင့်အရေးများကိုဆုပ်ကိုင်နိုင်ရန်အတွက် သင့်လျော်သောထုတ်လုပ်ခြင်းနှင့် စီးပွားရေးမဟာဗျူဟာဖွံ့ဖြိုးတိုးတက်စေရေးနှင့် လေ့လာသင်ယူရေးအတွက် အစိုးရနှင့် အသင်းအဖွဲ့ များနှင့်ညှိနှိုင်းရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထိုပွဲတွင် RCEP နှင့် အာဆီယံမူဘောင်အတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်မူဘောင်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များအား ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များကို ပြောကြားခဲ့ပါသည်။ RCEP သဘောတူညီချက်ရရှိပြီးနောက် ပင်လယ်စာ၊ အသား၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ တချို့စက်နှင့် စက်အစိတ်အပိုင်းများ၊ အပိုပစ္စည်းများ၊ ကွန်ပျူတာများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ ဖိနပ်၊ အထည်အလိပ်နှင့် ဓာတုပစ္စည်းများပါဝင်သော ဗီယက်နမ်၏ အဓိကပို့ကုန်တချို့မှာ နိုင်ငံများ၏ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်ပို့ကုန်များ၏ အလားအလာနှင့် အခွင့်အရေးများကိုရယူရန် Ngoc က သွင်းကုန်ပစ္စည်းရယူရာ အရင်းအမြစ်ကိုကွဲပြားရန်၊ တင်ပို့ရာဈေးကွက်များတွင် ဦးစားပေးသွင်းကုန်အခွန်နှုန်းထားနှင့် ပိုမိုသင့်လျော်သော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်များကို အသားပေးပြောကြားခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Pham Thu Cuang က ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ မြင့်မားပြီး တည်ငြိမ်သော စီးပွားရေးကြီးထွားမှုသည် စားသုံးမှုနှင့် တင်သွင်းလိုအားမြင့်တက်စေကြောင်းသိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် ကုန်ပစ္စည်းများ အထူးသဖြင့် စားသုံးကုန်ပစ္စည်းများ ဝယ်လိုအားမြင့်တက်လျက်ရှိကြောင်းသိရပါသည်။ နှစ်နိုင်ငံအကြား ပထဝီမြေနေရာနီးကပ်မှုကလည်း သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချနိုင်ကြောင်းသိရပါသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံသည် ကာကွယ်မှုမြင့်မားသောဈေးကွက်ဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဟာလာအသိအမှတ်ပြုလက်မှတ်နှင့် နိုင်ငံတော်စံညွှန်းကိုက်ညီရန်လိုအပ်သည့်အတွက် ထိုလက်မှတ်များလျှောက်ထားရန်လိုအပ်ကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)

အောက်တိုဘာလတစ်လတည်းတွင် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (DC) က စီမံကိန်း ၃၁ခုအတည်ပြု

အောက်တိုဘာလတစ်လတည်းတွင် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် အမေရိကန်ဒေါ်လာ ၂၂၆သန်းတန်ကြေးရှိသည့် စီမံကိန်း ၃၁ခုကိုအတည်ပြုခဲ့ပြီး ပြည်တွင်းမှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၆၀၀၀ ဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀ခုသည် အထူးစီးပွားရေးဇုန်များ (SEZs) တွင်တည်ရှိပြီး ကျန် ၂၁ခုမှာ SEZs ပြင်ပတွင်ရှိကြောင်း CDC က ၅-၁၁-၂၀၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် အခြေခံအဆောက်အအုံနှင့် အဝတ်အထည်၊ ဖိနပ်၊ အိတ်များ၊ အိမ်သုံးပစ္စည်းများ၊ ခရီးသွားအသုံးအဆောင်များ၊ ပရိဘောဂနှင့် အလှဆင်ပစ္စည်း စသည့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍတို့ပါဝင်ကြောင်းသိရပါသည်။ သတင်းအရင်းအမြစ်များအရ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှု၌ ထိပ်ဆုံးကရပ်တည်နေပြီး စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှု၏ ၅၃.၃၉% ရှိကာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ ၂၉.၄၇% ရှိကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

ဘရာဇီးသီးနှံများအတွက် စိုးရိမ်ပူပင်မှုများကြောင့် ကော်ဖီဈေးနှုန်းမြင့်တက်လာ

ဘရာဇီးနိုင်ငံ၏ ပုံမှန်မဟုတ်သော ခြောက်သွေ့သောအခြေအနေများကြောင့် နိုင်ငံ့ကော်ဖီထုတ်လုပ်မှုရပ်တန့်သွားမည်ကို စိုးရိမ်မှုများကြောင့် အင်္ဂါနေ့တွင် ကော်ဖီဈေးနှုန်းများ အတန်အသင့်မြင့်တက်ခဲ့သည်။ Somar Meteorologia ၏ တနင်္လာနေ့ဖော်ပြချက်အရ ဘရာဇီးနိုင်ငံ၏ အကြီးဆုံးအာရေဗီကာကော်ဖီစိုက်ပျိုးသော Minas Gerais တွင် မိုးရေချိန် ၂၇.၄ မီလီမီတာသာရွာသွန်းခဲ့ကြောင်းသိရသည်။ Minas Gerais သည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးအာရေဗီကာ ကော်ဖီထုတ်လုပ်သည့် နေရာဖြစ်ပြီး မိုးခေါင်မှုများကြောင့် ၂၀၂၅-၂၀၂၆ အာရေဗီကာကော်ဖ သီးနှံများအတွက် အလားအလာများကိုလျော့ကျစေသည်။ ဘရာဇီးနိုင်ငံသည် ၁၉၈၁ခုနှစ်မှစ၍ အခြောက်သွေ့ဆုံးရာသီဥတုနှင့်ရင်ဆိုင်နေရကြောင်း သဘာဝဘေးအန္တရာယ်စောင့်ကြည့်ရေးစင်တာ Cemaden မှပြောကြားခဲ့သည်။ ၂၀၂၃-၂၀၂၄ သီနှံနှစ်တွင် ဗီယက်နမ်၏ ကော်ဖီထုတ်လုပ်မှုသည် ၂၀ရာခိုင်နှုန်း ၁၄၇၂ MMT သို့ကျဆင်းသွားကြောင်း ဗီယက်နမ်စိုက်ပျိုးရေးဌာနက မတ်လ ၂၆ရက်နေ့တွင်ပြောကြားခဲ့သည်။ ၂၀၂၄-၂၀၂၅ ဈေးကွက်သစ်တွင် ဗီယက်နမ်၏ robusta ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၃-၂၀၂၄ ရာသီ အိတ် ၂၈သန်းမှ ၂၇.၉ သန်းသို့ အနည်းငယ်ကျဆင်းသွားမည်ဖြစ်ကြောင်း USDA fAS မှ မေလ ၃၁ရက်နေ့တွင် ခန့်မှန်းခဲ့သည်။ ဗီယက်နမ်၏ စက်တင်ဘာလ ကော်ဖီတင်ပို့မှုမှာ -၃၂.၆ ရာခိုင်နှုန်း ၅၁.၃၆၉ MT သို့ကျဆင်းခဲ့ပြီး ဗီယက်နမ် ဇန်နဝါရီ-စက်တင်ဘာကော်ဖီတင်ပို့မှုမှာ -၁၁.၇ ရာခိုင်နှုန်း ၁.၁ MT သို့ကျဆင်းခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာနက အောက်တိုဘာလ ၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
Source:Barchar
DOCA(ရန်ကုန်)

အိန္ဒိယ၏ JSW Steel နှင့် Posco တို့သည် Odisha သံမဏိစက်ရုံတွင် ဒေါ်လာ ၇.၇ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဟု သတင်းအရင်းမြစ်များကဆို

အိန္ဒိယ JSW Steel နှင့် Posco တို့သည် လာမည့်နှစ်များအတွင်း အိန္ဒိယနိုင်ငံရှိ ၎င်းတို့၏အဆိုပြုစက်ရုံတွင် ရူပီးဘီလီယံ ၆၅၀ (ဒေါ်လာ ၇.၇၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သတင်းအရင်းအမြစ်များကပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်က JSW Steel နှင့် Posco တို့သည် တစ်နှစ်လျှင် ကနဦး မတ်ထရစ်တန်ချိန် ၅သန်းထုတ်လုပ်နိုင်သည့် ပေါင်းဖက်သံမဏိစက်ရုံတည်ထောင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစက်ရုံသည် သံသတ္ထုရိုင်းများအထွက်များသော အရှေ့ပိုင်း Odisha ပြည်နယ်တွင် တည်ရှိမည်ဖြစ်သည်။ သဘောတူညီချက်အရ ဘဏ္ဍာရေးအသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိသော်လည်း အဆိုပါစက်ရုံတွင် ကနဦးရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရူပီးဘီလီယံ ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခု၏ ပြောကြားချက်အရသိရသည်။ ကုမ္ပဏီများသည် ထုတ်လုပ်မှုစွမ်းရည်ကို မတ်ထရစ်တန်ချိန် ၁၈သန်းအထိမြှင့်တင်ခြင်းဖြင့် သုံးနှစ်ကြာလည်ပတ်ပြီးနောက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၇.၇၃ ဘီလီယံအထိရှိလာမည်ဖြစ်ကြောင်း အဆိုပါသတင်းအရင်းမြစ်များကပြောကြားခဲ့သည်။ ကမ္ဘာ့ကော်ပိုရေးရှင်းတချို့သည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကိုကွဲပြားစေရန်အတွက် အိန္ဒိယသို့ဦးတည်လာပြီး ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအရှိန်မြင့်လာခဲ့သည်။ ကုမ္ပဏီများသည် စက်ရုံများနှင့် ဂိုဒေါင်အသစ်များထူထောင်နေချိန်တွင် အိန္ဒိယ၏သံမဏိဝယ်လိုအားမြင့်တက်လာခဲ့သည်။ အဆိုပြု ထားသော JSW Steel နှင့် Posco တို့၏ ဖက်စပ်စက်ရုံသည် သံမဏိပြားများနှင့် သွပ်ရည်စိမ်စတီးများထုတ်လုပ်မည်ဟု သတင်းအရင်းမြစ်များကဆိုသည်။
Source:Reuters
DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ပံ့ပိုးကူညီမှုသည် ၁၀နှစ်အတွင်း ၈၅ရာခိုင်နှုန်းမှ ဒေါ်လာ ၃.၅ ဘီလီယံသို့ လျော့ကျသွား

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ပံ့ပိုးကူညီမှုသည် ၂၀၁၃ခုနှစ်တွင် ဒေါ်လာ ၂၅ဘီလီယံမှ ၈၅ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ဒေါ်လာ ၃.၅ ဘီလီယံအထိလျော့ကျသွားခဲ့ကြောင်း တနင်္လာနေ့တွင် တရားဝင်မှတ်ချက်တစ်ခုအရသိရသည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏အစီရင်ခံစာအရ လက်လီဈေးနှုန်းများ၊ အခွန်ဈေးနှုန်းများနှင့် ရွေးချယ်ထားသော ရေနံထွက်ကုန်များအတွက် ထောက်ပံ့မှုများအပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဘဏ္ဍာရေးထောက်ပံ့မှုများကို ၈၅ရာခိုင်နှုန်းအထိလျှော့ချခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ ၂၀၁၄ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာ့ရေနံ ဈေးနိမ့်သောကာလတွင် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် စည်းကြပ်ခွန်များတိုးမြင့်ကောက်ခံခြင်းဖြင့် အခွန်ရငွေများပိုမိုတိုးမြင့်လာခဲ့ကြောင်းသိရသည်။ ထို့နောက် အပိုဝင်ငွေများကို ကျေးလက်နေ ပြည်သူများအတွက် ရေနံဓာတ်ငွေ့ရည် (LPG) သုံးစွဲခွင့်ကိုချဲ့ထွင်နိုင်စေသည့် ပစ်မှတ်ထားသော ထောက်ပံ့ငွေများဆီသို့ ပြန်လည်ဦးတည်ကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များနှင့်လူမှုဖူလုံရေးနှစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ အိန္ဒိယ၏ ရုပ်ကြွင်းလောင်စာထောက်ပံ့မှုပြုပြင်ပြောင်းလဲမှုများသည် ရေရှည်တည်တံ့သောစွမ်းအင်ဆီသို့ အရင်းအမြစ်များကို လမ်းကြောင်းပေးကာ သန့်ရှင်းသောစွမ်းအင်အစာထိုးမှုများအတွက် အုတ်မြစ်ချကာ ပြတ်သားသောပြောင်းလဲမှုကို အမှတ်အသားပြုလျက်ရှိသည်။ ဓာတ်ဆီနှင့်ဒီဇယ်ထောက်ပံ့ကြေးများကို ၂၀၁၀ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ဖြည်းဖြည်းချင်းရပ်ဆိုင်းခဲ့ပြီး ၂၀၁၇ခုနှစ်အထိ လောင်စာဆီအပေါ်တိုင်းတာသည့် အခွန်တိုးမြင့်မှုများရှိကြောင်း အစီရင်ခံစာကဆိုသည်။ အိန္ဒိယသည် ၎င်း၏ ရုပ်ကြွင်းလောင်စာထောက်ပံ့မှုကို ဆက်တိုက်လျှော့ချကာ နေရောင်ခြည်စွမ်းအင်၊ လျှပ်စစ်ကားများနှင့် ပိုမိုအားကောင်းသော စွမ်းအင်လိုင်းများနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် တံခါးဖွင့်ပေးထားကြောင်း ၎င်းကဆိုသည်။
Source:Business-standard
DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ