ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီမူဝါဒ ပြင်ဆင်သတ်မှတ်

အင်ဒိုနီးရှားနိုင်ငံ၌ ၁၈-၄-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် စားအုန်းဆီမူဝါဒသုံးသပ်ရေး ညှိနှိုင်းအစည်းအဝေး၏ ရလဒ်များနှင့်အညီ စားသုံးဆီကဏ္ဍအပေါ် ထိန်းချုပ်သည့်မူဝါဒဖြစ်သည့် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့်အစီအစဉ် (Domestic Market Obligation - DMO Scheme) ကို  ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒဌာနမှ ဌာနမှူး Mr. Kasan က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည့် အဆိုပါစားအုန်းဆီ မူဝါဒအသစ်အရ ဘူးသွင်းထုပ်ပိုးပြီးစနစ်နှင့် ဘူးသွင်းထုပ်ပိုးခြင်းမပြုပဲ  တစ်လုံးတစ်ခဲတည်း (Bulk) ဖြန့်ဖြူးသည့်စနစ်တို့ဖြင့် ထုတ်လုပ်သူများက အစိုးရထံ ရောင်းချပေးရမည့် စားအုန်းဆီပမာဏမှာ ယခင်က ၁ လလျှင် တန်ချိန် ၄.၅ သိန်း သတ်မှတ်ခဲ့ရာမှ ယခု ၁ လလျှင် တန်ချိန် ၃ သိန်းသာ ရောင်းချပေးရန် တာဝန်ရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့ စားအုန်းဆီတင်ပို့ရန်အတွက် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် DMO ပမာဏ သတ်မှတ်ချက် အခြေခံမြှောက်ဖော်ကိန်းအချိုးကိုမူ ၁း၆ မှ ၁း၄ သို့ လျော့ချခဲ့ကြောင်း၊ တစ်နည်းအားဖြင့် စားအုန်းဆီ ထုတ်လုပ်သူက  ပြည်တွင်း၌ တန်ချိန် ၃ သိန်း ရောင်းချပေးပါက ပြည်ပသို့ တန်ချိန် ၁၂ သိန်း တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ရာမဒန်နှင့် အိဒ် ပွဲတော်နောက်ပိုင်း ပြည်တွင်း စားသုံးဆီဝယ်လိုအား မြင့်တက်လာမှုအပေါ် ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် DMO အစီအစဉ်အား ပြောင်းလဲပြင်ဆင် သတ်မှတ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းဈေးကွက်၌ Minyakita ခေါ် ဘူးသွင်းထုပ်ပိုးပြီး စားသုံးဆီများ ပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် လုပ်ငန်းရှင်များမှ ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် စားအုန်းဆီ ပမာဏသတ်မှတ်ချက်တွင် ဘူးသွင်းထုပ်ပိုးပြီး စားအုန်းဆီ ၇၀% နှင့် Bulk စနစ်ဖြင့် ဖြန့်ဖြူးမည့် စားသုံးဆီ ၃၀% ပါဝင်မည်ဖြစ်ပါသည်။

အဆိုပါ စနစ်နှစ်မျိုးလုံးဖြင့် ဖြန့်ဖြူးသော စားသုံးဆီများသည် မကြာသေးမီက နိုင်ငံ၏ဒေသများစွာတွင် ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် အစိုးရအထောက်အပံ့ဖြင့် ထုတ်လုပ်ရောင်းချသည့် စားအုန်းဆီဈေးနှုန်းအား တစ်လီတာလျှင် အမြင့်ဆုံးလက်လီဈေးနှုန်း အင်ဒိုနီးရှား ရူပီး ၁၄၀၀၀ သတ်မှတ်ထားမှုအပေါ် ကျော်လွန်ရောင်းချမှုများရှိနေသည်ကို  စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှုကြီးကြပ်ရေးကော်မရှင်က (Business Competition Supervisory Commission) က ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဘူးသွင်းထုပ်ပိုးပြီး စားအုန်းဆီ ထုတ်လုပ်မှုသည် စုစုပေါင်းပြည်တွင်းရောင်းလိုအား၏ ၂၄% သာရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

စားအုန်းဆီ လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများအနေဖြင့် မူဝါဒအသစ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်မှုမူဝါဒဌာန၏ ဌာနမှူး Mr. Kasanက ပြောကြားခဲ့ပါသည်။

Source: TEMPO.CO, 27 April 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပဲစင်းငုံအစား အခြားပဲများကို အသုံးပြုရန် အိန္ဒိယပဲကုန်သည်အသင်းက တိုက်တွန်း

အိန္ဒိယနိုင်ငံ၌ ၁ လတာကာလအတွင်း ပဲစင်းငုံဈေးနှုန်းများ ၁၀% ခန့် မြင့်တက်လာမှုနှင့်အတူ အစိုးရအနေဖြင့် ကျောင်း၊ သင်တန်း၊ ဆေးရုံ စသည်တို့တွင် ကျွေးမွေးသည့်နေ့လယ်စာအစီအစဉ်၌ ပဲစင်းငုံအစား ပဲနီလေး၊ ကုလားပဲတို့ကဲ့သို့သော အခြားပဲမျိုးများကို အသုံးပြုရန် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံကုန်သည်များအသင်း (IPGA) က တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

IPGA ကုန်သည်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Bimal Kothari က လက်ရှိကာလတွင် အစိုးရသည် အဆိုပါနေ့လယ်စာ‌ကျွေးမွေးထောက်ပံ့မှုအစီအစဉ် (mid-day meal scheme) အတွက် ပဲစင်းငုံတစ်မျိုးတည်းကိုသာ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပဲစင်းငုံ ဈေးနှုန်းမြင့်တက်မှုမှ သက်သာမှုရှိစေရေးအတွက် အခြားသောပဲမျိုးစုံတန်ချိန် ၅သိန်းကို တင်ဒါဖွင့်လှစ်ဝယ်ယူလျက် အဆိုပါနေ့လယ်စာအစီအစဉ်၌ အစားထိုးအသုံးပြုရန် ၎င်းတို့အသင်းက တောင်းဆိုထားကြောင်း၊ အိန္ဒိယ၏ ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၂၇ သန်းခန့် ထွက်ရှိမည်ဖြစ်၍ ပဲတင်ပို့နိုင်မည့် အခွင့်အလမ်းမှာလည်း ကြီးမားမှုရှိကြောင်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန် ၅ သိန်းရှိရာမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ငွေကြေးဖြင့် မက်လုံးပေးဆွဲဆောင်မှုများနှင့် လက်ငင်း ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်ရန် ၎င်းတို့က အစိုးရသို့ တိုက်တွန်းထားကြောင်း၊ ရှေ့လာမည့် မိုးသီးနှံရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုကို ထိခိုက်မှုမရှိပဲ မုတ်သုံရာသီဥတုကောင်းမွန်မှုရှိရန် မျှော်လင့်လျက်ရှိကြောင်း ပြောဆိုပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဇူလိုင်လမှ ဇွန်လအထိ စိုက်ပျိုးရေးရာသီ၌ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် အောက်တိုဘာလအတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံသီးနှံများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ သို့ဖြစ်ရာ ကောက်ပဲသီးနှံများထွက်ရှိနိုင်မှု ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းချက်ကို ထုတ်ပြန်ရာတွင် ၂၀၂၁-၂၂ ခုနှစ်၌ စိုက်ပျိုးထွက်ရှိမှုတန်ချိန် ၄.၂၂ သန်းအောက် ၁၃% ခန့် ကျဆင်းလျက် ယခုနှစ်၌ ပဲစင်းငုံတန်ချိန် ၃.၆၆ သန်း ထွက်ရှိနိုင်ကြောင်း အိန္ဒိယအစိုးရက လျော့ချခန့်မှန်းခဲ့သည်။

Source: The Hindu Business Line, 28 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ စားတော်ပဲတင်သွင်းမှုကို ဆက်လက်ပိတ်ပင်ထားဖွယ်ရှိ

အိန္ဒိယနိုင်ငံ၏ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁၃.၅၄ ကိုကျော်လွန်လျက် ယခုနှစ်တွင် တန်ချိန် ၁၃.၆၃ သန်းခန့် စံချိန်တင် ထွက်ရှိနိုင်မည်ဖြစ်ရာ တောင်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲတင်သွင်းမှုအား အစိုးရက ဆက်လက်ပိတ်ပင်ထားဖွယ်ရှိကြောင်း သိရှိရပါသည်။

လက်ရှိကာလတွင် အိန္ဒိယပြည်တွင်းဈေးကွက်၌ ကုလားပဲဈေးနှုန်းများမှာ တစ်ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၄၇၀၀ မှ ၄၈၀၀ အတွင်း ရောင်းဝယ်လျက်ရှိကြောင်း၊ ၎င်းနှုန်းထား သည် အစိုးရက အထောက်အပံ့ပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ၅၃၃၅ ရူပီး/ကွင်တယ် အောက်၌ ရောက်ရှိနေကြောင်း၊ သို့ဖြစ်ရာ ဈေးနှုန်းများကျဆင်းမှုကို ထိန်းသိမ်းနိုင် ရန်အတွက် ကုလားပဲ ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယဗဟိုအစိုးရက အမျိုးသား လယ်ယာထွက်ကုန်ဈေးကွက် သမဝါယမအသင်းချုပ်လီမိတက် (NAFED) သို့ ညွှန်ကြားခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ NAFED ၏ ကုလားပဲဝယ်ယူထားရှိမှုမှာ တန်ချိန် ၁၁.၆၈ သိန်းခန့်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

ကုလားပဲအတွက် သတ်မှတ်ထားသည့် MSP အခြေခံရည်ညွှန်း ဈေးနှုန်းအောက် မနိမ့်ကျသော ဆိပ်ကမ်းအရောက်ဈေးနှုန်းဖြင့် စားတော်ပဲအား တင်သွင်းခွင့်ပြုရန် အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က ယခင်နှစ် ဇွန်-ဇူလိုင်လများ၌ အစိုးရထံ အဆိုပြုထားကြောင်း၊ သို့ရာတွင် စားတော်ပဲသည် ယခုအထိ တင်သွင်းခွင့် ကန့်သတ်တားမြစ်ထားသည့် ကုန်စည်အုပ်စုအတွင်း တည်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 21 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားအုန်းဆီ ကုန်သွယ်မှုအတွက် မလေးရှားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကြား MoU ‌ရေးထိုးခြင်း

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် မလေးရှားနိုင်ငံရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် မ‌လေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB)နှင့် တရုတ်နိုင်ငံ၊ စားသောက်ကုန်၊ ပြည်တွင်းထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့တင်သွင်းမှုဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CFNA) တို့အကြား စားအုန်းဆီကုန်သွယ်မှုဆိုင်ရာ  နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

မ‌လေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) သည် တန်ဖိုးမြှင့်စားအစာလုပ်ငန်းများတွင် စားအုန်းဆီ အသုံးပြုမှု တိုးမြင့်လာစေရေး စားအုန်းဆီဈေးကွက်သေချာမှုရှိစေသည့် သုတေသနဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံသည် လူသားလုပ်အားအပေါ် မှီခိုရမှုကို လျော့ချပေးပြီး ထုတ်လုပ်နိုင်စွမ်းအား တိုးတက်စေနိုင်သည့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တရုတ်-မလေးရှား နှစ်နိုင်ငံတို့သည် ဆီအုန်းစိုက်ပျိုးရေးကဏ္ဍအတွက် ဉာဏ်ရည်တု (AI) ကဲ့သို့ နည်းပညာအသစ်၊ ၅ ခုမြောက်မျိုးဆက်မိုဘိုင်းဖုန်း ကွန်ရက် ချိတ်ဆက်မှု၊ အင်တာနက် အသုံးပြုမှုဆိုင်ရာပစ္စည်းနှင့် အောတိုမောင်းယာဉ်များအတွက် လေ့လာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများတွင် တိုးမြင့်ဆောင်ရွက်လျက်ရှိပါသည်။ ဆီအုန်းစိုက်ပျိုးခြင်း၊ အပင်ရောဂါကျရောက်မှုရှိမရှိ ဆန်းစစ်ခြင်းနှင့် အပင်သက်တမ်းဆိုင်ရာ အချက်အလက်များအတွက် လေယာဉ်၊ ဒရုန်း၊ ဉာဏ်ရည်တု (AI) နည်းပညာတို့ကို တရုတ်နိုင်ငံမှ Great Wall Industry Corporation ကလည်းကောင်း၊ အော်တိုမောင်း ရိတ်သိမ်းစက်ကို Shanghai Westwell Information Technology ကုမ္ပဏီကလည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်-မလေးရှားနှစ်နိုင်ငံတို့သည် စားအုန်းဆီထုတ်လုပ်မှု ရေရှည်တည်တံ့ရေးကို ပူးတွဲဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံက စားအုန်းဆီအခြေခံထုတ်လုပ်သည့် အစားအစာ၊အစားအစာမဟုတ်သည့်ပစ္စည်း၊ ဇီဝ‌ လောင်စာဆီ တရုတ်နိုင်ငံရှိ တိရစ္ဆာန်အစာလျှောက်ထားမှုများနှင့်သုံးစွဲမှုတို့အပေါ် ရေရှည်တည်တံ့သောစားအုန်းဆီအဖြစ် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် တရုတ်နိုင်ငံရှိ ယာဉ်များ၌  မလေးရှား စားအုန်းဆီအခြေခံ ဇီဝဒီဇယ်အသုံးပြုမှု များပြားလာခြင်းအပေါ် ရှေ့ပြေးလေ့လာမှုအပါအဝင် တရုတ်နိုင်ငံတွင် စားအုန်းဆီအခြေခံ ဇီဝလောင်စာဆီ မြှင့်တင်နိုင်ရေးအတွက် တရုတ်နိုင်ငံ Tsinghua University နှင့် မလေးရှားစားအုန်းဆီအသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်၌ မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၁၁.၂% ခန့်ရှိသည်။ ၂၀၂၁ ခုနှစ်၌ တရုတ်နိုင်ငံသို့ မလေးရှားနိုင်ငံ မှ စားအုန်းဆီနှင့် ဆီအုန်းအခြေခံထုတ်ကုန်တင်ပို့မှုသည် တန်ဖိုးအားဖြင့် မ‌လေးရှားရင်းဂစ် ၁၃.၁၆ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ရင်းဂစ် ၁၄.၈၆ ဘီလီယံရှိရာ ၁၂.၉% ခန့်မြင့်တက်ခဲ့ပါသည်။ ကုန်စည်ပမာဏအားဖြင့် ၂၀၂၁ ခုနှစ်၌ စားအုန်းဆီနှင့် ဆီအုန်းအခြေခံထုတ်ကုန် စုစုပေါင်းတန်ချိန် ၃.၁၃ သန်း တင်ပို့ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၃.၁၄ သန်း ရှိသည့်အတွက် ၀.၃ % ခန့် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Malaysia Palm Oil Board and New Straits Times, 20 April 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ဝါဂွမ်းထုတ်လုပ်နိုင်မှု ခန့်မှန်းချက် အမျိုးမျိုးဖြစ်ပေါ်နေ

အိန္ဒိယနိုင်ငံ၌ ပြည်ထောင်စုချည်မျှင်နှင့်အထည်ကော်မရှင်ဥက္ကဌ ဦးဆောင်လျက် လုပ်ငန်းရှင်များနှင့် လယ်သမားများ ပါဝင်ဖွဲ့စည်းထားသော ဝါဂွမ်းထုတ်လုပ်မှုနှင့်စားသုံးမှုကော်မတီသည် ၂၀၂၂-၂၀၂၃ သီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေပေါင်း ၃၄၁.၉၁ သိန်း ထွက်ရှိမည်ဟု ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ ခန့်မှန်းခဲ့ရာမှ လက်ရှိရာသီကာလတွင် စက်တင်ဘာလအထိ ၃၃၇.၂၃ သိန်း ထုတ်လုပ်နိုင်မည်ဟု ပြန်လည်ခန့်မှန်းခဲ့ရာ အနည်းငယ် ကွဲလွဲမှုဖြစ်ခဲ့ပါသည်။ အိန္ဒိယဝါဂွမ်းကုန်သည်များအသင်းကလည်း လက်ရှိရာသီကာလတွင် ၁၄ နှစ်ကာလအတွင်း အနည်းဆုံးအဖြစ် ဝါဂွမ်းထုပ်ရေ ၃ဝ၃ သိန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသဖြင့် အိန္ဒိယနိုင်ငံ၏ ယခုနှစ်ရာသီအတွက် ဝါဂွမ်းထုတ်လုပ်မှု ခန့်မှန်းချက်များမှာ ရှုပ်ထွေးမှု ဖြစ်ပေါ်လျက်ရှိပါသည်။

ဝါဂွမ်းထွက်ရှိမှုကို ခန့်မှန်းရာတွင် စိုက်ဧရိယာ၊ အထွက်နှုန်းနှင့် အခြားအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။ ကုန်သွယ်မှု အသိုင်းအဝန်းရှိ ကုန်သည်အများစု၏ ပြောကြားချက်အရ ဝါဂွမ်းထုတ်လုပ်မှုနှင့် စားသုံးမှုကော်မတီ၏ခန့်မှန်းချက်မှာ ပိုမိုမှန်ကန်နိုင်ကြောင်း၊ ယင်းကော်မတီ၏ ခန့်မှန်းချက်အရ ယခုရာသီကာလအတွက် ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၁၃ဝ.၄၉ သိန်း ရှိပြီး အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၄၃၉.၃၄ ကီလိုဂရမ်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် လွန်ခဲ့သောရာသီကာလက ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၁၁၉.၁ဝ သိန်းရှိခဲ့ပြီး အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၄၄၅ ကီလိုဂရမ် ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ မြောက်ပိုင်းဇုန်မှ ဝါဂွမ်းအထွက် အထုပ်ရေ ၄၇.၂၅ သိန်း၊ အလယ်ဇုန်မှ ဝါဂွမ်းအထွက် အထုပ်ရေ ၁၈၄.၁၆ သိန်း၊ တောင်ပိုင်းဇုန်၏ ဝါဂွမ်းထွက်ရှိမှု အထုပ်ရေ ၉၈.၃ဝ သိန်းနှင့် အခြားနေရာဒေသများမှ ထုတ်လုပ်မှု ဝါဂွမ်းထုပ်ရေ ၇.၅၂ သိန်း ရှိမည်ဟု ဝါဂွမ်းထုတ်လုပ်မှုနှင့် စားသုံးမှုကော်မတီက ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ် ဝါဂွမ်းထွက်ရှိနိုင်မှု ခန့်မှန်းချက်များ အမျိုးမျိုးဖြစ်ပေါ်နေရခြင်းမှာ လူအများစုသည် ယခင်ကအလေ့အထအတိုင်း ဈေးကွက်အတွင်းသို့ ဝါဂွမ်းဝင်ရောက်မှုအပေါ် မူတည်၍ ခန့်မှန်းနေကြခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုနှစ် ဝါဂွမ်းရာသီ အစပိုင်းကာလတွင် လယ်သမားများနှင့် ကုန်သည်များမှာ ၄င်းတို့၏ထွက်ရှိသော ဝါဂွမ်းကုန်ကြမ်းများကို ပိုမိုမြင့်မားသော ဈေးနှုန်းရရှိမည်ဟူသော မျှော်မှန်းချက်ဖြင့် ဈေးကွက်အတွင်းသို့ ပို့ဆောင်ခြင်းမပြုကြပဲ သိုလှောင်ထားကြသဖြင့် ဈေးကွက်အတွင်း ဝါဂွမ်းဝင်ရောက်မှု နှောင့်နှေးခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ဈေးကွက်အတွင်း ကုန်ကြမ်းရရှိမှု အခက်အခဲဖြစ်လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယဈေးကွက်၌ လက်ရှိကာလတွင် ကုန်သွယ်မှုပြုလျက်ရှိသည့် ဝါဂွမ်း စံပြဈေးနှုန်းမှာ  ၁ ကွင်တယ်လျှင် ၈ဝဝဝ ရူပီး ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းနှုန်းထားသည်  အစိုးရက အထောက်အပံ့ပြု ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း ၆ဝ၈ဝ ရူပီးထက် ပိုမိုမြင့်မားလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် လယ်သမားများသည် ဝါဂွမ်းတစ်ကွင်တယ်လျှင် ရူပီးငွေ ၉ဝဝဝ ထက် ပိုမိုရရှိနိုင်မည် မဟုတ်ကြောင်း သိရှိရပါသည်။ ၁၄ နှစ်အတွင်း ထုတ်လုပ်မှု အနည်းဆုံးသို့ လျော့ကျမည်ဖြစ်ကြောင်း ဝါဂွမ်းအသင်းအဖွဲ့၏ ခန့်မှန်းချက်က MCX ကုန်စည်ဒိုင်၌ ဇွန်လအတွင်း ဈေးကွက်သို့ ပို့ဆောင်ဖြန့်ဖြူးမည့် အနာဂတ်ဝါဂွမ်း ခန့်မှန်းဈေးနှုန်းကို တစ်ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ၆၄၀၂၀ ရူပီးနှုန်းသို့ မြင့်တက်စေခဲ့ကြောင်း၊ ရှန်ကာ-၆ ဝါဂွမ်း၏ ပြည်ပတင်ပို့သော လက်ငင်းပေါက်ဈေးမှာ စံပြဈေးနှုန်းအဖြစ် တစ်ကန်ဒီလျှင် ၆၃ဝဝဝ ရူပီးရှိကြောင်း၊ ဝါဂွမ်းဈေးနှုန်းများမှာ ယခုသီတင်းပတ်ကာလအတွင်း ရူပီး ၂၅ဝဝ ကျော်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဈေးကွက်တွင် အင်တာကွန်တီနမ်တယ်အိတ်ချိန်း နယူယောက် ဝါဂွမ်းဈေးနှုန်းမှာ မေလ၌ ရောင်းချရန်အတွက် တစ်ပေါင်လျှင် ၇၉.ဝ၅ ဆင့် (တစ်ကန်ဒီလျှင် ၅၁၃၅ဝ ရူပီး) ရှိပြီး အိန္ဒိယနိုင်ငံ၏ ပို့ကုန်အလားအလာကို ထိခိုက်စေနိုင်ကြောင်း သိရှိရပါသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှုမှာ ၂ဝ၂၃ ခုနှစ်တွင် ၁၉ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးကျဆင်းမည်ဟု ခန့်မှန်းထားသည်။

Source: The Hindu Business Line, 21 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ လယ်ယာလုပ်ငန်းများအတွက် အယ်လ်နီညိုအရေးပေါ်အစီအစဉ် ချမှတ်ထားရှိ

၂ဝ၂၃ ခုနှစ် မုတ်သုံရာသီတွင် အယ်လ်နီညိုဖြစ်ပေါ်မည့်အလားအလာများပြားနေသဖြင့် အိန္ဒိယနိုင်ငံအစိုးရသည် လယ်သမားများကို အကာအကွယ်ပေးရန်နှင့် ထိခိုက်နစ်နာမှုများ လျော့နည်းသက်သာစေရန် အရေးပေါ်အစီအစဉ်ချမှတ်ထားကြောင်း အဆင့်မြင့်အရာရှိများက ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့်လယ်သမားများဖူလုံရေးဝန်ကြီးဌာနသည် မိုးရွာသွန်းနိုင်မှု ပုံသဏ္ဌာန်အမျိုးမျိုးအပေါ် အခြေခံလျက် ပြည်တွင်း၌ အဓိကစိုက်ပျိုးသည့် လယ်ယာထွက်ကုန်များအတွက် သီးခြားအကြံပေးသည့် ဝန်ဆောင်မှုများနှင့် ခန့်မှန်းချက်များကို ပံ့ပိုးပေးမည့် စနစ် တစ်ရပ်ကို ထူထောင်ခဲ့သည်။ အဆိုပါစနစ်အရ ဒေသအသီးသီး၌ သီးနှံပျက်စီးမှုကို လျော့နည်း သက်သာစေရေး လယ်သမားများအနေဖြင့် သင့်လျော်သောနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် ရာသီဥတုခန့်မှန်းတိုင်းတာသည့်ကိရိယာများကို အသုံးပြု၍ အကြံပြုချက်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။ ၎င်းစနစ်သည် ပြည်တွင်း၌ ဒေသတစ်ခုစီအတွက် သီးခြားလုပ်ငန်းစီမံကိန်းများကို ချမှတ်နိုင်ရန် အိန္ဒိယမိုးလေဝသဦးစီးဌာနနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်သည်။

၂ဝ၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းမှုမှာ ပုံမှန်မှ ပုံမှန်အောက်သို့ ရောက်ရှိမည်ဟု အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ယခုနှစ်တွင် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများ၌ အယ်လ်နီညို ဖြစ်ပေါ်နိုင်မှု ၇ဝ% ရှိသော်လည်း မုတ်သုံမိုးမှာ ပုံမှန်ရွာသွန်းဖွယ်ရှိကြောင်း၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် အယ်လ်နီညို ဖြစ်ပေါ်နိုင်မှုမှာ ၈ဝ% သို့ မြင့်တက်လာနိုင်ကြောင်း၊ သို့ရာတွင် ၁၉၅၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုများ၏ ၄ဝ% မှာ မိုးရွာသွန်းမှု ပုံမှန် သို့မဟုတ် ပုံမှန်အထက် ရှိခဲ့ကြကြောင်းနှင့် ၎င်းတို့အနေဖြင့် ရာသီဥတုအခြေအနေကို အမြဲ စောင့်ကြည့်လျက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အဆင့်မြင့်အရာရှိက ပြောကြားခဲ့ပါသည်။

အယ်လ်နီညိုဖြစ်ပွားပါက အရှေ့အပူပိုင်းဒေသပစိဖိတ်သမုဒ္ဒရာတွင် ရေမျက်နှာပြင်များ ထူးခြားစွာပူနွေးလာသည့် ရာသီဥတုအခြေအနေဖြစ်ပေါ်လာပြီး အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီကာလ၌ မိုးရွာသွန်းမှု လျော့နည်းခြင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ အိန္ဒိယနိုင်ငံရှိ လယ်ယာလုပ်ငန်းများ၏ တစ်ဝက်ကျော်သည် စိုက်ပျိုးရေရရှိရန်အတွက် မိုးရွာသွန်းမှုအပေါ် မှီခိုနေရသဖြင့် မုတ်သုံရာသီကာလတွင် မိုးရွာသွန်းမှုလျော့နည်းပါက နိုင်ငံ၏ လယ်ယာစိုက်ပျိုးမှု၊ စားသုံးမှုနှင့် စီးပွားရေးတို့အပေါ် ခြိမ်းခြောက်စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်လျက်ရှိကြသည်။

Source: Economic Times, 27 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ သစ်သီးဝလံတင်သွင်းမှု၌ ၃ ပုံ ၁ ပုံခန့်အား ထိုင်းနိုင်ငံမှ တင်ပို့ခဲ့ခြင်း

ထိုင်းနိုင်ငံသည် ယခင်နှစ်၌ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ (ဘတ်ငွေ ၁၆၈ ဘီလီယံ) တန်ဖိုးရှိသည့် သစ်သီးဝလံတန်ချိန်ပေါင်း ၂.၁၇သန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၃.၇၂% တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ယခင်နှစ် သစ်သီးဝလံတင်သွင်းမှုတန်ဖိုး စုစုပေါင်းသည် ဒေါ်လာ ၁၄.၆ ဘီလီယံ (ဘတ်ငွေ ၅၀၀.၈ ဘီလီယံ) ရှိသဖြင့်  ထိုင်းနိုင်ငံ၏ တင်ပို့မှုမှာ  သုံးပုံတစ်ပုံခန့် ပါဝင်လျက်ရှိကြောင်းဖြင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha Burapachaisri က ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ ငှက်ပျောသီး၊ အုန်းသီးနု၊ ဒူးရင်းသီး၊ နဂါးမောက်သီးနှင့် လေချူသီး စသည့် သီးနှံ(၅)မျိုးကို အများဆုံးတင်ပို့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ယခင်နှစ် ဒူးရင်းသီးတင်သွင်းမှု ဈေးကွက်၏ ၉၅% ကို ထိုင်းနိုင်ငံက ရယူခဲ့ကြောင်း၊ အလားတူ အုန်းသီးနုတန်ချိန် ၅၂၃၀၀၀ ကိုလည်း အများဆုံးပမာဏအဖြစ် ထိုင်းနိုင်ငံထံမှ ဝယ်ယူတင်သွင်းခြင်းဖြစ်ကြောင်း၊ သစ်သီးဝလံများအား လတ်ဆတ်သော၊ အေးခဲထားသော၊ အခြောက်လှမ်းထားသော၊ ပြုပြင်ပြီးဖြစ်သောစသည့် ပုံစံမျိုးစုံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး သင်္ဘောဖြင့် ၅၁%၊ ကုန်းလမ်းဖြင့် ၄၈% နှင့် လေကြောင်းဖြင့် ၁% ခန့် ပါဝင်ကြောင်း၊ ကုန်းလမ်းမှ တင်ပို့မှုသည် ထိုင်းလုပ်ငန်းရှင်များအတွက် ဈေးသက်သာပြီး အသုံးအများဆုံး သယ်ယူပို့ဆောင်သည့် နည်းလမ်းဖြစ်ကြောင်း၊ ယခုနှစ် မတ်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွားရောက်လျက် ထိုင်းနိုင်ငံမှ သစ်သီးဝလံများ ဖြတ်သန်းတင်ပို့မည့် နယ်စပ်စစ်ဆေးရေးဂိတ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ၎င်းခရီးစဉ်သည် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ သစ်သီးဝလံများတင်ပို့မှု ပိုမိုလွယ်ကူ ချောမွေ့စေရေးကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း Mr. Anucha ပြောဆိုပါသည်။

ထိုင်းနိုင်ငံရှိ စိုက်ပျိုးသူတောင်သူများနှင့် သစ်သီးဝလံလုပ်ငန်းရှင်များ အနေဖြင့် သစ်သီးဝလံဝယ်လိုအားမြင့်မားသည့် အကြီးမားဆုံးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ ပိုမို၍ ဈေးကွက်ဖြန့်ကျက်ဝင်ရောက်ရန် ထိုင်းအစိုးရက တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

Source: Nation Thailand, 22 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆောင်းသီးနှံရာသီ အထွက်လျော့ကျမှုကြောင့် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းကြက်သွန်နီအထွက်နှုန်း ကျဆင်းခဲ့ရာ အိဒ်ဘာသာရေးပွဲတော်အလွန်ကာလတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်လာခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် ဆောင်းသီးနှံရာသီ၌ စိုက်ပျိုးရေနည်းပါးမှုနှင့် ရာသီဥတုကောင်းမွန်မှုမရှိခြင်းကြောင့် ကြက်သွန်နီစိုက်ပျိုး ဧရိယာ ၁ ဟက်တာလျှင် ပုံမှန်ရရှိမည့်ကြက်သွန်နီ အထွက်နှုန်း ၁၄.၁၇ တန်ကို ပြည့်မီခြင်းမရှိပဲ ၁၃.၆၀ တန်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ယခင်နှစ်ဆောင်းရာသီ၌ ကြက်သွန်နီ စိုက်ပျိုးမှုဧရိယာ ဟက်တာ ၂.၅၇ သိန်းရှိပြီး တန်ချိန် ၃၆.၄၀ သိန်း ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ဆောင်းရာသီတွင် ကြက်သွန်နီ စိုက်ပျိုးနိုင်မှုမှာ ဟက်တာ ၂.၄၇ သိန်းရှိပြီး ဧပြီလတတိယပတ်အထိ ဟက်တာ ၂.၂၀ သိန်းကို ရိတ်သိမ်းခဲ့ရာ ကြက်သွန်နီအထွက် တန်ချိန် သိန်း ၃၀ ခန့်ရရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပြည်တွင်း၌ ထွက်ရှိသည့် ကြက်သွန်နီ စုစုပေါင်း၏ ၂၅% ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသော Pabna ခရိုင်တွင် ယမန်နှစ်၌ ကြက်သွန်နီ စိုက်ဧရိယာ ၅၃၃၁၅ ဟက်တာမှ အထွက်တန်ချိန် ၇.၉၇ သိန်း ရရှိခဲ့ရာ ပျမ်းမျှအထွက်နှုန်း ၁၄.၉၅ တန်/ဟက်တာ ရှိကြောင်း၊ သို့သော် အဆိုပါခရိုင်၌ ယခုနှစ် ကြက်သွန်နီ စိုက်ပျိုးမှု ဧရိယာ ၅၂၄၇၀ ဟက်တာမှ အထွက်တန်ချိန် ၇.၃၇ သိန်း ရရှိသဖြင့် ပျမ်းမျှအထွက်နှုန်းသည် ၁၄.၀၅ တန်/ဟက်တာသို့ ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ နွေသီးနှံရာသီတွင် ယခင်နှစ် ကြက်သွန်နီစိုက်ပျိုးမှု ၄၀၀၉ ဟက်တာ ထက်ပိုမိုပြီး စုစုပေါင်း ဟက်တာ ၅၁၀၀ အထိ တိုးချဲ့စိုက်ပျိုးလျက် ကြက်သွန်နီ တန်ချိန် ၇၅၀၀၀ ထုတ်လုပ်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းဌာနက ဖော်ပြပါသည်။

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းကြက်သွန်နီလက်ကားဈေးကွက်တွင် သီးနှံရိတ်သိမ်းချိန် မတ်လ၌ ဒေသအချိန်အတွယ်ဖြစ်သော ကုန်ချိန် ၁ မန် (Maund) (၃၇ ကီလိုဂရမ်) လျှင် တာကာငွေ ၁၂၀၀ ခန့်ရှိရာမှ အိဒ်ပွဲတော်ကာလအပြီးတွင် ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ယခုအခါ တာကာငွေ ၁၄၅၀ မှ ၁၆၅၀ အတွင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ ၎င်းဈေးနှုန်းသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ကို ကာမိလျက် အကျိုးအမြတ်ရရှိစေသဖြင့် တောင်သူများအနေဖြင့် လတ်တ‌လောကာလတွင် အစိုးရက ပြည်ပမှ ကြက်သွန်နီများ တင်သွင်းခွင့်ပြုမည့်အရေးကို စိုးရိမ်လျက်ရှိသည်။ သို့ရာတွင် ကုန်သည်အသိုင်းအဝိုင်းကမူ ပြည်တွင်းထုတ်လုပ်မှုမှာ ဈေးကွက်ဝယ်လိုအားကို ဖြည့် ဆည်းနိုင်မှုမရှိသဖြင့်  ဈေးကွက်ကို ထိန်းညှိနိုင်ရန်အတွက် ပြည်ပမှ ကြက်သွန်နီများ တင်သွင်းရန် လိုအပ်မည်ဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ နှစ်စဉ် ကြက်သွန်နီဝယ်လိုအားမှာ တန်ချိန် ၂၅ သိန်းခန့်ရှိကြောင်း၊ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မှုရှိသော်လည်း သိုလှောင်ထိန်းသိမ်းမှု အခြေခံအဆောက်အအုံများ အားနည်းချို့တဲ့မှုကြောင့် နှစ်စဉ် ကြက်သွန်နီထွက်ရှိမှု စုစုပေါင်း၏ ၂၅% ခန့်သည် လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်ပြီး ပြည်ပမှတင်သွင်းရသည့်အခြေအနေကို ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရသည်။

Source: The Daily Star, 27 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်ဈေးကွက်၌ ၂ နှစ်အတွင်း ဆန်ဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်ရှိ

ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ဈေးနှုန်းများသည် ယခုသီတင်းပတ်တွင် ၂ နှစ်အတွင်း အမြင့်ဆုံးသို့ ခုန်တက်ခဲ့ခြင်းက ရောင်းလိုအားကျဆင်းလာမှုအပေါ် ထိပ်တန်းဝယ်လက်များ၏စိုးရိမ်မှုကို ပိုမိုတိုးပွားလာစေကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅% ပါဝင်သော ဆန် ၁ တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၆၅ မှ ၄၇၀ အကြားရှိရာမှ ဒေါ်လာ ၄၉၅ မှ ၅၀၀ အကြား ဈေးနှုန်းသို့ တိုးမြှင့် ကမ်းလှမ်းမှုများရှိရာ ၂၀၂၁ ခုနှစ် ဧပြီလတွင် နောက်ဆုံးတွေ့ရရှိခဲ့သည့် ဈေးနှုန်းအဆင့်နှင့် တူညီလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ တစ်နှစ်တာအတွင်း အကြီးဆုံး စပါးရိတ်သိမ်းမှုကာလဖြစ်သော နွေစပါးရိတ်သိမ်းချိန်သည် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ပြည်တွင်း၌ ကုန်စည်ပေးသွင်းနိုင်မှု နည်းပါးနေချိန်၌ ဗီယက်နမ်ဆန်၏ ဝယ်လိုအားသည် ခိုင်မာအားကောင်းနေကြောင်း၊ ဆန်စျေးနှုန်းများ မြင့်မားနေခြင်းကြောင့် ဖိလစ်ပိုင်အပါအဝင် ဝယ်လက်များ၏ ဆန်ဝယ်ယူမှုများသည် နှေးကွေးသွားနိုင်သည်ဟု ယူဆရကြောင်း ဗီယက်နမ်ကုန်သည်များက ပြောကြားခဲ့သည်။

ယင်းသို့သောအခြေအနေတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဂါလာယာပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းနိုင်ခြေရှိမှုက နိုင်ငံ၏အရှေ့မြောက်ပိုင်းဒေသတွင် လျှပ်တပြက် ရေကြီးမှုအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သဖြင့် သီးနှံများဆုံးရမှုမရှိအောင် စပါးများကို အမြန်ရိတ်သိမ်းရန် လယ်သမားများသို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အကြံပြုထားကြောင်း သိရှိရပါသည်။

Source: Economic Times, 22 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ဆန်ဈေးကွက်၌ ရောင်းလိုအား အနည်းပါးဆုံး အခြေအနေရှိခြင်း

      ကမ္ဘာတစ်လွှား၌ တရုတ်နိုင်ငံမှသည် အမေရိကန်ပြည်ထောင်စု၊ ၎င်းမှ ဥရောပသမဂ္ဂတို့ တိုင်အောင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ပေါင်း ၂၀ အတွင်း ဈေးကွက်ပြတ်လပ်မှု အကြီးမားဆုံးအခြေအနေအဖြစ် မှတ်တမ်းတင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် ကမ္ဘာ့ဆန်ဈေးကွက်၌ ရောင်းလိုအားလိုအပ်ချက်သည် တန်ချိန် ၈.၇ သန်းခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ကမ္ဘာ့ဈေးကွက်၌ ရောင်းလိုအားလျော့နည်းမှုကြောင့် ဆယ်စုနှစ်များအတွင်း ဆန်ဈေးနှုန်း အမြင့်မားဆုံးသို့ မြင့်တက်စေနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဆန် ၁ ဟန္ဒြိတ်၏ ပျမ်းမျှဈေးနှုန်းသည် ၁၇.၃၀ ဒေါ်လာခန့်ရှိပြီး လက်ရှိအမြင့်တန်း၌ ရောက်ရှိနေသည့် ဆန်ဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တိုင် တည်ရှိနေဖွယ်ရှိကြောင်း၊ ကမ္ဘာ့ဆန်ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားသည် ၂၀၂၃-၂၀၂၄ ကာလမှသာ မျှခြေအနေအထားသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းကာလ၌ ဆန်ထုတ်လုပ်မှုမှာ နှစ်စဉ် ၂.၅% ခန့် တိုးတက်မှုရရှိပြီး ဆန်ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်တွင် ၁၀% ပြန်လည်ကျဆင်းလျက် ၁ ဟန္ဒြိတ်လျှင် ၁၅.၅၀ ဒေါ်လာခန့် နှုန်းထားသို့ ရောက်ရှိမည်ဟု တွက်ဆရကြောင်းဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် ငွေကြေးနှင့်အာမခံလုပ်ငန်းတစ်ခုဖြစ်သော Fitch Solutions က ပြောဆိုပါသည်။

     ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့ဆန်ဈေးကွက်၌ နောက်ဆုံးအကြိမ် ရောင်းလိုအား လျော့နည်းကွာဟချက် အကြီးမားဆုံး ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က ဈေးကွက်လိုအပ်ချက် တန်ချိန် ၁၈.၆ သန်း ရှိခဲ့ကြောင်း၊ ယခုအကြိမ်၌ တရုတ်နှင့် ပါကစ္စတန်တို့ကဲ့သို့သော ဆန်စပါး အဓိကစိုက်ပျိုးသည့် နိုင်ငံများတွင် ရာသီဥတုဆိုးရွားမှုကြောင့် ထုတ်လုပ်မှုလျော့နည်းခြင်း၊ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂတို့တွင် နှစ်စဉ် ဆန်အထွက်နှုန်းမှာ ကျဆင်းလျက်ရှိခြင်းတို့က ရောင်းလိုအား အပိုင်း၌ လျော့နည်းမှုဖြစ်စေကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ ဆန်ကွဲတင်ပို့မှု ပိတ် ပင် တားမြစ်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ ကန့်သတ်ချက်သည်လည်း ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်အပေါ် သက်ရောက်မှုရှိကြောင်း CNBC သတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘာ့ဆန်ဈေးကွက်၌ ရောင်းလိုအား လျော့နည်းကွာဟချက် ဖြစ်ပေါ်မှုက ကမ္ဘာ့ဆန် ထုတ် လုပ်မှု၏ ၉၀% ခန့်ကို စားသုံးလျက်ရှိသော လူဦးရေ ၃.၅ ဘီလီယံခန့်ရှိသည့် အာရှ-ပစိဖိတ်ဒေသအတွက် ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်အဓိကတင်သွင်းသည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အာဖရိကနိုင်ငံများသည် သွင်းကုန်စရိတ်များ ကြီးမြင့်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Source: CNBC News, 19 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ