ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ပဲမျိုးစုံ တင်သွင်းမှု ကျဆင်းခဲ့ခြင်း

     အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုးမှာ ၄ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျဆင်းခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှု ကနဦးခန့်မှန်းစာရင်းများအရ ပဲမျိုးစုံတင်သွင်းမှုမှာ တန်ဖိုးအားဖြင့် ရူပီးငွေ ၁၅၇၈၀.၇၃ ကုဋေရှိပြီး ယခင်နှစ်တင်သွင်းမှုတန်ဖိုး ရူပီး ၁၆၆၂၇.၅၈ ကုဋေနှင့် နှိုင်းယှဉ်ပါက ၅.၀၉% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာငွေတန်ဖိုးအရမူ ယခုနှစ် ပဲမျိုးစုံတင်သွင်းမှုသည် ဒေါ်လာ ၁.၉၄ ဘီလီယံရှိပြီး ယခင်နှစ် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂.၂၂ ဘီလီယံအောက် ၁၂.၇၉% လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

      အိန္ဒိယ၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲမျိုးစုံတင်သွင်းမှုတွင် ပဲစင်းငုံသည်  ယခင်နှစ်တင်သွင်းမှု တန်ချိန် ၈.၄၀ သိန်းထက် ပိုမိုလျက် တန်ချိန် ၈.၇၅ သိန်းခန့်ရှိကြောင်း၊ အလားတူ ပဲနီလေးကိုလည်း ယခင်နှစ်တင်သွင်းမှု တန်ချိန် ၆.၆၇ သိန်းထက် ပိုမိုလျက် တန်ချိန် ၇.၇၃ သိန်းကျော် တင်သွင်းခဲ့ကြောင်း၊ သို့ရာတွင် ယခင်နှစ်၌ မတ်ပဲတန်ချိန် ၆.၁၁ သိန်းတင်သွင်းခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၅.၁၂ သိန်းခန့်၊ ကုလားပဲတင်သွင်းမှု တန်ချိန် ၁.၄၀ သိန်းရှိရာမှ ယခုနှစ်၌ ၅၉၂၅၅ တန်၊ မြေထောက်ပဲမှာ တန်ချိန် ၁.၃၇ သိန်း တင်သွင်းခဲ့ရာမှ ယခုနှစ် ၉၀၇၀၄ တန်နှင့် ပဲလွမ်းတင်သွင်းမှု ၇၁၈၉၀ တန်ရှိရာမှ ယခုနှစ် ၃၂၉၈၉ တန် အသီးသီး လျော့နည်းတင်သွင်းခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ လတာအတွင်း သွင်းကုန်မညီမျှမှုနှင့် အစိုးရ၏ ကြားဝင်ဆောင်ရွက်ချက်များကြောင့် ပဲစင်းငုံနှင့် မတ်ပဲ တင်သွင်းမှုမှာ နှောင့်နှေးမှုများရှိနေခဲ့ကြောင်းဖြင့် IGrain India ပဲမျိုးစုံရောင်းဝယ်ရေး ကုမ္ပဏီမှ ဒါရိုက်တာ Mr. Rahul Chauhan က ပြောဆိုပါသည်။

    အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တန်ချိန် ၂၂ သန်း ရှိရာမှ နှစ်စဉ်တိုးတက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂၇.၈၁ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းကာလအတွင်း အဓိကအားဖြင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၉.၉ သန်း မှ တန်ချိန် ၁၃.၆ သန်းသို့ တိုးတက်လာခြင်းဖြစ်ကြောင်း၊ အလားတူ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃.၃ သန်းမှ ၃.၆ သန်းသို့ တိုးတက်ခဲ့ကြောင်း၊ မတ်ပဲထုတ်လုပ်နိုင်မှုမှာမူ တန်ချိန် ၃ သန်းမှ ၂.၆၈ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပြည်ပမှ ပဲမျိုးစုံဝယ်ယူတင်သွင်းမှု တန်ဖိုးသည် ၂၀၁၈-၂၀၁၉ ခုနှစ်၌ ရူပီးငွေ ၈၀၃၅ ကုဋေရှိရာမှ ၄ နှစ်တာအတွင်း တဖြည်းဖြည်း တိုးတက်လျက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရူပီးငွေ ၁၆၆၂၈ ကုဋေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အိန္ဒိယ Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 20 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ပြောင်းဈေးနှုန်းများ အခြေခံရည်ညွှန်းဈေးအောက် ကျဆင်းလျက်ရှိ

အိန္ဒိယနိုင်ငံတွင် ပြောင်းဈေးနှုန်းများမှာ အစိုးရက ထောက်ပံ့ပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သည့် တစ်ကွင်တယ်လျှင် ၁၉၆၂ ရူပီးအောက်သို့ လျော့နည်းကျဆင်းနေသော်လည်း အရှေ့တောင်အာရှနှင့် ပင်လယ်ကွေ့ဒေသများသို့ သင်္ဘော တင်ပို့ရန်အတွက်မူ အရှိန်ယူနေရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သောရက်သတ္တ ၂ ပတ်တာကာလအတွင်း ပြောင်းဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့မှုနှင့်တူ အိန္ဒိယပြောင်းကုန်သည်များသည် ဈေးကွက်တည်ငြိမ်လာစေရန် စောင့်ဆိုင်းလျက်ရှိကြသည်။ အဓိကဈေးကွက်ဖြစ်သော ကာနာတာကာ ပြည်နယ်၊ ဒါဗန်ဂီရီတွင် ကုန်သည်အများစု အရောင်းအဝယ်ပြုလုပ်နေသည့် စံပြဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၁၈၅ဝ သို့ ကျဆင်းလျက်ရှိသဖြင့် လက်ရှိကာလတွင် တင်ပို့သူများက ၁ တန်လျှင် ၂၅ ဒေါ်လာ လျော့ချလျက် သင်္ဘောပေါ် အရောက် FOB ဈေးနှုန်း ၁ တန်လျှင် ၂၈ဝ နှုန်းဖြင့် ကမ်းလှမ်းလျက်ရှိသည်။

သို့ရာတွင် တိရစ္ဆာန်အစားအစာများ၊ ကော်မှုန့်နှင့် အီသနောတို့၏ ပြည်တွင်းဝယ်လိုအား မြင့်တက်လာမှုကြောင့် ပြောင်းတင်ပို့မှုမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ပြောင်းဈေးနှုန်းများမှာ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း မြင့်တက် လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြသည်။ ပြောင်းဈေးနှုန်းများကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆောင်းသီးနှံရာသီ၌ စိုက်ပျိုးသည့် ပြောင်းရိတ်သိမ်းမှု များပြားလာခြင်းကြောင့်ဖြစ်ပြီး အထွက်ပမာဏသည်လည်း အစိုးရက ခန့်မှန်းထားသည့် တန်ချိန် ၃၄.၆၁ သန်းထက် ပိုမိုလာနိုင်ကြောင်း သိရှိရပါသည်။ 

အိန္ဒိယနိုင်ငံတွင် လက်ရှိကမ်းလှမ်းထားသော ပြောင်းဈေးနှုန်းများမှာ ပါကစ္စတန်နိုင်ငံ ကဲ့သို့သော အာရှဒေသတွင်း ဈေးကွက်ယှဉ်ပြိုင်ဖက်နိုင်ငံများထက် နိမ့်ကျနေသော်လည်း ပို့ကုန်ဝယ်လိုအားမှာမူ ပြန်လည်အားကောင်းစေရန် အရှိန်ယူနေရဆဲ ဖြစ်သည်။ လယ်ယာထွက်ကုန် တင်ပို့သူများအသင်း၏ ဥက္ကဌဖြစ်သူ Mr. M Madan Prakash က ဝယ်သူများက ဈေးဆစ်နေကြသဖြင့် ဗီယက်နမ်ဆိပ်ကမ်းများတွင် အိန္ဒိယနိုင်ငံမှ တင်ပို့လိုက်သော သင်္ဘောများမှာ သောင်တင်နေကြကြောင်း၊ ကုန်မှာယူမှု သေချာခိုင်မာသောသင်္ဘောများသာ အိန္ဒိယနိုင်ငံမှ ထွက်ခွာလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မွန်ဘိုင်းမြို့အခြေစိုက် MuBala Agro လီမိတက်မှ ဒါရိုက်တာဖြစ်သူ Mr. Mukesh Singh ကလည်း အိန္ဒိယနိုင်ငံတွင် ပြောင်းဈေးနှုန်းများမှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ၃ဝ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း၊ ကုန်သည်များမှာ ဈေးကွက်တည်ငြိမ်မှု မရှိမချင်း စွန့်စား၍ အရောင်းအဝယ်ပြုလုပ်ရန် စိုးရွံ့နေကြခြင်းကြောင့် ပို့ကုန်ဝယ်လိုအားမှာ နှေးကွေး တုံ့ဆိုင်းလျက်ရှိကြောင်း ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံမှ ထွက်ရှိသည့်ပြောင်းအပေါ် ဝယ်လိုအားသည် ကမ္ဘာ့ဈေးကွက်အခြေအနေအရ လိုက်ပါပြောင်းလဲလျက်ရှိပြီး ကမ္ဘာ့တစ်ဝန်း အရောင်းပြတ်လပ်နေသည့်အချိန်တွင်သာ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အိန္ဒိယဈေးကွက်မှ ကမ်းလှမ်းသည့် ဈေးနှုန်းအပေါ်တွင်လည်း မူတည်ကြောင်း၊ လာမည့်လများအတွင်း ရှေးရိုးစဉ်လာ ပြောင်းတင်ပို့သည့်နိုင်ငံများဖြစ်သည့် ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံများတွင် ပြောင်းရိတ်သိမ်းသည့်ရာသီ ရောက်ရှိတော့မည်ဖြစ်၍ အိန္ဒိယပြောင်းအပေါ် ဝယ်လိုအား လျော့နည်းသွားနိုင်ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်နိုင်ငံသည်လည်း ယှဉ်ပြိုင်စွမ်းအား မြင့်မားလာလျက်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ပြောင်းပို့ကုန်အခွင့်အလမ်းမှာ ကာလတိုသာဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယကုန်သည် လုပ်ငန်းရှင်များက ပြောကြားပါသည်။

ကမ္ဘာ့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများမှာ အီသနောအရောင်းလျော့နည်းကျဆင်းမှုနှင့် ဝယ်လိုအားများပြားမှုကြောင့် ၂ လကြာမြင့်တက်လျက်ရှိသည်။ သင်္ဘောတင်ခနှုန်းထားများ ကျဆင်းမှုနှင့်အတူ အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု ဈေးနှုန်းမှာ တစ်တန်လျှင် ၅ ဒေါ်လာ မှ ၁ဝ ဒေါ်လာသို့ ရောက်ရှိသင့်ကြောင်း၊ တောင်အာဖရိကမှ ထုတ်လုပ်မှုမှာလည်း ယခုနှစ်အတွင်း မြင့်တက်ခဲ့သဖြင့် အိန္ဒိယ၏ အာဖရိကသို့ ပြောင်းတင်ပို့မှုအလားအလာအပေါ် ထိခိုက်ခဲ့ကြောင်း လေ့လာသူများမှ သုံးသပ်ထားသည်။

အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ထုတ်လုပ်ပြီး စားသောက်ကုန် ပြည်ပတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ၏ ကိန်းဂဏန်းများအရ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ အိန္ဒိယနိုင်ငံ၏ပြောင်းတင်ပို့မှုမှာ တန်ချိန် ၂၈.၆ သိန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၉၃၁ သန်းရှိခဲ့ပြီး ၎င်းပမာဏအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၅ သိန်းနှင့် ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅.၇ သိန်း အသီးသီးတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 18 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပရီမီယံအရည်အသွေး မရှိခြင်းကြောင့် အိန္ဒိယကုန်သည်များက စားအုန်းဆီဝယ်ယူမှု လျော့ချ

အိန္ဒိယနိုင်ငံတွင် စားသုံးဆီဝယ်ယူတင်သွင်းသူများသည် နှစ်ပေါင်းများစွာကာလအတွင်း ပထမဆုံးအကြိမ်အနေဖြင့် စားအုန်းဆီတန်ချိန် ၇၅၀၀၀ ဝယ်ယူမည့် စာချုပ်များကို ပယ်ဖျက်ခဲ့ပြီး နေကြာဆီနှင့် ပဲပုပ်ဆီတို့ကဲ့သို့ အဆင့်မြင့်စားသုံးဆီများကို ပြောင်းလဲရွေးချယ်လာကြသည်ဟု အိန္ဒိယဆီလုပ်ငန်းရှင် ၅ ဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

ပုံမှန်အားဖြင့် စားအုန်းဆီကို အခြားအဆင့်မြင့်စားသုံးဆီများထက် ဈေးနှုန်းသက်သာစွာ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်သော်လည်း ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်မှုကန့်သတ်ချက်များ ဆောင်ရွက်ခြင်းက စားအုန်းဆီကို အဆင့်မြင့်စားသုံးဆီ ဈေးနှုန်းအဆင့်ရောက်ရှိစေပြီး နေကြာဆီနှင့် ပဲပုပ်ဆီများ၏ ဝယ်ယူသူများအား ဆွဲဆောင်မှုကို ပိုမိုဖြစ်ပေါ်လာစေပါသည်။

ယင်းအခြေအနေတွင် အချို့သောအိန္ဒိယဝယ်လက်များသည် မေလအတွင်း သင်္ဘောတင်ဆောင်ရာ၌ စားအုန်းဆီကိုလျော့ချလျက် အဆင့်မြင့်စားသုံးဆီများကို တိုးမြှင့်တင်သွင်းရန် ဆောင်ရွက်လာကြကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးကွက် ပေါက်ဈေးအပေါ် ဈေးနှုန်းတစ်ရပ် သတ်မှတ်ပြီး ဝယ်ယူသူက ရောင်းချသူထံ ပြန်လည်ရောင်းချသည့်စနစ်ဖြင့် စားအုန်းဆီအရောင်းအဝယ်စာချုပ်များကို ပယ်ဖျက်ရန် နှစ်ဖက်သဘောတူညီမှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ အဆင့် ဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုလျော့ချခြင်းသည် မလေးရှားစားအုန်းဆီဈေးနှုန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့၏ ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ ဖြစ်စေ မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။

အိန္ဒိယဟင်းသီးဟင်းရွက်ဆီ လုပ်ငန်းနယ်ပယ်၌ အရောင်းအဝယ်သဘောတူညီမှုများ ဖျက်သိမ်းခြင်းမှာ ယခင်ကအလွန်နည်းပါးကြောင်း၊ ပယ်ဖျက်သည့်ပမာဏမှာလည်း တန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်သာရှိကြောင်း၊ ယခုကဲ့သို့ စားအုန်းဆီ ဝယ်ယူမှု ပမာဏများပြားစွာ ပယ်ဖျက်သည့်အကြောင်းအရင်းမှာ ထူးခြားသည့်ဈေးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ လွန်ခဲ့သောလများအတွင်း နေကြာဆီ၊ ပဲပုပ်ဆီကဲ့သို့ အဆင့်မြင့်စားသုံးဆီဈေးနှုန်းများ ကျဆင်းခဲ့ချိန်၌ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ အဆင့်မြင့်စားသုံးဆီ‌ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့် လျော့နည်းခဲ့သော်လည်း ရှေ့လာမည့် မေလအတွင်း သင်္ဘောတင်မည့် စားအုန်းဆီဈေးနှုန်းသည် ဒေါ်လာ ၃၀ မျှသာ လျော့နည်းတော့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမှာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဈေးကွက်ရာသီတွင် တစ်လပျမ်းမျှ တန်ချိန် ၈၇၉၀၀၀ ခန့် ရှိသော်လည်း လာမည့်မေလအတွင်း တင်သွင်းမည့် စားအုန်းဆီပမာဏမှာ တန်ချိန် ၇၀၀၀၀၀ သို့ လျော့ကျဖွယ်ရှိကြောင်း အိန္ဒိယကုန်သည်များက ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူတင်သွင်းလျက်ရှိပြီး ပဲပုပ်ဆီနှင့် နေကြာဆီကို အာဂျင်တီးနား၊ ဘရာဇီး၊ ရှရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကတင်သွင်းကြောင်း သိရှိရသည်။

Source: Reuters, 19 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ သကြားထုတ်လုပ်မှု ၅.၄ ရာခိုင်နှုန်းကျဆင်းခြင်း

အိန္ဒိယနိုင်ငံတွင် ကြံရရှိမှု အကန့်အသတ်ရှိခြင်းနှင့် သကြားစက်ရုံများ အစောပိုင်းကာလ၌ပင် ပိတ်သိမ်းခဲ့ရခြင်းတို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့က စတင်ခဲ့သော ၂၀၂၂-၂၀၂၃ ခုနှစ် ထုတ်လုပ်ရောင်းဝယ်ရေးရာသီတွင် သကြားတန်ချိန်ပေါင်း ၃၁.၁ သန်းသာ ထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက  ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

သကြားအထွက်ကျဆင်းခြင်းက အိန္ဒိယနိုင်ငံအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ရောင်းဝယ်ရေးရာသီတွင် သကြားအား ထပ်ဆောင်းတင်ပို့ရန် ပိုလျှံမှုမရှိတော့ကြောင်း၊ သကြားထုတ်လုပ်မှု အများဆုံးဖြစ်သည့် မဟာရပ်ရှ်ထရာပြည်နယ်ရှိ စက်ရုံများ အပါအဝင် လက်ရှိရာသီတွင် လည်ပတ်မှုစတင်ခဲ့သော စက်ရုံပေါင်း ၅၃၂ ရုံအနက် စက်ရုံ ၄၀၀ ရုံမှာ လည်ပတ်မှုရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း၊ မဟာရပ်ရှ်ထရာပြည်နယ်၏ သကြားထုတ်လုပ်မှုမှာ ယခင်နှစ်တွင် တန်ချိန် ၁၃.၇ သန်း ရှိခဲ့သော်လည်း ယခုနှစ်၌ တန်ချိန် ၁၀.၅ သန်းသာရှိ၍ ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း အိန္ဒိယသကြားစက်ရုံလုပ်ငန်းများအသင်း (ISMA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့နိုင်မှု မရှိခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကျော် သကြားအများဆုံး ရောင်းဝယ်ဖောက်ကားမှုရှိခဲ့သော ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ မြှင့်တက်လာစေနိုင်ပြီး ပြိုင်ဘက်နိုင်ငံများဖြစ်သည့် ဘရာဇီးနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သကြားတင်ပို့မှုကို တိုးမြှင့်ရန် အခွင့်အရေးများ ရရှိစေမည်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ရာသီတွင် အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၅.၈ သန်း ရှိပြီး ပြည်ပသို့ တန်ချိန် ၁၁.၂ သန်းတင်ပို့နိုင်ခဲ့ရာ အဓိကအားဖြင့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဆူဒန်၊ ဆိုမာလီယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ISMA အဖွဲ့သည် ယခင်က ၂၀၂၂-၂၀၂၃ ထုတ်လုပ်ရောင်းဝယ်ရေးရာသီ၌ သကြားတန်ချိန် ၃၆.၅ သန်း ထွက်ရှိရန် ခန့်မှန်းထားရာမှ  ဇန်နဝါရီလနှောင်းပိုင်းတွင် ၇ ရာခိုင်နှုန်းလျော့ချလျက် တန်ချိန် ၃၄ သန်းခန့်သာ ထွက်ရှိနိုင်တော့မည်ဖြစ်ကြောင်း ပြင်ဆင်ခန့်မှန်းထားသည်။

Source:  Economic Times, Apr 18, 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ပဲစဉ်းငုံနှင့် မတ်ပဲ သိုလှောင်ထားရှိမှုများအား အစိုးရက စောင့်ကြည့်စစ်ဆေးလျက်ရှိ

ပြည်တွင်း၌ မတ်ပဲနှင့် ပဲစဉ်းငုံများ၏ သိုလှောင်ထားရှိမှု လက်ကျန်အခြေအနေများ သိရှိရန်အတွက် အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနမှ  အကြီးတန်းအရာရှိ ၁၂ ဦးသည် ကာနာတကာ၊ မဒ္ဒရာ ပရာဒေ့ရှ်၊ မဟာရသျှတရနှင့် တမီနာဒူပြည်နယ်များရှိ ချန်နိုင်း၊ မွန်ဘိုင်း ဆိပ်ကမ်းမြို့များ အပါအဝင် နယ်မြေဒေသ ၁၀ ခုသို့ ၁၅-၄-၂၀၂၃ နေ့မှ စတင်သွားရောက်လျက် ပဲမျိုးစုံ သိုလှောင်ရောင်းဝယ်သူများနှင့် ဈေးကွက်များသို့ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

အိန္ဒိယစားသုံးသူရေးရာဦးစီးဌာန၏ ၁၇-၄-၂၀၂၃ နေ့ သတင်းထုတ်ပြန်ချက်တွင် အဆိုပါ ကွင်းဆင်းလေ့လာမှုများမှ အစိုးရ၏ ကုန်စည်အချက်အလက်စင်္ကြန် (e-portal) တွင် ကုန်သည်လုပ်ငန်းရှင်များ၏ မှတ်ပုံတင်မှုနှင့် သိုလှောင်ထားသည့် ကုန်လက်ကျန် ထုတ်ဖော်ကြေညာမှုတို့မှာ များပြားလာသည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ဈေးကွက်အတွင်း ပါဝင်လုပ်ကိုင်သူများစွာသည် မှတ်ပုံတင်ရန် ကျန်ရှိနေသကဲ့သို့ မှတ်ပုံတင်ပြီးသူများစွာသည်လည်း ၎င်းတို့လက်ဝယ် သိုလှောင် ထားရှိသော ပဲပမာဏကို ပုံမှန်ပြင်ဆင်မှု လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ လေလံစနစ်ဖြင့် ရောင်းချရန် ကုန်စည်ဒိုင်များသို့ အပ်နှံထားသည့် တောင်သူများ၏ ကုန်စည်များနှင့် ဆိပ်ကမ်းများ၌ အကောက်ခွန်ရှင်းလင်းဆဲ ကုန်စည်များကဲ့သို့ လမ်းခုလတ်၌ ကျန်ရှိနေသည့် ပဲများသည် လက်ရှိစောင့်ကြည့်ကြပ်မတ်မှု ယန္တရားအောက်တွင်မရှိပဲ ကင်းလွတ်နေကြောင်း၊ အချို့သော စက်ပိုင်/ကုန်သည်များသည် ကုန်လက်ကျန် ထုတ်ဖော်ကြေညာရခြင်းမှ ရှောင်တိမ်းရန်အတွက် ၎င်းတို့၏ ပဲလက်ကျန်များကို တောင်သူများ၏အမည်ဖြင့် သိုလှောင်ရုံများတွင် ဖြန့်ခွဲထားရှိသည်ကို တွေ့ရှိရကြောင်း၊ အကြီးတန်းအရာရှိများသည် ကုန်သည်များ၊ စက်ပိုင်များ၊ ပဲတင်သွင်းသူများနှင့် တွေ့ဆုံလျက် ကုန်လက်ကျန်စာရင်း ထုတ်ဖော်တင်ပြခြင်း၏ အရေးပါမှုနှင့် အစိုးရ၏ အချက်အလက်စင်္ကြန်သို့ ပုံမှန်စာရင်းတင်ပြရန် ပညာပေးဆွေးနွေးခဲ့ကြောင်း၊ ပဲလက်ကျန်များကို တရားဝင်ထုတ်ပြန်ကြေညာမှု မရှိပါက ၎င်းပဲလက်ကျန်များအား ပြည်နယ်အစိုးရများ၏ သိမ်းယူခြင်းကဲ့သို့သော တင်းကျပ်သည့် ဥပဒေစည်းမျဉ်းများဖြင့် အရေးယူခံရမည်ဖြစ်သည်ကို အသိပေးခဲ့ကြောင်း၊ ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် ပဲစင်းငုံများ တင်သွင်းလျက်ရှိသော တဲလန်ဂါနာ၊ ရာဂျပ်စတန်၊ အန္တရာပရာဒေ့ရှ်နှင့် ကာနာတကာ ပြည်နယ်များရှိ လုပ်ငန်းရှင်များအနေဖြင့် တင်သွင်းလာသည့်ပဲများအား  အမှန်တကယ် မျက်မြင်သိုလှောင်ထားရှိရာ ပြည်နယ်၌ မှတ်ပုံတင်ရမည်ဖြစ်သည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်းဖြင့် ဖော်ပြထားပါသည်။

အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနသည် ၎င်း၏ e-portal ကုန်စည်အချက်အလက်စင်္ကြန်  (https://fcainfoweb.nic.in/psp/) ကို လုပ်ငန်းရှင်များ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်မွန်းမံမှုများကို လုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲ ကွင်းဆင်းလေ့လာမှုများ ပြုလုပ် ရန်   စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: Press Information Bureau of India, 17 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပဲစင်းငုံနှင့်မတ်ပဲ ကုန်လက်ကျန်စာရင်း တင်ပြမှုမရှိလျှင် အရေးယူရန် အိန္ဒိယအစိုးရကညွှန်ကြား

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ လက်ဝယ်သိုလှောင်ထားရှိမှုကို ထုတ်ဖော်ကြေညာရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရ၏အချက်အလက်စင်္ကြန်စနစ်၌ လုပ်ငန်းရှင်များ၏ ကုန်လက်ကျန်ထုတ်ဖော်တင်ပြမှုအခြေအနေအပေါ် သုံးသပ် ဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်ကို ၁၂-၄-၂၀၂၃ နေ့တွင် ကျင်းပရာ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနမှ အတွင်းဝန် Mr. Rohit Kumar Singh နှင့် ပဲမျိုးစုံ အဓိကစိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုရှိသည့် ပြည်နယ်များဖြစ်သော အန္တရာပရာဒေ့ရှ်၊ ဒေလီ၊ ဂူဂျရတ်၊ ကာနာတကာ၊ မဒ္ဒရာပရာ‌ဒေ့ရှ်၊ မဟာရဋ္ဌ၊ ရာဂျပ်စတန်၊ တမီနာဒူနှင့် ဥတာပရာ‌ဒေ့ရှ်တို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် အိန္ဒိယစားသုံးသူရေးရာဦးစီးဌာန၏ ကုန်လက်ကျန်အချက်အလက်စင်္ကြန်သို့ ဝင်ရောက်မှတ်ပုံတင်ပြီးသည့် လုပ်ငန်းရှင်အရေအတွက်နှင့် ၎င်းတို့ထုတ်ဖော်ကြေညာထားသည့် ပဲစင်းငုံနှင့်မတ်ပဲကုန်ချိန်ပမာဏတို့ကို ပြည်နယ်အလိုက် ပြန်လည်သုံးသပ်ခြင်း၊ ကုန်လက်ကျန်စာရင်း ထုတ်ဖော်တင်ပြမှုရှိစေရေး အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်ရမည့် နယ်မြေဧရိယာများ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်အချို့တွင် အမှန်တကယ် မှတ်ပုံ တင်ရမည့် လုပ်ငန်းအရေအတွက်မှာ ပိုမိုများပြားဖွယ်ရှိသည်ဟု တွေ့ရှိရကြောင်း၊ အချို့သောပြည်နယ်များ၌ ထုတ်ဖော်ကြေညာထားသည့် ပဲစင်းငုံ သိုလှောင်ရုံလက်ကျန် ပမာဏသည် ၎င်းဒေသတွင်း ထုတ်လုပ်မှုနှင့် စားသုံးမှုပမာဏများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ဈေးကွက်အတွင်း ပါဝင်မှုရှိသူများအားလုံးကို လွှမ်းခြုံမှုရှိစေရန်အတွက် စားသောက်ကုန် FSSAI လိုင်စင်၊ လယ်ယာထွက်ကုန်ရောင်းဝယ်မှု APMC မှတ်ပုံတင် လက်မှတ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် GST မှတ်ပုံတင်လက်မှတ်နှင့် သိုလှောင်ရုံလုပ်ငန်းများ၏ အချက်အလက်များကို ကြည့်ရှုစစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့များသို့ လမ်းညွှန်ခဲ့ကြောင်း၊ ထို့ အပြင် ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားကြောင်း တင်ပြသည့် ပမာဏအား တိုက်ဆိုင်စစ်ဆေးမှုပြု ရန်နှင့် အစိုးရ၏ အချက်အလက်စင်္ကြန်သို့ ဖော်ပြခြင်းမရှိသော ကုန်စည်ပမာဏအတွက် ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည်အက်ဥပဒေ သို့မဟုတ် ၁၉၈၀ ပြည့်နှစ် မှောင်ခိုတားဆီးရေးနှင့် အရေး ကြီးကုန်စည် ထောက်ပံ့ထိန်းသိမ်းမှု အက်ဥပဒေအရ သင့်လျော်သည့် အရေးယူမှုများ ဆောင်ရွက် ရန် ညွှန်ကြားခဲ့ကြောင်းဖြင့် အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာန၏ ၁၂-၄-၂၀၂၃ နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ပဲစင်းငုံ သိုလှောင်ထားရှိမှု မြေပြင်အခြေအနေကို သိရှိနိုင်ရန်အတွက် အဓိကစိုက်ပျိုး ထုတ် လုပ်သည့် နယ်မြေများ၊ ကုန်သွယ်ရောင်းဝယ်သည့် ဒေသများသို့ ကွင်းဆင်းစစ်ဆေးရန် အဆင့်မြင့် အရာရှိ ၁၂ ဦးအား အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Source: Press Information Bureau of India, 12 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၌ လုပ်ကွက်ငယ် တောင်သူများ၏ ဆီအုန်းစိုက်ပျိုးမှုကို မြှင့်တင်မည်

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကွက်ငယ်တောင်သူများ ဆီအုန်းစိုက်ပျိုးနိုင်ရေးအစီအစဉ် (Program for Smallholders’ plantation-PSR) ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

၁၂-၄-၂၀၂၃ နေ့တွင် ကျင်းပသည့် ၂၀၂၃-၂၀၂၈ ကာလအတွက် အင်ဒိုနီးရှားစားအုန်းဆီအသင်း ပြင်ဆင်ဖွဲ့စည်းမှုအခမ်းအနား၌ အင်ဒိုနီးရှားနိုင်ငံဒုတိယသမ္မတ Mr. Ma’ruf Amin က လုပ်ကွက်ငယ်တောင်သူများ ဆီအုန်းစိုက်ပျိုးနိုင်ရေး အစီအစဉ်သည် စားအုန်းဆီလုပ်ငန်းတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ကြောင်း၊ စားအုန်းဆီ ထုတ်လုပ်မှုတိုးတက်ခြင်းဖြင့် နိုင်ငံသားများ၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆီအုန်းစိုက်ပျိုးမှုဧရိယာ စုစုပေါင်း ဟက်တာ ၁၆.၃၈ သန်းခန့်ရှိရာ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုသည်လည်း တစ်နှစ်လျှင် ၂.၂ ဘီလီယံတန် ရှိလာပြီး ဇီဝဒီဇယ် ထုတ်လုပ်မှုကို အခြေခံသည့် စားအုန်းဆီက လောင်စာဆီအပေါ်မှီခိုရမှုအား လျော့ကျစေကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှုနှင့် တင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာပြီးနောက် ကမ္ဘာ့ဈေးကွက်တွင် ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် ယနေ့အထိ ရင်ဆိုင်နေရသဖြင့် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်၊ လုပ်ကွက်ငယ်တောင်သူများ စသည့် ဆက်စပ်ပါဝင်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ PSR အစီအစဉ်ကို ယခုအချိန် စတင်နိုင်ခြင်းမရှိပါက အနာဂါတ်ကာလ၌ စားအုန်းဆီလုပ်ငန်းအပေါ် အင်ဒိုနီးရှားနိုင်ငံ၏ လွှမ်းမိုးနိုင်မှုစွမ်းအား ကျဆင်းနိုင်မည်ကြောင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Syahrul Yasin Limpo ကလည်း အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုတွင် ၅၉% ၊ ကမ္ဘာ့စားအုန်းဆီတင်ပို့မှု၌  ၅၄% နှင့် ကမ္ဘာ့ စားအုန်းဆီသုံးစွဲမှု စုစုပေါင်းတွင် ၁၁% ပါဝင်သည့်အတွက် ပြည်တွင်းစားအုန်းဆီ လိုအပ်ချက်နှင့် ကမ္ဘာ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် အရေးပါသည့်ကဏ္ဍမှပါဝင်ကြောင်း၊ စားအုန်းဆီအသင်းအနေဖြင့် ထုတ်လုပ်မှုနှင့် ထုတ်လုပ်နိုင်စွမ်းအား တိုးမြှင့်နိုင်ရေးကို အလေးထား ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက်အစီအစဉ်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် ပြန်လည်စိုက်ပျိုးသည့် အစီအစဉ်တစ်ခုဖြစ်သော လုပ်ကွက်ငယ်တောင်သူများ ဆီအုန်းစိုက်ပျိုးနိုင်ရေး PSR အစီအစဉ် အကောင်အထည်ဖော်ရေးကို သိရှိထားရန် လိုအပ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း စီရင်စု ၂၁ ခုတွင် ဆီအုန်းပြန်လည်စိုက်ပျိုးမှု ဟက်တာပေါင်း ၁၈၀၀၀၀ ခန့် စိုက်ပျိုးနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ထပ်ဆင့်ရှင်းလင်း ပြောဆို ပါသည်။

အင်ဒိုနီးရှား စားအုန်းဆီအသင်းကို  ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၃) ဦး၊ အတွင်းရေးမှူးများ၊ ငွေစာရင်းတာဝန်ခံများနှင့် ကဏ္ဍအလိုက်တာဝန်ခံများဖြင့် ဖွဲ့စည်းထားပြီး အသင်းဥက္ကဋ္ဌ Mr. Eddy Martono အပါအဝင် ဘုတ်အဖွဲ့ဝင် ၇၉ ဦးရှိကြောင်း သိရှိရပါသည်။

Source: Indonesia Palm Oil Association, 12 April, 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်၏ပုစွန်တင်ပို့မှုမှာ ယခုနှစ်တွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရ

ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှာ ယခုနှစ်တွင် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဈေးနှုန်းကျဆင်းမှုဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့ထုတ်လုပ်သူများအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr. Trương Đình Hòe က ပြောကြားခဲ့ပါသည်။

၂ဝ၂၃ ခုနှစ် ပထမသုံးလပတ်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှာ ၄ဝ% ကျဆင်းလျက် ဒေါ်လာ ၅၇၇ သန်းသို့ ရောက်ရှိခဲ့သည်။ ၂ဝ၂၂ ခုနှစ်အကုန်ပိုင်းမှ စတင်၍ ကမ္ဘာ့ဈေးကွက်တွင် ပုစွန်ဈေးနှုန်းများမှာ တဖြည်းဖြည်းကျဆင်းလာပြီး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလအကုန်ပိုင်း၌ အိန္ဒိယပုစွန်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင်ငွေ ၁၁ဝဝဝဝ (၄.၅၃ အမေရိကန်ဒေါ်လာ) သို့ ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ့ပုစွန်ရောင်းလိုအား တန်ချိန် ၆ သန်းခန့် ရှိလာသည့်အချိန်တွင် ပုစွန် ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းရပါသည်။

ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ပုစွန်ကုန်ကြမ်းဈေးနှုန်းမှာမြင့်တက်လာသဖြင့် ပြည်ပပို့ကုန်ပြုပြင်ထုတ်လုပ်သောလုပ်ငန်းများအတွက် အခက်အခဲဖြစ်ပေါ်စေခဲ့ပါသည်။ မဲခေါင်မြစ်ဝှမ်းဒေသတွင် ပုစွန်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၇ဝဝဝဝ နီးပါးသို့ ရောက်ရှိခဲ့ပါသည်။ ပုစွန်အစာဈေးနှုန်းမှာ မွေးမြူရေးစရိတ်တွင် ၆၅% ကျော်ပါဝင်နေခြင်းကြောင့် ပုစွန်မွေးမြူထုတ်လုပ်မှုစရိတ်မှာ မြင့်မားလျက်ရှိကြောင်း၊ ထို့အပြင် မျိုးပုစွန်အများစုမှာလည်း ပြည်ပမှ တင်သွင်းနေရသဖြင့် ပုစွန်သားပေါက်မျိုးဈေးနှုန်း မြင့်မားနေကြောင်းနှင့် ထုတ်လုပ်သူများအနေဖြင့် ပုစွန်မွေးမြူရေးကန်များ၏ ရေထုညစ်ညမ်းမှုအတွက်လည်း စရိတ်ပိုမိုကျခံနေရကြောင်းဖြင့် ကျွမ်းကျင်သူများက ပြောဆိုပါသည်။

လတ်တလောနှစ်ကာလများတွင် ပုစွန်သားပေါက်ထုတ်လုပ်ရေးစီမံကွပ်ကဲမှုမှာ အရည်အသွေးအကဲဖြတ်မှုစံချိန်စံညွှန်းများနှင့် စံသတ်မှတ်ချက်များလျော့ရဲနေပြီး ပုစွန်ထုတ်လုပ်မှုကိုစစ်ဆေးထိန်းသိမ်းနိုင်မှုမရှိကြောင်း၊ ထို့အပြင် အရည်အသွေး ပြည့်မီသည့် ပုစွန်သားပေါက်များ လုံလောက်မှုမရှိသဖြင့် ပုစွန်အရည်အသွေး မြှင့်တင်နိုင်မှုမရှိပဲ နိမ့်ကျလျက်ရှိကြောင်း၊  အီကွေဒေါနှင့် အိန္ဒိယတို့ကဲ့သို့သော ပြိုင်ဖက်နိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင် လုပ်ကိုင်ရာတွင် ဗီယက်နမ် ပုစွန်လုပ်ငန်း အနေဖြင့် ဤသို့သောအခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်းဖြင့် Mr. Hòe က ပြောကြားပါသည်။

ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် ပုစွန်မွေးမြူထုတ်လုပ်မှုစရိတ်ကို လျော့နည်းစေရန်နှင့် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ဝင်ဆံ့ကာ ဈေးကောင်းရရှိနိုင်သော ပုစွန်များကို ထုတ်လုပ်နိုင်ရန် စီမံကွပ်ကဲခြင်း၊ ရောဂါကင်းစင်ပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိမည့် အရည်အသွေးကောင်းမွန်သော ပုစွန်သားပေါက်များကို ထုတ်လုပ်ခြင်းနှင့် ရှေးရိုးစဉ်လာဈေးကွက်ကို ဆက်လက်ထိန်းသိမ်းပြီး ထိုးဖောက်ရလွယ်ကူသည့်ဈေးကွက်များသို့ ချဲ့ထွင်တင်ပို့ခြင်းတို့ကို လုပ် ဆောင်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်  ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ပုစွန်လုပ်ငန်းကဏ္ဍ၌ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပြီး လျာထားသည့် မွေးမြူရေးဧရိယာဟက်တာ ၇၅ဝဝဝဝ မှ ပုစွန်တန်ချိန် ၁.ဝ၈ သန်း ထုတ်လုပ်တင်ပို့လျက် ပို့ကုန်ရငွေ ဒေါ်လာ ၄.၃ ဘီလီယံ ရရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ဗီယက်နမ် ငါးပုစွန်မွေးမြူရေး  ပညာရှင်များက ပြောဆိုလျက်ရှိကြပါသည်။

ဗီယက်နမ်နိုင်ငံသည် ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုးရီးယားနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်သို့ ပုစွန်တင်ပို့လျက်ရှိကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ် ၂ ခု အတွင်း ပုစွန်လုပ်ငန်းကဏ္ဍသည် နှစ်အလိုက် ပျမ်းမျှအားဖြင့် ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၄ဝ%-၄၅% ခန့် ရှိခဲ့ကြောင်းနှင့် ဗီယက်နမ်၏ပုစွန်တင်ပို့မှုသည် ကမ္ဘာ့ပုစွန် ဈေးကွက်တွင် တန်ဖိုးစုစုပေါင်း၏ ၁၃%-၁၄% ရှိကြောင်း သိရှိရပါသည်။

Source: Vietnam News, 17 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်အဓိကဝယ်ယူသူ ဖိလစ်ပိုင်အနေဖြင့် ၂၀၂၇ တွင် ဖူလုံစေရေး ရည်မှန်းဆောင်ရွက်

တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ ဆန်အများဆုံးဝယ်ယူသည့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ကောက်ပဲသီးနှံထုတ်လုပ်မှုအား အပြည့်အဝဖူလုံရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဧပြီ ၁၈)တွင် ပြောကြားခဲ့သည်။

မှားယွင်းသည့် မူဝါဒများနှင့် ဆိုးရွားသောရာသီဥတုဒဏ်တို့ကြောင့် ပြည်တွင်းကုန်ထုတ် စွမ်းအား လျော့နည်းခဲ့သဖြင့် ယခင်အစိုးရများလက်ထက်တွင် ရည်မှန်းချက်အောင်မြင်ရန် ပျက် ကွက်ခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက အဆိုပါကတိကဝတ် ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းဆန်ဖူလုံမှု မြှင့်တင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နှစ်စဉ် ဆန်တန်ချိန် ၃ သန်းကျော်ကို ဗီယက်နမ်နိုင်ငံထံမှ အဓိက ဝယ်ယူတင်သွင်းလျက်ရှိသည်။

သမ္မတဖာဒီနန်မာကို့စ်ဂျူနီယာ၏ အစိုးရအဖွဲ့သည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးအပါအဝင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ပြန်လည်မွမ်းမံထားသော ငါးနှစ်စီမံကိန်းတွင် မဟာဗျူဟာများ ထည့်သွင်းရေးဆွဲခဲ့ကြသည်။ သမ္မတ၏ ခြောက်နှစ်သက်တမ်းမကုန်ဆုံးမီ တစ်နှစ်အလို သို့မဟုတ် ၂၀၂၇ ခုနှစ်တွင် ဆန်အပြည့်အဝ ဖူလုံရန် ကြိုးပမ်းနေကြောင်း စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစီအစဉ်အရ ပြည်တွင်း၌ နှစ်စဉ်ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၂၄.၉၉ သန်း မှ ၂၆.၈၆ သန်းအတွင်း တည်ငြိမ်လျက်ရှိပြီး အစိုးရအနေဖြင့် နှစ်စဉ် ဆန်ဈေးနှုန်းများ  ၁% အောက်သာ မြင့်တက်မှုရှိစေရန်၊ တောင်သူများ၏ ဝင်ငွေ ၅၄% တိုးလာရန်နှင့် လုံလောက်သော အရန်ရိက္ခာ သိုလှောင်ထားရှိရန် ရည်မှန်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းဆန်ဖူလုံမှုမှာ လုံလောက်မှုရှိပါကြောင်း၊ ပြင်းထန်ခြောက်သွေ့သောရာသီဥတုဖြစ်ပေါ်နိုင်သည့် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်မှုများကိုလျော့ပါးစေရန် ကြိုးပမ်းနေကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစားအစာကုန်ကျစရိတ်များကြောင့် ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းကို ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်အစိုးရအနေဖြင့် ဆန်ရရှိမှုကို အဟန့်အတားမဖြစ်စေနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ဆန်စပါးသိုလှောင်ရေးအေဂျင်စီဖြစ်သည့် အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင်အနေဖြင့် အရန်ဆန်သိုလှောင်မှုပမာဏတွင် လိုအပ်ချက်ဖြစ်ပေါ်နေမှုကို ကာမိစေရန်အတွက် ဆန်တန်ချိန် ၃၃၀၀၀၀ တင်သွင်းရန် အဆိုပြုထားကြောင်း၊ သို့ရာတွင် သမ္မတမာကို့စ်အနေဖြင့် အဆိုပါအဆိုပြုချက်ကို အတည်ပြုခြင်း မရှိသေးကြောင်းဖြင့် ရိုက်တာသတင်းကို ကိုးကားလျက် မလေးရှား The Star သတင်းဌာနက ဖော်ပြပါသည်။

Source: The Star, 18 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရန်ရိက္ခာ ဆန်တန်ချိန် ၃ သိန်းကျော် တင်သွင်းရန် ဖိလစ်ပိုင်စားနပ်ရိက္ခာ‌‌အေဂျင်စီက အဆိုပြု

      ဖိလစ်ပိုင်နိုင်ငံ၌ မြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုဖိအားများအား ကန့်သတ်ရန်နှင့် အဓိကစားသုံးသော ကောက်ပဲသီးနှံများ၏ ကုန်ကျစရိတ်ကို ထိန်းသိမ်းရန်တို့အတွက် အစိုးရက  နည်းလမ်းများ ရှာဖွေလျက်ရှိရာ အရန်စားနပ်ရိက္ခာ လျော့ပါးနိုင်ချေရှိမှုကို ဖြည့်ဆည်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ပမှ ဆန်တန်ချိန် ၃၃၀၀၀၀ အား တင်သွင်းရန် ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) က အဆိုပြုထားကြောင်း သိရှိရသည်။

        ဖိလစ်ပိုင်အစိုးရက ၁၄-၄-၂၀၂၃ နေ့ သတင်းထုတ်ပြန်ရာတွင် အရေးပေါ်အခြေအနေ၌ ထောက်ပံ့ပေးနိုင်ရန်အတွက် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီအနေဖြင့် အရန်ရိက္ခာဆန်ကို ဖြည့်ဆည်းရန် လိုအပ်လျက်ရှိကြောင်း၊ သို့သော် ဒေသခံ လယ်သမားများထံမှ ဝယ်ယူစုဆောင်းပါက ပြည်တွင်းဆန်ဈေးနှုန်းများကို ပိုမိုမြင့်တက်အောင် တွန်းအားပေးမှုဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုနှစ်ကုန်ပိုင်း၌ ကျန်ရှိနိုင်မည့် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ခန့်မှန်းချက်မှာ တန်ချိန် ၁.၆၉ သန်း ခန့်ရှိပြီး ၄၅ ရက်တာအတွက် အရန်ရိက္ခာပမာဏနှင့်ညီမျှကြောင်း၊ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး စံသတ်မှတ်ထားရှိသည့် ရက် ၉၀ အတွက် ရိက္ခာဆန်ပမာဏ၏ တစ်ဝက်မျှသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

       အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ ဖိလစ်ပိုင်ပြည်တွင်း၌ ဆန်ဈေးနှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ဈေးအသက်သာဆုံး ဆန်အတန်းအစားသည်ပင်လျှင် ယခုနှစ်စပိုင်း၌ ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၃၅ မှ ၃၈ အကြားရှိရာမှ ယခုအခါ ၃၆ ပီဆိုမှ ၄၄ ပီဆို ဈေးနှုန်း (ဒေါ်လာ ၀.၆၅ မှ ၀.၈၀ အထိ) ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ ငွေကြေး ဖောင်းပွမှုမှာ မတ်လတွင် ၇.၆% သို့ ကျဆင်းခဲ့သော်လည်း တရားဝင်လျာထားချက်ဖြစ်သည့် ၂% မှ ၄% အတွင်း တည်ရှိရန်မှာ အလှမ်းကွာဝေးဆဲဖြစ်သည်။ သို့ဖြစ်ရာ ဖိလစ်ပိုင်ဗဟိုဘဏ်က အတိုးနှုန်းများ မြှင့်တင်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားချိန်၌ ဈေးနှုန်းဖိအားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရသည် ငွေကြေးထိန်းချုပ်မှု မဟုတ်သော စီမံဆောင်ရွက်မှုနည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

      စိုက်ပျိုးရေးအတွင်းဝန် တာဝန်များကို ပူးတွဲဆောင်ရွက်လျက်ရှိသည့် သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာက အစိုးရအနေဖြင့် ဆန်ဈေးနှုန်းများကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းများအားလုံးကို ရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိကာလ၌ လွန်စွာနည်းပါးလျက်ရှိသော NFA ၏ အရန်ဆန်ထားရှိမှုကို မြှင့်တင်နိုင်ရေးအတွက် ပြည်ပမှတင်သွင်းရန် လိုအပ်ပါက အစီအမံများ ချမှတ်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

        ဖိလစ်ပိုင်နိုင်ငံ၌ ပြည်ပမှဆန်တင်သွင်းခြင်းကို ပုဂ္ဂလိကကုန်သည်များသို့သာ ခွင့်ပြုထားကြောင်း၊ အရေးပေါ်စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းရန်အတွက်သာ လုပ်ပိုင်ခွင့်ကန့်သတ်ခံထားရသည့် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) သည် အစိုးရချင်းညှိနှိုင်းစီစဉ်မှု (G to G) စနစ်ဖြင့် အရန်ဆန် ဝယ်ယူတင်သွင်းရန် မျှော်လင့်လျက်ရှိကြောင်း၊ ဥပဒေအရ နိုင်ငံတော်သမ္မတရုံး သို့မဟုတ် ၎င်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသော အေဂျင်စီတစ်ရပ်ရပ်သည် NFA ၏ အရန် ရိက္ခာဆန် စုဆောင်းမှုအတွက် ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ကြောင်း သိရှိရသည်။

Source: Bangkok Post, 14 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့ )

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ