ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့ရာမှတစ်ဆင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရရှိရန်ရည်မှန်းထားသည့် ဗီယက်နမ်

          သိသာထင်ရှားသည့်ဈေးကွက်တိုးချဲ့နိုင်မှုနှင့် ကြီးထွားမှုတို့ကြောင့် ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ သစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း (VINAFRUIT) ၏ အဆိုအရသိရပါသည်။  ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၁ ဘီလီယံ ရရှိခဲ့သည့် ကဏ္ဍ၏ အားကောင်းသောစွမ်းဆောင်ရည်သည် ထိုရည်မှန်းချက်အတွက် အခြေခံအုတ်မြစ်ဖြစ်စေခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ထုတ်ကုန်များသည် အဓိကဈေးကွက် များတွင် အားကောင်းသည့်‌နေရာ၌ ရပ်တည်နေပြီး လတ်တလောတွင် နိုင်ငံ၏လတ်ဆတ်သော၊ ပြုပြင်ထုတ်လုပ်ထားသော ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် ဈေးကွက် ၆၀ ကျော်၌ တည်ရှိနေ ပြီဖြစ်ကြောင်း သိရပါသည်။ အသင်း၏ဥက္ကဌဖြစ်သူ Nguyen Thanh Binh က ကုန်သွယ်ရေး တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများက ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး ထုတ်ကုန် တင်ပို့မှု အတွက် အဓိကစိန်ခေါ်မှုဖြစ်နေသော်လည်း အဓိကဈေးကွက်များတွင် ဈေးကွက်ဝေစုများ တိုးချဲ့ နိုင်မှုနှင့် နည်းပညာတွင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှုကြောင့် ထိုအမေရိကန်ဒေါ်လာ ၈ ဘီလီယံ တင်ပို့ရန်ရည်မှန်းချက်သည် ဖြစ်နိုင်ချေရှိကြောင်း ပြောကြား ခဲ့ပါသည်။ လုပ်ငန်းများသည်လည်း ထုတ်ကုန်အရည်အသွေးမြှင့်တင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်မှုတို့ အာရုံစိုက်သင့်ကာ ဘက်ပေါင်း စုံလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် များကို လေးစားလိုက်နာမှု ဆက်လက် ထိန်းသိမ်းသင့်ကြောင်း Binh က အကြံပြုခဲ့ပါသည်။ အသင်းသည်လည်း ဈေးကွက်သစ်များ ရှာဖွေရန်၊ အစဉ်အလာဈေးကွက်များသို့ တရားဝင် လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများအရှိန်မြှင့်တင်ရန်နှင့် ကြီးထွားမှုဆက်လက်အားကောင်းစေရန် ဘက်ပေါင်းစုံ ပြန်လည်ဖွဲ့စည်းမှုကို ထောက်ခံကြောင်း Binh ကဆက်လက်ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးက ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်

          ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan သည် ဂျပန်ကုမ္ပဏီများအား ထိုင်းနိုင်ငံ၏မော်တော်ကားနှင့် အခြားထွန်းသစ်စလုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Otaka Masato နှင့် ဇန်နဝါရီလ ၁၀ ရက်နေ့က တွေ့‌ဆုံစဉ်တိုက်တွန်းခဲ့ကြောင်း သိရ ပါသည်။ ဝန်ကြီးက အစိုးရသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်လာသည့်အတွက် ကျေနပ်ကြောင်း၊ ဂျပန်သည်နိုင်ငံ၏ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း၊ အစည်းအဝေးသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်မှု အားကောင်းစေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးသည် မျိုးဆက်သစ်မော်တော်ယာဉ်၊ ဆီမီးကွန်ဒတ်တာလုပ်ငန်းများ၊ AI၊ Printed circuit boards(PCBs)၊ ဒေတာစင်တာများ၊ ဆေးဝါး၊ ဘိုင်အိုနည်းပညာနှင့် စက်ရုပ်တီထွင်မှုနည်းပညာ အစရှိသည့် ဂျပန်ကပိုမိုကြီးထွားလာရန်အလားအလာရှိသည့်ကဏ္ဍများတွင် ဂျပန်ရင်းနှီးမြှုပ်နှံ သူများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်ဆွဲဆောင်ရာတွင် သံအမတ်ကြီးက ပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဗဟို၊ ခေတ်မီထောက်ပံ့မှုကွင်းဆက်အခြေစိုက်နှင့် သဘာဝပတ်ဝန်းကျင်နှင့် သင့်လျှော်သော ကုန်စည်နှင့် ဝန်ဆောင်မှုထုပ်လုပ်သူဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ဝန်ကြီးသည် Toyota Motor Thailand ၏ ဥက္ကဌ ဖြစ်သူ Noriaki Yamashita နှင့်လည်း တွေ့ဆုံခဲ့ပြီး နိုင်ငံအား အရှေ့ တောင်အာရှ မော်တော်ကားထုတ်လုပ်ရာအချက်အချာအဖြစ် မြှင့်တင်မည့် အစိုးရ၏အစီအစဉ် ကိုပြောကြားခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီကလည်း ဝန်ကြီးဌာနအား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များမှတစ်ဆင့် ထိုင်းနိုင်ငံက တင်ပို့ရန် အလားအလာရှိသည့် နိုင်ငံများသို့ ၎င်းတို့၏ပို့ကုန်ဈေးကွက်များ တိုးချဲ့ရာတွင် ကူညီရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးကလည်း ထိုတောင်းဆိုမှုများကို ပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ ဂျပန်နှင့်ထိုင်း နိုင်ငံတို့သည်မူပိုင်ခွင့်တွင် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်းနှင့် ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ Osaka Kansai တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ကုန်စည်ပြပွဲ၌ ထိုင်းထုတ်ကုန်များကို ကြေညာ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

တရုတ်ကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံတွင် ကာတာယာစက်ရုံကို စတင်တည်ဆောက်

          Wanli Tire ကုမ္ပဏီသည် တရုတ်နိုင်ငံမှ Guangzhou Industrial Investment Holdings Group (GIIHG) ၏ထောက်ပံ့မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ Svay Rieng ပြည်နယ်တွင် ကားတာယာစက်ရုံကို ၁၂-၁-၂၀၂၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol မှ အဆိုပါ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ်သည် ကမ္ဘောဒီးယားနှင့်တရုတ်နိုင်ငံတို့အကြားပူးပေါင်း ဆောင်ရွက်မှု၏ ရလာဒ်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝှမ်း အထူးစီးပွားရေးဇုန်များတွင် ကာတယာထုတ်လုပ်ရေးစီမံကိန်း (၆) ခုကို ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အထူးစီးပွားရေးဇုန် ၂၈ ခုရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁.၇ ဘီလီယံခန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၈၃၅ ခုရှိပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်ပေါင်း ၁၉၅,၀၀၀ ခန့် ဖန်တီးပေးထားကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့သည့် ကားတာယာများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၇၇၂.၅ သန်းရှိပြီး ၂၀၂၃ ခုနှစ်အ လားတူကာလ ကန်ဒေါ်လာ ၃၂၈.၂ သန်းမှ ၁၃.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC) မှပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကားတာယာများတင်ပို့မှုတွင် သိသိသာသာတိုးတက်လာမှုသည် ပို့ကုန် တိုးမြှင့်ရေးတွင် နိုင်ငံတော်၏ကြိုးပမ်းအားထုတ်မှုများကြောင့်ဟု ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

လယ်သမားများအား တန်ဖိုးမြင့်ကမ္ဘောဒီးယားဆန်သို့ပြောင်းလဲစိုက်ပျိုးကြရန် (MAFF) တောင်းဆို

          ကမေ္ဘာဒီးယားနိုင်ငံ စိုက်ပျိုး‌ရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က Kratie ပြည်နယ်မှ တောင်သူလယ်သမားများအား Sen Kra Ob ဆန်သို့ပြောင်းလဲစိုက်ပျိုးကြရန် သွားရောက်တွေ့ဆုံအကြံပြု တောင်းဆိုခဲ့သည်။ Im Rachna က Sen Kra Ob ဆန်သည် ၎င်း၏တန်ဖိုးမြင့်မားမှု၊ တည်ငြိမ် သောဈေးနှုန်းနှင့် နိုင်ငံတကာ ဈေးကွက်တွင်ရေးပန်းစားခြင်းတို့ကြောင့် လူသိများကြောင်း တောင်သူများကိုပြောကြားခဲ့သည်။ SKO ဟုလူသိများသော Sen Kra Ob ဆန်သည် တစ်ကီလိုဂရမ်လျှင် ၀.၃၀ ဒေါ်လာခန့်ရှိပြီး လက်ရှိစိုက်ပျိုးနေသည့် OM ဆန်အတွက် တစ်ကီလို ၀.၂၀ ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပိုမို ရရှိကြောင်းနှင့် အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၃ တန်ထွက်ရှိပြီး အခြားမျိုးကွဲဆန် ၅ တန် ထက် ဝင်ငွေပိုရရှိနိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။ Sen Kra Ob ဆန်သည် ရာသီဥတုဒဏ် ခံနိုင်သော ဆန်အမျိုးအစားဖြစ်ပြီး Phka Rumduol ပြီနောက် ကမ္ဘောဒီးယား၏ လူကြိုက် အများဆုံးဆန်မျိုးအစားဖြစ်သည်။

DOCA(ရန်ကုန်)

 

တူရကီနိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် ၃၆.၂ ဘီလီယံ အထိတိုးလာ

                 တူရကီနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ရောင်းအား ၃% တိုးမြှင့်လာခဲ့ပြီး နှစ်စဉ် တင်ပို့မှု တွင် အမြင့်ဆုံးအဖြစ်စံချိန်တင်ခဲ့ကြောင်း ၁၂.၁.၂၀၂၅ ရက်နေ့က အစီအရင်ခံစာတစ်ခု အရသိရ သည်။ တူရကီ ပို့ကုန်လုပ်ငန်းရှင်များညီလာခံ (TIM) မှ Anadolu Agency (AA) မှပြုစုသော အချက် အလက်များအရ အဆိုပါကဏ္ဍ၏ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် ၃၆.၂ ဘီလီယံအထိနှစ်စဉ် ၃.၃% မြင့်တက်လာခဲ့ကြောင်းသိရသည်။ ထို့ကြောင့် တူရကီလယ်ယာ ထွက်ကုန်ဝယ်လိုအားသည် တစ်နှစ် ပတ်လုံးအားကောင်းနေဆဲဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှု နှင့် အစားအစား ဘေးကင်းရေး ပြသာနာ များပိုမိုပျံနှံ့လာချိန်တွင် နိုင်ငံအား ယုံကြည် စိတ်ချရသောထောက်ပံ့ပေးသူအဖြစ် ရှုမြင်စေကြောင်း အဆိုပါကဏ္ဍ၏ ကိုယ်စားလှယ်များ ထံမှသိရသည်။ တူရကီ၏ ပို့ကုန်တင်ပို့မှုစုစုပေါင်းတွင် စိုက်ပျိုး ရေးကဏ္ဍ၏ ရှယ်ယာသည် ၁၆ % ရှိကြောင်းအချက်အလက်များက ဖော်ပြသည်။ တစ်ချိန်တည်းတွင် စိုက်ပျိုးရေး နယ်ပယ်တွင်လုပ်ကိုင်နေသောကဏ္ဍ ၁၀ ခုအနက်မှနှစ်ခုသည် ၎င်းတို့၏ တစ်နှစ်တာ တင်ပို့မှုအမြင့်ဆုံးကိုရောက်ရှိခဲ့သည်။ ထို့ကြောင့် ယမန်နှစ်က သစ်သီးနှင့် ဟင်းသီးဟင်းရွက် ထွက်ကုန်များတင်ပို့မှုမှာ ကန်ဒေါ်လာ ၂.၇ ဘီလီယံရှိပြီး သစ်သီးခြောက်နှင့် ထုတ်ကုန်များ တင်ပို့မှုမှာ ကန်‌ဒေါ်လာ ၁.၈၅ ဘီလီယံကျော် တန်ဖိုးရှိသည်။ စံချိန်တင်တင်ပို့သောနိုင်ငံများမှာ ဂျာမနီနှင့် အမေရိကန်တို့ဖြစ်သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍတွင်ဒေါ်လာ ၆၃၇ သန်းဖြင့်တင်ပို့ မှုတွင် ဦးဆောင်နေပြီး အနောက်ပိုင်း Izmir ပြည်နယ်သည် သစ်သီးခြောက်နှင့် ဟင်းသီးဟင်းရွက် ခြောက်ကဏ္ဍတွင် ဒေါ်လာ ၄၈၁.၆ သန်းဖြင့်ရပ်တည်လျှက်ရှိသည်။ လာမည့်နှစ်များတွင် လယ်ယာထွက်ကုန်တင်ပို့မှုသည် ကန်ဒေါ်လာ ၄၀ ဘီလီယံအထိ ရောက်ရှိရန်ရည်မှန်းထားကြောင်း အစ္စတန်ဘူလ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် တင်ပို့ ရောင်းချသူများအသင်းဘုတ်အဖွဲ့ ဥက္ကဌ Melisa Tokgaz Mutiu မှအလေးပေးပြောကြားခဲ့ပြီး အဆိုပါရည်မှန်းချက်ကို အကောင်အထည် ဖော်ရန်အတွက် ကဏ္ဍတွင်ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှုရှိစေရန်၊ ရာသီဥတုနှင့်လိုက်လျော ညီထွေဖြစ်သောစိုက်ပျိုးရေးမူဝါဒ များကိုချမှတ်ကာ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်လုပ်မှုနည်းလမ်းများကို ဖြန့်ကြက်ရန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

ဗီယက်နမ်နိုင်ငံ၏ ဆန်ပို့ကုန်စျေးသည် ၄ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ကျဆင်း

          ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅ % ၏ စျေးသည် လေးနှစ်အတွင်းအနိမ့်ဆုံးအဆင့်ဖြစ်သော တစ် တန်လျှင်ကန်‌ဒေါ်လာ ၄၃၄ သို့ကျဆင်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် လယ်သမားများအတွက် စိန်ခေါ်မှုများဖြစ်လာစေသည်။ နိုင်ငံ၏ ဆန်ကွဲ ၅ %  စျေးနှုန်းသည် အဓိက ယှဥ်ပြိင်သူများဖြစ်ကြ သော ထိုင်း(တစ်တန်လျှင် ၄၇၉ ဒေါ်လာ)၊ အိန္ဒိယ(တစ်တန်လျှင် ၄၄၀ ‌‌ဒေါ်လာ)၊ ပါကစ္စတန် (တစ်တန်လျှင် ၄၄၈ ဒေါ်လာ) တို့ထက်ကျဆင်းလျှက်ရှိကြောင်း ဗီယက်နမ် စားနပ်ရိက္ခာ အသင်း၏ အဆိုအရသိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ နှစ်သစ်ကူး ပြီးနောက် ရိတ်သိမ်းမည့် နွေစပါးသီးနှံနှင့် ပက်သက်၍ စိုးရိမ်ကြောင်း၊ စျေးနှုန်းများဆက်တိုက် ကျဆင်းမှုကြောင့် သွင်းအားစုကုန်ကျစရိတ် ကြီးမြင့်ကာဆုံးရှုံးမှုများဖြစ်မည်ကို စိုးရိမ်ကြောင်း၊ စျေးနှုန်းများကျဆင်းမှုကြောင့်ကုန်သည်များ လယ်သမားများနှင့်စာချုပ်ချုပ်ဆိုရန် ချီတုံချတုံဖြစ်လျှက်ရှိကြောင်း Can Tho မြို့ရှိလယ်သမား တစ်ဦးဖြစ်သော Hoang ၏ ပြောကြားချက်အရသိရသည်။ An Giang မှ ဆန်တင်ပို့ရောင်းချသည့် လုပ်ငန်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးမှ ၎င်း၏ကုမ္ပဏီသည် ၂၀၂၅ ခုနှစ် ပထမနှင့်ဒုတိယ လပတ်များ အတွက် စာချုပ် အသစ်များမှာ နှောင့်နှေးခဲ့ကြောင်း၊ ကုမ္ပဏီသည်ချုပ်ဆိုထားသော စာချုပ်များကို သာ အာရုံစိုက် လျှက်ရှိကြောင်းပြောကြားခဲ့သည်။ ဗီယက်နမ်၏ ဆန်တင်ပို့မှုစျေးနှုန်းများသိသိ သာသာကျဆင်းရခြင်းမှာ အဓိကဆန်တင်သွင်းသည့်နိုင်ငံများမှ တင်သွင်းမှုလျှော့ချရန်မူဝါဒများ ချမှတ်ခြင်း၊ စျေးနှုန်းကြီးမြင့်သောဝယ်ယူမှုများကို ရှောင်ရှားခြင်းနှင့် ၂၀၂၅ ခုနှစ်တွင် ဆန်တင်သွင်းမှု ရပ်ဆိုင်းရန် အစီအစဥ်များကြေညာခြင်း အပါအဝင် အခြားအချက်များ ကြောင့်ဖြစ်သည်ဟု သိရသည်။ အိန္ဒိယမှ ဆန်တင်ပို့မှုကိုပြန်လည် စတင်ရန်မကြာသေးမှီက ဆုံးဖြတ်ချက်သည် ၎င်း၏ ပေါများသော ထောက်ပံ့မှုနှင့် ပြိုင်ဆိုင်မှုရှိသော စျေးနှုန်းနှင့်အတူ ဗီယက်နမ်အပါအဝင် ကမ္ဘာ့စျေးကွက်ကိုသိသိ သာသာ ထိခိုက်စေခဲ့သည်။ ဖိလစ်ပိုင်သည် အိန္ဒိယဆန်များအားပိုမိုတင်သွင်းရေး စာချုပ်များချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်းသိရ သည်။ အမေရိကန်စိုက်ပျိုးရေးဌာန၏ အဆိုအရ ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့မှုမှာ သိသိသာသာ တိုးလာဖွယ်ရှိပြီး ထုတ်လုပ်မှုမှာ ယခင်ခန့်မှန်းချက် ထက် တန်ချိန် ၃.၁ သန်းထိ စံချိန်တင်အမြင့်ဆုံးရှိမည်ဟုခန့်မှန်းထားကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

 

ကမ္ဘောဒီးယားသည်၂၀၂၄ ခုနှစ်တွင် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၉၁ သန်း ရရှိခဲ့

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန် ၆၅၁,၅၂၂ တန် တင်ပို့ခဲ့ပြီး စုစုပေါင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၉၁ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၁၁.၁.၂၀၂၅ ရက်‌နေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုမ္ပဏီပေါင်း ငါးဆယ့်ခုနစ်ခု သည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၆၈ နိုင်ငံသို့ ဆန်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် ကုန်စည်၏ အဓိကဝယ်ယူသူများအနက်မှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသေးကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ အရှေ့တောင်အာရှနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဆန် ၁၁၇၉၂၅ တန် တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၇၅ ဒသမ ၆ သန်းရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဆန်တင်ပို့မှုရဲ့ ၇၆ ဒသမ ၁၅ ရာခိုင်နှုန်းက ဆန်မွှေး၊ ၁၈ ဒသမ ၇ ရာခိုင်နှုန်းက ဆန်ဖြူ၊ ၃ ဒသမ ၁ ရာခိုင်နှုန်းက ပြုတ်ဆန်၊ ၁ ဒသမ ၇၈ ရာခိုင်နှုန်းက အော်ဂဲနစ်ဆန်ဖြစ်ပြီး ၀.၂၇ ရာခိုင်နှုန်းက တခြားဆန်အမျိုးအစားတွေ ဖြစ်ပါတယ်” ဟု CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ပြောသည်။ ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန၏ လက်ထောက် အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Im Rachna က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေး ထွက်ကုန်များအတွက် အဓိကစျေးကွက်တစ်ခုဖြစ်ကြောင်း တရုတ်နှင့်တခြားမိတ်ဆွေနိုင်ငံများမှ နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များအား ဝယ်ယူမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပြီး ပြည်သူများ အထူးသဖြင့် တောင်သူ လယ်သမားများအတွက် အကျိုးကျေးဇူးများစွာရရှိစေကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

 

အာဖဂန်အစိုးရသည် အမေရိကန်ဒေါ်လာ ၄၂ သန်းတန်ဖိုးရှိ ပရောဂျက် ၁၇ ခုကို အတည်ပြုခဲ့

အာဖဂန် အိမ်စောင့်အစိုးရ၏ အမျိုးသားဝယ်ယူရေးကော်မရှင်သည် မကြာသေးမီက အာဖဂန်နစ္စတန်နိုင်ငံမှ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂ သန်းခန့်) တန်ဖိုးရှိ စီမံကိန်း ၁၇ ခုကို ထောက်ခံခဲ့ကြောင်း စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အတည်ပြုထားသော စီမံကိန်းများတွင် နိုင်ငံတော် မြို့တော် Kabul ရှိ Arghandi သယ်ယူပို့ဆောင်ရေး ဂိတ်တည်ဆောက်မှု၊ အနောက်ပိုင်း Herat ပြည်နယ်တွင် ကုန်စည်ပို့ဆောင်ရေး ယာဉ်ရပ်နားရန်နေရာများ ဖွဲ့စည်းခြင်း၊ Aqina-Andkhoy နှင့် Turgundi မီးရထားလမ်း စီမံကိန်းများ ပြုပြင်ခြင်း၊ ကန်ဒါဟာ တောင်ပိုင်းရှိ ဖိုက်ဘာအေပတစ် ကွန်ရက်များ တိုးချဲ့ခြင်း၊ Helmand နှင့် အနောက် Farah ပြည်နယ်များနှင့် အခြားသော စီမံကိန်းများပါဝင်သည်။ အဆိုပါ စီမံကိန်းများသည် ဒေသခံ သိန်းနှင့်ချီ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပေးဆောင်ရန် မျှော်လင့်ထားကြောင်း အဆိုပါရုံးမှ သိရသည်။ကော်မရှင်သည် ယမန်နှစ်နိုဝင်ဘာလတွင် ဒေါ်လာ ၇၃ သန်းကျော်တန်ဖိုးရှိ ဝယ်ယူရေးပရောဂျက် ၂၇ ခုကို လိုင်စင်ထုတ်ပေးခဲ့သည်။ အာဖဂန် အိမ်စောင့်အစိုးရသည် စစ်ပွဲဒဏ် ခံခဲ့ရသော နိုင်ငံတဝှမ်းတွင် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်အတွက် ၎င်း၏ပြည်တွင်းဘတ်ဂျက်ဖြင့် ဖွံ့ဖြိုးတိုးတက် ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များကို အကောင်အထည်ဖော်ရန် စီစဉ်လျက် ရှိကြောင်းသိရသည်။

DOCA(ရန်ကုန်)

အင်ဒိုနီးရှား-ပါကစ္စတန်ပူးပေါင်းဆောင်ရွက်မှုအတွက်အဓိကဦးစားပေးကဏ္ဍ ၄ ခုရှိ

          အင်ဒိုနီးရှားနိုင်ငံစီးပွားရေးနှင့်စက်မှုလုပ်ငန်းအသင်း (Kadin) ၏ဥက္ကဌဖြစ်သူ Anindya Bakrie က အစားအစာဖူလုံရေး၊ စွမ်းအင်ဖူလုံရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးတို့သည် ပါကစ္စတန်နှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် အဓိကဦးစားပေးကဏ္ဍ ၄ ခုဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးဖြစ်သူ Ameer Khurram Rathore နှင့် ပြုလုပ် ခဲ့သည့် အစည်းအဝေးတွင်‌ ပြောကြားခဲ့ကြောင်း သိရပါသည်။ Bakrie က ၎င်းတို့သည်နှစ်နိုင်ငံ အကြား အနီးကပ်အလုပ်လုပ်ကြရန်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်းနှင့် ပါကစ္စတန်သည် မူစလင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကာကွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စွမ်းအင်ကဏ္ဍ တို့တွင် အားကောင်းသောကြောင့် ထိုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်‌‌ ကြောင်းပြောကြားခဲ့ပါသည်။ ထိုအစည်းအဝေးတွင် သံအမတ်ကြီးက သြဂုတ်လတွင် နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးဆောင်ရွက်မှုများနှင့် ကုန်စည်ပြပွဲများပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် Kadin သည် ပါကစ္စတန်မှစီးပွားရေးအသင်းအဖွဲ့များနှင့် အပြန်အလှန် ကုန်သွယ်မှု အရှိန်မြှင့်တင်ရန် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရပါသည်။ Bakrie က နှစ်နိုင်ငံစလုံးသည်ဖွံဖြိုးဆဲနိုင်ငံများဖြစ်ကြာင်း၊သက်ဆိုင်ရာစီးပွားရေးသာမက ကုန်သွယ်ရေး တိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် ပါကစ္စတန်အပါအဝင် ဈေးကွက် လမ်းကြောင်းသစ်များ ရှာဖွေလျှက်ရှိကြောင်းနှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် ကြီးမားသောလုပ်ငန်းများသာမက MSME လုပ်ငန်းများအတွက်ပါ အကျိုးရှိစေ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ် Rathore ကလည်း အင်ဒိုနီးရှား နှင့်ပါကစ္စတန် တို့သည် ဘာသာရေးနှင့် ယဉ်ကျေးမှု ဆက်နွယ်မှုအားကောင်းကြောင်း၊ Kadin ဥက္ကဌ၏ ဦးဆောင်မှုနှင့်အတူ နှစ်နိုင်ငံကြားကုန်သွယ်ရေးချိတ်ဆက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာ နိုင်ကြောင်း ပြော ကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ အထွေထွေစာရင်းအင်းအေဂျင်စီး၏ အဆိုအရ အင်ဒိုနီးရှားနိုင်ငံ သည် ပါကစ္စတန်နိုင်ငံထံမှ ကုန်သွယ်ရေးပိုငွေရရှိလျှက်ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံသည် ပါကစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံတန်ဖိုး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂၉ သန်းတန်ဖိုးပြန်လည် တင်သွင်း ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ကုန်သွယ်ရေးနှင့်ရင်နှီးမြှုပ်နှံမှုသည် ဗီယက်နမ်-ယူကေ ဆက်ဆံရေးတွင် အရေးပါသော ဒေါက်တိုင်တစ်ခုအဖြစ် ရှိနေ

          ဗီယက်နမ်နှင့် ယူကေတို့သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း အား ၎င်းတို့၏ဗျူဟာမြောက်မိတ်ဖက်ဖွဲ့မှုတွင် အရေးပါသောဒေါက်တိုင်အဖြစ် သတ်မှတ် ထားပြီး လာမည့်အချိန်များတွင်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် စီမံချက်များ ချမှတ်မှု အရှိန်မြှင့်တင်သွားမည်ဟု သိရပါသည်။ ထိုအချက်ကို ယူကေဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးဖြစ်သူ Do Minh Hung နှင့် ယူကေစီးပွားရေးနှင့်ကုန်သွယ်ရေးဌာန ဝန်ကြီး Douglas Alexander တို့၏ အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် စီးပွားရေးပူးပေါင်း‌ဆောင်ရွက်မှု အလားအလာနှင့် ပူးတွဲ စီးပွားရေးနှင့်ကုန်သွယ်ရေးကော်မတီကဲ့သို့သော အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု ယန္တယား များ အကောင်အထည်ဖော်မှုအရှိန်မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြပြီး ယူကေ-ဗီယက်နမ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး အနီးကပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် CPTTP အဖွဲ့သို့ ယူကေ၏ဝင်ရောက်မှုနှင့်အတူ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အခွင့်အလမ်းများ ကို ရှာဖွေရန်သဘောညီခဲ့ကြကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန်နှင့် စီးပွားရေးကြီးထွားမှု ရည်မှန်းချက်များ အောင်မြင်ရေးကြိုးပမ်းမှုပြုလုပ် သွားမည်ဖြစ်ပြီး Just Energy Transition Partnership ၏ မူဘောင်အတွင်း စွမ်းအင်အသွင်ကူးပြောင်းမှု ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့် တင်ရန် အာမခံခဲ့ကြကြောင်း သိရပါသည်။ ယူကေသည် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဟုန်သစ်ဖန်တီးရန် ဟိုချီမင်းမြို့တော်တွင် နိုင်ငံတကာဘဏ္ဍာရေးစင်တာ တည်ထောင်မည့် ဗီယက်နမ်ကို ပံ့ပိုး သွားမည်ဟု သိရပါသည်။ သံအမတ် Hung ကလည်း ဗီယက်နမ်၏ လူမှုစီးပွားအောင်မြင်မှု များနှင့် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် GDP ကြီးထွားနှုန်း ၇.၀၉ ရာခိုင်နှုန်းရှိခဲ့သည့် နိုင်ငံ၏အားကောင်းသောစီးပွားရေးနှင့် ပတ်သတ်၍ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်၏ တံခါးဖွင့်စီးပွားရေးသည် အဓိကကမ္ဘာ့ဈေးကွက်များသို့  လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ၁၇ ခုမှတစ်ဆင့် ချိတ်ဆက်ထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် နှစ်စဉ်ကြီးထွား လျှက်ရှိပြီး  ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ တန်ဖိုးရှိခဲ့ကာ ၂၀၂၄ ခုနှစ်က ထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်မှ ယူကေသို့အဓိကပို့ကုန်များ တွင် ကွန်ပြူတာများ၊အီလတ်ထရောနစ်ထုတ်ကုန်များနှင့်အစိတ်အပိုင်းများ၊သစ်သီးနှင့်ဟင်းသီး ဟင်းရွက်များ၊ ငရုတ်ကောင်း၊ ကော်ဖီ၊ ရာဘာထုတ်ကုန်များ၊ မုန့်မျိုးစုံထုတ်ကုန်များ၊ စက်ပစ္စည်း များနှင့်အစိတ်အပိုင်းများ၊ စတီးလ်၊ စာရွက်များ၊ သစ်ထုတ်ကုန်များနှင့် အဝတ်အထည်နှင့်အထည် အလိပ်တို့ပါဝင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ