ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကာဇက်စတန်သည် ပြည်တွင်းဈေးကို ထိန်းချုပ်ရန် အာလူးတင်ပို့မှုကို ကန့်သတ်ထား

          ပြည်တွင်းအာလူးဈေးနှုန်း တည်ငြိမ်စေရန်အတွက်ဥရောပမဟုတ်သော စီးပွားရေးသမဂ္ဂ (EAEU) နိုင်ငံများသို့ အာလူးတင်ပို့မှုအား ခြောက်လကြာ ပိတ်ပင်ရန်ကာဇတ်စတန်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၁၉.၁.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ အိမ်နီးချင်းနိုင်ငံများမှ ဝယ်လိုအားတိုးမြင့်လာခြင်းနှင့် ယခုနှစ်တွင် ပို့ကုန်ဈေးနှုန်းများ မြင့်မား လာခြင်းကြောင့် အာလူးတင်ပို့မှု ၁ ဒသမ ၅ ဆ မြင့်တက်လာခဲ့ပြီး ပြည်တွင်းဈေးကွက်ကို ထိခိုက်ခဲ့ ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် အကျုံးဝင်မည်မဟုတ်သည့် တားမြစ်ချက်သည် စျေးကွက်တည်ငြိမ်မှုရှိစေရန် မှန်းဆဈေးတက်ခြင်းကို တားဆီးရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိအာလူး အရန်သိုလှောင်မှု သည် ပြည်တွင်းဝယ်လိုအား ပြည့်မီရန် ၂၀၂၅ ခုနှစ်အစောပိုင်းအထိ လုံလောက်သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၉ ရက်နေ့အထိ လက်လီဆိုင်ခွဲများတွင် သိုလှောင်ထားသည့် စတော့များ မပါဝင်ဘဲ စုစုပေါင်း အရန်သိုလှောင်မှု တန်ချိန် ၈၅၀,၀၀၀ ကျော်ရှိပြီး ၂၀၂၄ခုနှစ်အာလူး ရိတ်သိမ်းမှုသည် တန်ချိန် ၂.၉ သန်းဖြစ်ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

ကုန်သွယ်မှုအားကောင်းရန်ထိုင်းနိုင်ငံနှင့်ဆော်ဒီအာရေဗီးယားနိုင်ငံတို့ကတိပြု

           ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗီးယားနိုင်ငံတို့သည် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန်ကတိပြုခဲ့ကြပြီး အစိမ်းရောင်စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ရရှိရန် ရည်ရွယ်ထားကြောင်း သိရ ပါသည်။ နိုင်ငံခြားရေးရာဝန်ကြီးဖြစ်သူ Maris Sangiampongsa ထိုအကြောင်းကို ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud နှင့်ပူးတွဲဥက္ကဌ အနေဖြင့် ကျင်းပသည့် ဆော်ဒီ-ထိုင်းညှိနှိုင်းဆွေးနွေးရေးကောင်စီ(STCC) အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ STCC ကို နိုင်ငံရေးနှင့်ကောင်စစ်ဝန်ရေးရာ၊ လုံခြုံရေးနှင့် စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုအစည်းအဝေးသည် ကော်မတီငါးခုအောက်ရှိ အနည်းဆုံး ကဏ္ဍ ၇၀ ရှိ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၇၀ ကျော်ကို လွှမ်းခြုံထားကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ရန် မျှော်လင့်ရပြီး အစိမ်းရောင် စီးပွားရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးတို့ပါဝင်သည့် လုပ်ငန်းများမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ရရှိရန် ခန့်မှန်းထား ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဗဟို အစ္စလာမ်မစ်ကော်မတီကလည်း နှစ်စဉ်တန်ဖိုး ဘတ်သန်း ၄၀ ကျော်တန်ဖိုးရှိသည့် ကြက်သားများ ဆော်ဒီသို့တင်ပို့ရန်အတွက် ဟာလာအသိအမှတ်ပြု ထုတ်ပြန်ချက်ကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေး အရှိန်မြှင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်များတည်ထောင်မှု ပူးပေါင်းမြှင့်တင်ရန် အစီအစဉ် များမှာ လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း သိရပါသည်။ Mr Maris က ထိုအစည်းအဝေးသည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို အားသစ်လောင်းပေးနိုင်ခဲ့ရုံသာမက အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအတွက် လမ်းခင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

ဥရောပနိုင်ငံလေးနိုင်ငံနှင့်ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုမည့်ထိုင်းနိုင်ငံ

           ထိုင်းနိုင်ငံနှင့် ဥ‌ရောပလေးနိုင်ငံ လွတ်လပ်‌သောကုန်သွယ်ရေးအသင်း(EFTA) ကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်အတွင်း လက်မှတ်ရေးထိုးမည်ဟု စီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က ဇန်နဝါရီလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ Mr Pichai က၎င်းနှင့် ၎င်း၏ အကြီးတန်းဝန်ကြီးဌာနတာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၀ မှ ၂၄ ထိကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို တက်ရောက်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်မည် ဟု ပြောကြားခဲ့ပါသည်။ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်စတိန်းတို့ပါဝင်သည့် EFTA နှင့် သဘောတူညီချက်ကို ထိုင်းနိုင်ငံအထက်လွှတ်တော်က ဇန်နဝါရီလ ၁၃ ရက်နေ့က ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ Mr Pichai က အာဏာပိုင်များသည် ဆွေးနွေးညှိနှိုင်းမှုများကို လွန်ခဲ့သည့် သုံးလကျော်တွင် အမြန်ပြီးမြောက်စေရန် အကောင်အထည် ဖော်ခဲ့ကြောင်းနှင့် ထိုသဘောတူညီချက်သည် အစိုးရ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရာ တွင် သိသာထင်ရှားသော အောင်မြင်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံနှင့် EFTA ကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေး၏ ၂.၀၅ ရာခိုင်နှုန်း ပမာဏရှိခဲ့ကြောင်း သိရပါသည်။ EFTA နိုင်ငံများ သို့ ထိုင်းနိုင်ငံ၏ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၁၂ ဘီလီယံတန်ဖိုးရှိပြီး အမေရိကန် ဒေါ်လာ ၇.၃၅ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းကြောင်း သိရပါသည်။ အဓိကထိုင်းပို့ကုန်များ တွင် လက်ဝတ်ရတနာ၊ နာရီများ၊ စတီးလ်ထုတ်ကုန်များ၊ စည်သွပ်ပင်လယ်စာများနှင့် ခရီးသွား ကုန်ပစ္စည်းများပါဝင်ပြီး ‌ကျောက်မြတ်ရတနာများ၊ နာရီများ၊ အသားထုတ်ကုန်များ၊ ဆေးဝါးများ နှင့် ဓာတ်မြေဩဇာများမှာ အဓိကသွင်းကုန်များတွင် ပါဝင်ကြောင်း သိရပါသည်။ ဆက်စပ်သည့် ဖွံ့ဖြိုးတိုးတက်မှုများတွင် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ Suchart Chomklin က အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်း ဆွေးနွေးရေးကော်မတီက ဆွေးနွေးမှုများကို ယခုနှစ်တွင် အပြီးသတ်ရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ကော်မတီနှင့် ဆပ်ကော်မတီတို့သည် ဇန်နဝါရီလ ၂၂ ရက်‌နေ့မှ ၂၄ ရက်နေ့ အထိ ဘန်ကောက်မြို့တွင်တွေ့ဆုံ၍ အဓိကကိစ္စရပ်များကို ဖြေရှင်းရန်ရှိကြောင်း သိရပါသည်။ Mr Suchart က ထိုင်းနိုင်ငံသည် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA)ကို အပြည့်အဝပံ့ပိုးကြောင်း၊ အောင်မြင်စွာစာချုပ်ချုပ်နိုင်ပါက အာဆီယံ၏ မြောက်အမေရိက နှင့် ပထမဆုံး FTA ဖြစ်လာမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံသူယုံကြည်မှု အရှိန်မြှင့်တင်ပေးနိုင်ရုံ သာမက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။   ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံအကြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂.၉၅ ဘီလီယံ ရှိကြောင်း သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)        

ထိုင်းနိုင်ငံတွင်စက်ရုံသစ် ၂ ခုဆောက်လုပ်လျှက်ရှိသည့် Midea

           တရုတ်နိုင်ငံ Air-con နှင့်လျှပ်စစ်ပစ္စည်းထုတ်လုပ်သူဖြစ်သည့် Midea သည် ထိုင်းနိုင်ငံ တွင် ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးချဲ့လျှက်ရှိကြောင်း သိရပါသည်။ Midea ၏လက်အောက်ခံ လုပ်ငန်းခွဲဖြစ်သည့် MD Consumer Appliance (Thailand) Co Ltd ၏ ဒုတိယအထွေထွေ မန်နေဂျာဖြစ်သူ Thanawat Wongchanwuth က ထိုင်းနိုင်ငံသည် Midea ၏အဓိက ကုန်ထုတ်လုပ်ရာ အခြေစိုက်ဖြစ်ပြီး ကုမ္ပဏီသည် Rayong မြို့တွင် စက်ရုံသစ် ၂ ခု တည်ဆောက် လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၂.၂၆ ဘီလီယံရှိသည့် စက်ရုံ သစ်သည် ၂၀၂၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ် ဒုတိယသုံးလပတ်ကာလတွင် စီးပွားရေးလုပ်ငန်းလည်ပတ်မှု စတင်ရန်မျှော်လင့်ရကြောင်း သိရပါသည်။ ထိုစက်ရုံသည် Rayong မြို့ရှိ CPGC စက်မှုဇုန်တွင် တည်ရှိကြောင်း သိရပါသည်။ ထိုစက်ရုံမှ Variable refrigerant flow (VRF) စနစ်များနှင့် Chillers များထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် ၆၀၀၀၀၀ ထုတ်လုပ်နိုင် ပြီး ၉၀ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ရန် စီစဉ်ထားကြောင်း သိရပါသည်။ ကုမ္ပဏီသည် ထိုင်းနိုင်ငံ တွင် စက်ရုံငါးရုံဖြင့် လည်ပတ်လျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင် Midea သည် Microwaves၊ Freezers နှင့် Refrigerators တို့ထုတ်လုပ်မည့် အခြားစက်ရုံကို Rayong တွင် ဆောက်လုပ်လျှက် ရှိကြောင်း သိရပါသည်။ ထိုစက်ရုံသည် ၂၀၂၆ ခုနှစ်တွင် တည်ဆောက်မှုပြီးမြောက်မည်ဟု ခန့်မှန်းရပြီး ရင်းနှီးမြှုပ်နှံမှုအသေးစိတ်ကို မဖော်ပြထားကြောင်း သိရပါသည်။ ဖြန့်ဖြူးရေး လမ်းကြောင်းသစ် များကြောင့် Midea သည်ယခုနှစ်တွင် ဘတ် ၃.၈ ဘီလီယံတန်ဖိုး ရောင်းချ နိုင်ရန် ရည်ရွယ် ထားကြောင်း Mr Thanawat ကပြောကြားခဲ့ပါသည်။ Midea ထုတ်ကုန်များသည် Global House နှင့် Dohome အစရှိသည့် အဓိကအိမ်ဆောက်ပစ္စည်းကိုယ်စားလှယ်များထံတွင် ရရှိနိုင်ကြောင်း သိရပါသည်။ ကုမ္ပဏီသည် လတ်တလောတွင် Lotus’s၊ Big C နှင့် Makro ပါဝင်သည့် Hypermarket ကြီးများသို့ ဈေးကွက်တိုးချဲ့ခဲ့ကြောင်း သိရပါသည်။ MD Consumer Appliance သည်လည်း ၎င်းတို့၏ကိုယ်စားလှယ်များကို ၂၀၂၃ ခုနှစ်တွင် ၂၇၀ မှ ၂၀၂၄ ခုနှစ်တွင် ၅၅၀ ကျော်ထိ တိုးချဲ့နိုင်ခဲ့ကြောင်း သိရပါသည်။ Midea သည် အစိုးရ၏ Easy E-receipt လှုံဆော်မှုအစီအစဉ်ကို အကောင်းမြင်လျှက်ရှိပြီး ယခုနှစ်ပထမ သုံးလပတ်ကာလတွင် ၎င်းတို့၏ ရောင်းချမှုမြင့်တက်ရန် မျှော်လင့်လျှက်ရှိကြောင်း သိရပါသည်။ အမှတ်တံဆိပ်မြှင့်တင်ခြင်းသည်လည်း ကုမ္ပဏီ၏ ယခုနှစ်အတွက် အဓိကဈေးကွက်မဟာဗျူဟာတစ်ခုဖြစ်ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ယခုနှစ်တွင် Online နှင့် Offline နှစ်ခုစလုံးအတွက် Marketing ဘက်ဂျက်ကို နှစ်ဆမြှင့်တင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံနှင့် မော်တော်ကားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့် ဂျပန်နိုင်ငံ

            ဂျပန်နိုင်ငံသည် နှစ်နိုင်ငံ၏မော်တော်ကားလုပ်ငန်း ဖွံဖြိုးတိုးတက်ရန် ထိုင်းနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဟု ဂျပန်ကုန်သွယ်ရေး တာဝန်ရှိသူတစ်ဦးမှ  ဇန်နဝါရီလ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးမူဝါဒဦးစီးဌာန(METI)၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Tanaka Kazushige က ထိုင်းနိုင်ငံသည် ဂျပန်နိုင်ငံအတွက် ကာလကြာရှည် မော်တော်ယာဉ် အစိတ်အပိုင်းများ ပံ့ပိုးပေးခဲ့သူဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းသောမိတ်ဖက်များဖြစ်ကြောင်းနှင့် ၎င်းတို့သည် ကာဗွန် ထုတ်လွှင့်မှုလျှော့ချခြင်းနှင့် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်တင်ပို့ရာအချက်အချာ နေရာ အား ဆက်လက်ထိန်းသိမ်းရေးနှင့် အားကောင်းစေရေး အစရှိသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ထိုအခြေခံအုတ်မြစ်ကို ခြေကုပ်ယူရမည်ဟု ပြောကြားခဲ့ပါသည်။ Mr Tanaka က ထိုအကြောင်း ကို ဂျပန်သံရုံးနှင့် METI တို့ ပူးပေါင်းကျင်းပသည့် Public-Private Automotive Business Forum မစတင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Mr Tanaka က နှစ်ဖက်စလုံးသည် မော်တော်ကားလုပ်ငန်းတွင် ၎င်းတို့၏ ဆက်နွယ်မှု အားကောင်းရေး အတွက် အတူတကွလုပ်ဆောင်သင့်ကြောင်း၊ အချက်အလက် ထောက်ပံ့မှု ကွင်းဆက်သည် မော်တော်ယာဉ်ထုတ်လုပ်သူများအတွက် အရေးပါသည့်အတွက် ထိုင်းနိုင်ငံသည် မော်တော်ကား တင်ပို့ရာအချက်အချာအဖြစ် ဆက်လက်တည်ရှိလိုပါက ထိုစနစ်ကိုလိုအပ်ကြောင်း နှင့် ထိုစနစ်သည် ထိုင်းနိုင်ငံအား ဈေးကွက်‌ရွေးချယ်မှုပိုမိုရရှိစေမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံ တကာဈေးကွက်နှစ်ခုစလုံးအတွက် မော်တော်ယာဉ်ပေးသွင်းသူများ ပိုမိုထုတ်လုပ်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ အချက်အလက်သည်တင်ပို့ရန်အတွက် အလွန်အရေးပါသည့်အတွက် ဂျပန်အစိုးရသည် ထိုင်းနိုင်ငံ၏တင်ပို့မှုမြှင်တင်နိုင်ရန်အတွက် အချက်အလက်စုဆောင်းသည့် အတွေ့အကြုံကိုဝေမျှပေးမည်ဟု သိရပါသည်။ နှစ်နိုင်ငံစလုံးသည် မော်တော်ကားနည်းပညာ အတွက် လေ့ကျင်ခြင်းနှင့် အတွေ့အကြုံဝေမျှခြင်းတို့ဖြင့် ချိတ်ဆက်မှုအားကောင်းလျှက် ရှိကြောင်း သိရပါသည်။ ဂျပန်သည် လျှပ်စစ်မော်တော်ယာဉ်များ၊ Plug-in hybrid vehicles နှင့် Hybrid electric vehicles နှင့်ပတ်သတ်၍ ဗဟုသုတသစ်များ ဖလှယ်သွားမည်ဟု သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

အမေရိကားတွင် ပိတ်ပင်ခံခဲ့ရသော TikTok

           အမေရိကားတွင် TikTok Ban ခံရမှုနှင့်ပတ်သက်၍ Apple ကုမ္ပဏီမှ ယခုကဲ့သို့  app တစ်ခုအား ၄၈ နာရီပိတ်ပင်မှုမျိုးယခင်က မဖြစ်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်ဟု နည်းပညာ သတင်းထောက် ဖြစ်သူ Mark Gurman က X (Twitter) တွင်ရေးသားခဲ့သည်။ ထို့ပြင် ၂၀.၁.၂၀၂၅ ရက်နေ့တွင် အမေရိကန်သမ္မတဖြစ်လာမည့်  ထရမ့်၏ သဘောထားပေါ် မူတည်၍ TikTok ပိတ်ပင်ခံရမှု အကျိုးသက်ရောက်ခြင်းရှိနိုင်ကြောင်း ၎င်းကရေးသား ခဲ့သည်။

            NBC News ၏ အင်တာဗျူးတွင် ထရမ့်က Tik Tok ကို ရက်ပေါင်း ၉၀ ပြစ်ဒဏ် ရွှေ့ဆိုင်းရန် အလားအလာရှိကြောင်းနှင့် အရေးကြီးကိစ္စဖြစ်သောကြောင့် သေချာကိုင်တွယ် ဖြေရှင်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Apple ၏ ထုတ်ပြန်ချက်အရ TikTok ကဲ့သို့ ပိတ်ပင်ခံထားရသည့် app များဖြစ်သည့် Marvel Snap, Lemon8 နှင့် CapCut သည် လည်း ထရမ့်၏ သဘောထားအရ အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်းသိရှိရသည်။  Tik Tok အနေဖြင့်မူ ၎င်း၏ app တွင် အမေရိကား၏ အုပ်ချုပ်မှု ပြောင်းလဲ ခြင်းသည် အရေးကြီးကြောင်း၊ ထရမ့်အနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းအဖြေရှာပြီး လက်တွဲ လုပ်ဆောင်ရန် ရည်ညွှန်းပြောဆိုခဲ့သည့်အပေါ် အထူးအလေးထားကြောင်း ရေးသားခဲ့သည်။

          ၂၀.၁.၂၀၂၅ ရက်နေ့တွင် အမေရိကန်သမ္မတဖြစ်လာခဲ့သော ထရမ့် အနေဖြင့် ၎င်း သမ္မတဖြစ်သည့်နေ့မှာပင် Tik Tok အား ဥပဒေပြဌာန်း၍ တားမြစ်မှုကို ၇၅ ရက် ရွှေ့ဆိုင်း ထားကြောင်းသည့် အထူးညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့သည်။  ထရမ့်၏ Tik Tokနှင့် ပတ်သက်သည့် အထူးညွှန်ကြားချက် အရ ထိုသို့ ၇၅ ရက်ရွှေ့ဆိုင်းရခြင်းမှာ လူကြိုက်များ သည့်  platform တွင် စီးပွားရေးလုပ်ကိုင်လျက်ရှိသော အမေရိကန်နိုင်ငံသား ၁၇၀ မီလီယံ ကို ကာကွယ်ပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အမေရိကန်နှင့် Tik Tok ကုမ္ပဏီ ByteDance တို့အကြား 50-50 joint-venture လက်တွဲပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာဖွေလျက် ရှိကြောင်း သိရှိရ သည်။  

DOCA(မန္တလေး)

 

တန်ဖိုးနည်း EV ကားလောကကို Model Q ဖြင့် ထိုးဖောက်လာသော Tesla

EV  ကားလောက ကို  ဦးဆောင်နေသော Tesla မှ ဒေါ်လာ ၃၀၀၀၀ တန် Model Q ကားကို ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဖြန့်ချီရန် စီစဉ်ထားကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ အရည်အသွေးကောင်းတန်ဖိုးမြင့်ကားများကိုသာ ထုတ်လုပ်ခဲ့သော Tesla အနေဖြင့် ယခုအကြိမ် ဆန်းသစ်ပြောင်းလဲထားသော တန်ဖိုးနည်း Model Q ကိုထုတ်လုပ်ခြင်းသည် လျှစ်စစ်ကားလောကကို သိမ်းပိုက်ရန် မဟာဗျူဟာအနေဖြင့် ထုတ်လုပ်လာခြင်းလည်း ဖြစ် သည်။

          အစိုးရထောက်ပံ့မှုများနှင့်ဆိုလျှင် Tesla ၏ Model Q သည် ၎င်း၏ ပြိုင်ဘက်များ ဖြစ်သော Chevy Equinox EV နှင့် BYD Dolphin တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး  BYD ၏ recommended price ဖြစ်သော ဒေါ်လာ ၃၀၀၀၀ အောက်ဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။ ထို့ပြင် Model Q သည် Model 3 ထက် အလျား ၁၅ ရာခိုင်နှုန်း ပိုမိုတိုတောင်းပြီး ၃၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးမည်ဖြစ်ရာ အသုံးဝင်မှုနှင့် အမြတ်ရနိုင်စွမ်းလည်း ပိုမိုမြင့်မား လာမည်ဖြစ်သည်။

          ဈေးကွက်ဝေစုရရန် Model 3 ကို ဈေးနည်းသက်သာစွာဖြင့် ထုတ်လုပ်ခဲ့သော Tesla သည် သေးငယ်၍အရည်အသွေးထူးခြားကောင်းမွန်သော Model Q ဖြင့် ဈေးကွက်ဝေစု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိရန် မျှော်မှန်းထားကြောင်းသိရှိရသည်။ Tesla ၏ မဟာဗျူဟာကျကျထုတ်လုပ်ထားသော Model Q သည် ကုမ္ပဏီ၏ ကမ္ဘာတစ်ဝှမ်းဈေးကွက် ကို အရေအတွက်များစွာ ဖြန့်ချီကာ တန်ဖိုးနည်း လျှပ်စစ်ကားလောကကို သိမ်းပိုက် တော့မည် ဖြစ်သည်။

DOCA(မန္တလေး)

RGPPSEZ တွင် တည်ရှိသော လုပ်ငန်းများ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာမြင့်တက်လာခဲ့

              Royal Group Phnom Penh Special Economic Zone (RGPPSEZ)  တွင် တည်ရှိသော လုပ်ငန်းများ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာမြင့်တက်လာခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁,၈၈၀ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၆၂၁ သန်းမှ ၁၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ RGPPSEZ ကို ၂၀၀၆  ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မတူကွဲပြားသော လုပ်ငန်းများတွင်ထုတ်လုပ်သူများအတွက် အဓိကအချက်အချာဖြစ်ပြီး ကမ္ဘောဒီးယားပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးမည်ဖြစ်မည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။ RGPPSEZ သည် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၃ ခုသည် အခြေစိုက်ခဲ့ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ အထူးသဖြင့် လျှပ်စစ်ပစ္စည်းများ၊ မော်တော်ကား တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများထုတ်လုပ်ခြင်းတို့တွင် အဓိကထားလုပ်ဆောင်သည့် ကုမ္ပဏီများဖြစ်ကြောင်းသိရသည်။ RGPPSEZ အဆိုအရ  အဆိုပါစက်မှု လုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံသား ၄၇,၈၀၀ နှင့် နိုင်ငံခြားပညာရှင် ၇၀၀ အတွင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားအစိုးရသည် စပါးစျေးနှုန်းတည်ငြိမ်စေရန်အထူးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ အားပေးအပ်ခဲ့

          ကမ္ဘောဒီးယားအစိုးရသည်လယ်သမားများထံမှ စပါးဝယ်ယူရန် အထူးရန်ပုံငွေ အမေရိကန်‌ ဒေါ်လာသန်း ၃၀ ပေးအပ်ခဲ့ပြီးစပါးစျေးနှုန်းများမြင့်တက်နေချိန်တွင် စျေးကွက် တည်ငြိမ်စေရန် ကူညီ‌ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇန်နဝါရီ ၁၅ ရက်နေ့ညက ကမ္ဘောဒီးယားရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရပိုင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ်၏ အမှုဆောင်အရာရှိချုပ် Kao Thach က စိုက်ပျိုးရေးကဏ္ဍအထူးသဖြင့် တောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို အစိုးရက အမြဲတမ်းအလေးထားဆောင်ရွက်လျှက် ရှိကြောင်းပြောကြားခဲ့သည်။ စပါးစျေးကွက် တည်ငြိမ်စေရေးအတွက် လယ်သမားများထံမှ စပါးဝယ်ယူရန် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တစ်ဆင့်နောက်ထပ်အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးအပ်ရန်အတွက် ဇန်နဝါရီ ၁၆ ရက်နေ့က ဆုံးဖြတ်ချက်ချလိုက် ကြောင်း ၎င်း၏အဆိုအရ သိရသည်။ ယခင်နှစ်များက တစ်ကီလိုဂရမ် လျှင် ၁၃၅၀ riel (၀.၃၃‌ဒေါ် လာ) ခန့်မှ ယခုနှစ်ဇန်နဝါရီလမှစ၍ OM ဆန်စပါးမျိုးများ စျေးနှုန်းမှာ သိသိသာသာကျဆင်းသွားပြီးနောက် ယခုလှုပ်ရှားမှုထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။ စပါး စျေးနှုန်းများတည်ငြိမ်နေစေရန် အစိုးရက ၂၀၁၆ ခုနှစ်မှ စတင်ကာ အထူးရန်ပုံငွေဒေါ်လာ သန်း ၂၀၀ ကျော်ပေးထားကြောင်း Kao Thanch ၏ ပြောကြားချက်အရ သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

ဖိလစ်ပိုင် နှင့် UAE ၏ Masadar တို့သည်ဒေါ်လာ ၁၅ ဘီလီယံ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြ

           အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Masdar သည် နေရောင်ခြည်၊ လေအားနှင့် ဘတ်ထရီသိုလှောင်မှုစနစ်များတီထွင်ရန်အတွက် ဖိလစ်ပိုင်နှင့် ဒေါ်လာ ၁၅ ဘီလီယံ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် 1 gigawatt သန့်ရှင်းသောစွမ်းအင် အား ရရှိမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ရုပ်ကြွင်း လောင်စာများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် ၎င်း၏ ဓာတ်အားပေးပေါင်းစပ်မှုတွင် သန့်ရှင်းသော စွမ်းအင်မျှဝေမှု တိုးမြင့်လာစေရန် ဖိလစ်ပိုင်၏ ရည်မှန်းချက်နှင့်အညီဖြစ်သည့် Masdar နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ဖိလစ်ပိုင်၏ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်ခရီးအတွက် အသွင်ကူးပြောင်းရေးခြေလှမ်းတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီး Raphael Lotilla က Masadar နှင့် ပူးတွဲထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၃၅ ခုနှစ်တွင် 10 GW အထိချဲ့ထွင်ရန်စီစဥ်ထားကြောင်းစွမ်းအင်ဌာနမှ ပြောကြားခဲ့သည်။ ၎င်း၏‌လောင်စာလိုအပ်ချက်အများစုကို တင်သွင်းသည့်ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ ဓာတ်အား ပေးဝေရေးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝေစုကို ၂၀၃၀ ခုနှစ်တွင် ၃၅% နှင့် ၂၀၄၀ ခုနှစ် တွင် ၅၀% မြှင့်တင်ရန်ရည်မှန်းထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုပိုမို ခိုင်မာ စေရန်အတွက် ၎င်း၏ အစိမ်းရောင်စွမ်းအင် လေလံအစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လာမည့် လတွင်သိုလှောင်ရေအားလျှပ်စစ် ၃၀၀ မဂ္ဂါဝပ်၊ စုပ်လှောင်ရေအားလျှပ်စစ် ၄၂၅၀ မဂ္ဂါဝပ်နှင့် ဘူမိအပူစွမ်းအင် ၁၀၀ မဂ္ဂါဝပ်တို့ကို လာမည့်လတွင် လေလံတင်‌ရောင်းချမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်းသိရသည်။

Source : Reuters

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ